Home သတင်း ငါးရစ်ငါးသန်းရာသီကာလတွင် ငါးဖမ်းခြင်းမပြုလုပ်ရန် KNU ထုတ်ပြန်

ငါးရစ်ငါးသန်းရာသီကာလတွင် ငါးဖမ်းခြင်းမပြုလုပ်ရန် KNU ထုတ်ပြန်

1170

မေလ ၁၅ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ

မိုးဦးကျ မေလနှင့် ဇွန်လတွင် ငါးရစ်တက် ငါးသားပေါက် ရာသီအချိန်ဖြစ်၍ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအ ရုံး၏ ထိန်းချုပ်နယ်မြေ အတွင်းရှိ မြစ်၊ချောင်း အင်းအိုင်များတွင် ငါးမျိုးတုန်းမှုကို ကာကွယ်သည့်အနေဖြင့် ငါးဖမ်းခြင်း မပြုလုပ်ရန် ခရိုင်များရှိ မွေးမြူရေးနှင့် ရေလုပ်ငန်းဌာနမှ မေလ ၉ရက် နေ့စွဲနှင့် ပြည်သူများထံ အမိန့်ညွှန်ကြားစာ အသီးသီး ထုတ်ပြန်ခဲ့သည်။

ကေအဲန်ယူ ညောင်လေးပင်ခရိုင်ထဲရှိ မြစ်ချောင်း၊ အင်းအိုင်များထဲတွင် ယခု မေလ ၁၅ရက်နေ့မှစတင်၍ ဇွန်လ ၃၀ရက် နေ့အထိလည်းကောင်း၊ ဖားအံခရိုင်တွင် မေလ ၁၅ရက်မှ ဇူလိုင်လ ၁၅ရက်နေ့အထိလည်းကောင်း ငါးဖမ်းခွင့် တားမြစ် ပိတ်ပင်ထားသည့်ကာလဖြစ်သည်ဟုလည်း ထုတ်ပြန်ထားခဲ့ကြသည်။

ညောင်လေးပင်ခရိုင် မွေးမြူရေးနှင့်ရေလုပ်ငန်းဌာနမှ စောဟဲဂေက “သူ့ရာသီရောက်ရင် ဒီမှာပိတ်တာက လိုက်နာမှု တော့ ရှိတယ်။ ဒါပေမယ့် စီးပွားဖြစ်လုပ်စားတဲ့လူတွေတော့ မရှိဘူးပေါ့နော်။ လူဦးရေတစ်ဝက်ခန့်တော့ ကျနော်ထင် တာ လိုက်နာကြတယ်။ အဓိက ကေအဲန်ယူ လက်လှမ်းမှီနိုင်တဲ့နေရာတွေမှာတော့ အဆင်ပြေတယ်လေ။ တချို့လက် လှမ်းမမှီတဲ့နေရာတွေမှာတော့ ခိုးရှာစားတာတော့ ရှိတာပေါ့။ ရွာတိုင်းလိုလိုမှာ ကော်မတီဖွဲ့ထားတာရှိတယ်။ ကော်မ တီတွေကနေပြီးတော့ ဝိုင်းဝန်းပြီး ထိန်းသိမ်းကူတာပေါ့။”ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် ဒေသခံလူထုအချို့သည် တရားမဝင် စီးပွားဖြစ်ငါးဖမ်းမှုများလည်းရှိသည့်အတွက် ငါးမျိုးတုန်းမှုများ ရှိလာ သောကြောင့် ငါးများ ဖမ်းဆီးရာတွင် ပေါက်ကွဲစေတတ်သည့်ပစ္စည်းများ၊ အဆိပ်အတောက်ဖြစ်သည့် ဓာတုပစ္စည်းများ၊ တရားမဝင် ငါးဖမ်းကိရိယာများ အသုံးပြုပြီး ငါးဖမ်းခြင်းမပြုလုပ်ရန်ကိုလည်း ကေအဲန်ယူ အမိန့်စာထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ မြစ်ချောင်း၊ အင်းအိုင်၊ နယ်နမိတ်အတွင်းရှိ ငါးများ ကျက်စားရာနေရာများထဲတွင် အခြားနည်းလမ်းများ အသုံး ပြုပြောင်းလဲရန်အတွက် ဖျက်ဆီးပြုလုပ်ခြင်းနှင့် ထွန်ယက်စိုက်ပျိုးခြင်းများကို မပြုလုပ်ရန် KNU က တားမြစ်ထားခဲ့ သည်။

