မေလ ၁၇ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ
ဖားအံမြို့ ၊ အမှတ်(၉)ရပ်ကွက်ကြာအင်းတောင်ထိပ်တွင် ယနေ့ မေလ ၁၇ ရက် နံနက် ၁၁ နာရီတွင် တက်ကြွလှုပ်ရှားလူငယ်များက စစ်အာဏာရှင် ဆန့်ကျင်ရေးစာတန်းချိတ်ဆွဲကာ ဆန္ဒပြလှုပ်ရှားခဲ့ကြသည်ဟု ဒေသခံများထံမှ သိရသည်။
စစ်အာဏာရှင်ကို သွေးမအေးဘဲ ဆန့်ကျင်တော်လှန်နေသည်ကို ပြသလိုသည့်အနေဖြင့် ဖားအံမြို့နေ လူငယ်များစုပေါင်းပြီး ယခုလို စာတန်းချိတ်ဆွဲကာ ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်ဟု ဖားအံမြို့နေ စစ်အာဏာရှင်ဆန့်ကျင်သည့် ဒေသခံလူငယ်တစ်ဦးက ယခုလို ပြောသည်။
“နောက်ဆိုမတရားတာကိုငြိမ်ခံနေရင် ဘယ်သူမှ ဘာမှမလုပ်ရဲတဲ့ခေတ် ရောက်တော့မှာ၊ ဒီမှာကငြိမ်တာများတယ် ။ ကြာကြာတစ်ခါမှဗုံးပေါက်တာတွေဖြစ်တာ သွေးမအေးကြပဲ ဆက်ပြီးတော်လှန်ကြဖို့ ပြောချင်ပါတယ်”ဟု သူက ကေအိုင်စီသို့ ပြောသည်။
အကြမ်းဖက်စစ်ကောင်စီတပ်သည် အပြစ်မဲ့ ပြည်သူအပေါ် မတရားရိုက်နှက်မှုများ သတ်ဖြတ်မှုများနှင့် ကျေးရွာများကို မီးရှို့ဖျက်ဆီးမှုများအား ငြိမ်ခံမနေဘဲ ဆက်လက်တော်လှန်ကြရန်ကိုလည်း စစ်အာဏာရှင်ဆန့်ကျင် တော်လှန်သူ ၎င်းလူငယ်က ဆက်ပြောသည်။
စစ်ကောင်စီအာဏာသိမ်းသည့် ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ နောက်ပိုင်းမှစပြီး ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြသော လက်နက်မဲ့ပြည်သူများကို စစ်ကောင်စီ တပ်များက အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းမှုများ လုပ်ဆောင်ခဲ့သည်။
ထို့ကြောင့် အမြို့မြို့အနယ်နယ်ရှိ လူငယ်အများစုသည် အာဏာသိမ်းစစ်ကောင်စီ တပ်ကိုရွံရှာမုန်းတီးပြီး လွတ်မြောက်နယ်မြေများသို့ သွားရောက်ပြီး စစ်ပညာသင်ယူကာ စစ်ကောင်စီတပ်ကို ပြန်လည် တွန်းလှန်တိုက်ခိုက်လျက်ရှိသည်။



