ကေအဲန်ယူ မွေးမြူရေးနှင့် ငါးဖမ်းလုပ်ငန်းဌာန၏ စီမံအုပ်ချုပ်ခွင့်ရှိသည့် ဧရိယာများထဲတွင် ဌာန၏ တရားဝင် ခွင့်ပြု ချက်မရရှိပါက မည်သူမဆို ဝင်ရောက်လုပ်ကိုင်ခွင့် မရှိကြောင်းလည်း အသိပေး ထုတ်ပြန်ထားသည့်အပြင် တားမြစ် ပြဌာန်းချက်များကို လိုက်နာခြင်းမရှိဘဲ ဖျောက်ဖျက်ကျူးလွန်ပါက ကေအဲန်ယူ၏ မွေးမြူရေးနှင့် ငါးဖမ်းလုပ်ငန်းဥပ ဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ထားသည်။

ညောင်လေးပင်ခရိုင်အတွင်းရှိ အချို့ကျေးရွာများတွင် မိရိုးဖလာ ဘိုးဘွားပိုင် အင်းအိုင်များရှိကာ အများစုမှာ ဒေသခံ လူထုကိုယ်တိုင် ခံစားခွင့်မရရှိတော့ဘဲ အစိုးရနယ်မြေခံ အာဏာပိုင်ဘက်မှ စီးပွားရေးသမားများထံ တင်ဒါခေါ် ရောင်း ချလုပ်ကိုင်ခွင့်ပေးသည့်အတွက် လူထုများ နစ်နာမှုရှိလာခဲ့ကြောင်းလည်း ဒေသခံများထံမှ သိရသည်။

ကေအဲန်ယူအနေဖြင့် ထိုဒေသအတွင်းရှိ ပြည်သူများအနေဖြင့် အင်းအိုင်၊ မြစ်ချောင်းများတွင် ငါးလုပ်ငန်း လုပ်ကိုင်လိုပါ က မိမိကျေးရွာဒေသအတွင်းရှိ ရေလုပ်ငန်းကော်မတီ၊ ကေအဲန်ယူ လက်ခံထားသည့် ကျေးရွာအခြေပြုအဖွဲ့များနှင့် သက်ဆိုင်ရာ ပြည်သူ့အုပ်ချုပ်ရေး ထောက်ခံချက်နှင့်အတူ မေလမတိုင်မှီ မြို့နယ်အဆင့် မွေးမြူရေးနှင့် ရေလုပ်ငန်း ဌာနထံ လုပ်ငန်းလိုင်စင်လျှောက်တင်နိုင်ကြောင်းလည်း မတ်လ ၂၈ရက်နေ့က ကေအဲန်ယူ ညောင်လေးပင်ခရိုင်၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဌာနက ထုတ်ပြန်ထားခဲ့သည်။

ယင်းသို့ ငါးမဖမ်းရန် အမိန့်ညွှန်ကြားချက်ကို ကေအဲန်ယူ ခရိုင် အသီးသီးတွင် ယခုမေလအတွင်း ထုတ်ပြန်ခဲ့ပြီး ထိုမှ တဆင့် မြို့နယ်နှင့် ကျေးရွာများသို့ ဆက်လက် ညွှန်ကြားအသိပေးသွားကြောင်းကိုလည်း ကေအဲန်ယူ ဖားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်အတွင်းရေးမှူး ပဒိုစောအယ်ထီးကော်ကလည်း ယခုကဲ့သို့ ရှင်းပြပြောဆိုသည်။

“အရင်တုန်းက ကျနော်တို့လက်လှမ်းမမီချိန်ကဆို ချောင်းအင်းအိုင်များတွင် ငါးများကို စနစ်တကျ ဖမ်းယူစားသောက် တာ မရှိတော့ ငါးတွေမျိုးတုန်းလာတယ်လေ။ ဒါ လူထုတွေက တင်ပြလာတာပေါ့။ အဓိက ကျေးလက်နေ ပြည်သူလူထု ရဲ့ စားဝတ်နေရေးကို အခြေခံပြီးတော့ ဒီအမိန့်စာ ထုတ်တာပါ။ ဒီစာက ကော်သူးလေခရိုင်၊ တပ်မဟာ (၇)ခုစလုံးကို ကိုယ်စားပြုပါတယ်။ ဒီအပေါ်မှာ ပြည်သူလူထုကလည်း လိုလိုလားလားနဲ့ လက်ခံတယ်။ ကျေးရွာလူကြီးတွေက ဒီစာ ကို ပြန်ပွားပြီး လမ်းဆုံလမ်းခွ၊ ချောင်းဘေးမြောင်းဘေးတွေမှာ စာလိုက်ကပ်တာတို့ လုပ်တယ်။”ဟု ကေအိုင်စီသို့ပြော သည်။

ယခုထုတ်ပြန်သည့် အမိန့်စာကို ကျေးနယ်၊ ကျေးရွာများအထိ ဖြန့်ကျက်အသိပေးသွားခြင်းဖြစ်ပြီး မည်သည့်အတွက် ကြောင့် ထုတ်ပြန်ရခြင်းဖြစ်ကြောင်း ရည်ရွယ်ချက်နှင့်အတူ ဒေသအတွင်းရှိ ဒေသခံပြည်သူများ နားလည်သဘော ပေါက်စေရန် ရှင်းလင်းပြောဆိုမှုများ လုပ်ဆောင်ခဲ့သလို ဒေသခံများကလည်း ပါဝင်ပူးပေါင်းလုပ်ဆောင်မှုများရှိသည် ဟုလည်း ၎င်းက ဖြည့်စွက်ပြောဆိုသည်။

ကေအဲန်ယူ ဖားအံခရိုင်၏ ငါးဖမ်းခြင်းတားမြစ်သည့် အမိန့်ညွှန်ကြားစာထဲတွင် သတိပေးတားမြစ်ချက်များကို ဖောက် ဖျက်ကျူးလွန်သူ မည်သူ့ကိုမဆို ကေအဲန်ယူ၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဌာနမှ ချမှတ်ထားပြီးဖြစ်သော စည်းမျဉ်းဥပ ဒေအတိုင်း “ငွေဒဏ် ၅၀၀၀၀ ကျပ် သို့မဟုတ် ထောင်ဒဏ် ၃လ သို့မဟုတ် ပြစ်ဒဏ်နှစ်ရပ်စလုံး” ကျခံရမည်ဖြစ်သည် ဟု ဖော်ပြထားသည်။

ဖားအံမြို့နယ်အတွင်းရှိ သံဃာတစ်ပါးက “ဒါ လုံး၀ ဖြစ်သင့်တယ်လေ။ မဟုတ်ရင် မျိုးတုန်းကုန်မှာပေါ့။ တစ်ဦးတစ် ယောက် ကောင်းစားဖို့အတွက် အမိန့်ပေးတာမှ မဟုတ်တာ။ သဘာ၀ ရေရှည်တည်တံ့ဖို့၊ ကိုယ့်ဝမ်းစာ ရေရှည် အဆင် ပြေဖို့အတွက် ထုတ်တာပဲလေ။ လိုက်နာသင့်တယ်။ မလိုက်နာရင်လည်း ထုတ်ထားတဲ့ ပြစ်ဒဏ်အတိုင်း မျက်နှာမလိုက် ဘဲ ထိထိရောက်ရောက် အရေးယူသင့်ပါတယ်။”ဟု မှတ်ချက်ပြု မြွက်ကြားသည်။

ငါးဥချိန်၊ ငါးသားပေါက်ချိန်ဖြစ်သည့် ငါးဖမ်းခြင်းမပြုလုပ်ရန် ကေအဲန်ယူ၏ အမိန့်ညွှန်ကြားစာကို သက်ဆိုင်ရာ ခရိုင်၊ တပ်မဟာများအတွင်း အခြေစိုက်နေသည့် အခြားကရင်လက်နက်ကိုင်အဖွဲ့အစည်းများကလည်း လိုက်နာလက်ခံ လုပ် ဆောင်မှုများရှိသည်ဟုလည်း သိရသည်။