Home သတင်း တော၊ တောင်ကြားက စစ်ရှောင်တစ်သောင်းကျော် စားနပ်ရိက္ခာ အရေးပေါ် လိုအပ်နေ

တော၊ တောင်ကြားက စစ်ရှောင်တစ်သောင်းကျော် စားနပ်ရိက္ခာ အရေးပေါ် လိုအပ်နေ

946

မေလ ၅ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး သထုံခရိုင် တပ်မဟာ -၁နယ်မြေ၊ ဘီးလင်းမြို့နယ်တွင် ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင်အရပ်သားပြည်သူ တစ်သောင်းကျော်အတွက် စားနပ်ရိက္ခာ အရေးပေါ် လိုအပ်နေသည်ဟု ခရိုင်စစ်ရှောင်ကူညီကယ်ဆယ်ရေးကော်မတီထံမှ သိရသည်။

ခရိုင်စစ်ရှောင်ကူညီကယ်ဆယ်ရေးကော်မတီတာဝန်ရှိသူတစ်ဦးက “အခု စစ်ရှောင်တွေက သူတို့ ပါလာတဲ့ဟာတွေပဲ စားရတယ်။ တချို့က ရွာပြန်ရဲတဲ့လူတွေက ရွာမှာပြန်ယူတာ။ အဖွဲ့အစည်းကူညီပေးတာတွေက မရရှိသေးဘူး။ တချို့အဖွဲ့ တွေက ကူညီဖို့စီစဉ်နေတုန်းပဲ။ တပ်မဟာ(၅)ဘက်က ရောက်လာတဲ့စစ်ရှောင် ၉၀ ကျော်လည်း ရှိသေးတယ်။ သူတို့က ဘာမှမပါလာတော့ ဒီမှာရှိတဲ့အဖွဲ့တွေက အရေးပေါ်သွားကူညီပေးတာမျိုးတော့ရှိတယ်။”ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါ စစ်ဘေးရှောင်များအတွက် စားနပ်ရိက္ခာများ အရေးပေါ်အကူအညီလိုအပ်သည့်အပြင် စစ်ရှောင်များအကြား ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားခြင်း၊ သက်ကြီးရွယ်အို၊ နာတာရှည်ရောဂါရှိသူနှင့် လေဖြတ်ရောဂါခံစားရသူပါဝင်ခြင်းနှင့် စစ်ရှောင်ရင်းကလေးမီးဖွားသူများရှိနေခြင်းတို့ကြောင့် ဆေးဝါးအကူအညီလည်း အရေးပေါ်လိုအပ်နေသည်ဟု သိရသည်။

လက်ရှိ တောင်ခြေ၊ လှိုဏ်ဂူနှင့် တောထဲရှိ ခြံများထဲတွင် ထွက်ပြေးတိမ်းရှောင်ကြသည့် စစ်ရှောင်နေရာ ၂၁ နေရာမှ စုစုပေါင်း လူဦးရေ (၁၁,၀၅၈) ဦး စာရင်းကောက်ခံရရှိထားပြီး အခြားကျေးရွာများသို့ သွားရောက်ခိုလှုံနေကြသည့် စစ်ရှောင်များစာရင်းကို မကောက်ခံနိုင်သေးကြောင်းလည်း ခရိုင်စစ်ရှောင်ကူညီကယ်ဆယ်ရေးကော်မတီထံမှ သိရသည်။

“ရွာတွေကများတော့ ဟိုတစ်စု၊ ဒီတစ်စုလိုက်နေတော့ သူတို့နေတဲ့နေရာ အကုန်မသိဘူး။ တကယ့်မြေပြင်မှာ အခုရရှိတဲ့စာရင်းထက်တောင် စစ်ရှောင်ဦးရေများမယ်။ ဒီအချိန်မှာရေလည်း မရှိတော့ သောက်ရေ၊ သုံးရေလည်း အခက်အခဲရှိတယ်။ တချို့က သူတို့ရွာမှာ ရေပြန်ချိုးပြီး စစ်ရှောင်တဲ့နေရာမှာပြန်ပြေးလာရတယ်။ တစ်နေရာနဲ့တစ်နေရာဝေးတော့ ရေသယ်ရတာလည်း တော်တော်ခက်ခဲတယ်။”ဟု ဒေသခံစစ်ရှောင်ကူညီသူတစ်ဦးကလည်း ကေအိုင်စီသို့ ပြောသည်။

ကေအဲန်ယူ သထုံခရိုင် ဘီးလင်းမြို့နယ် ဝင်းတာပန်နှင့် လေးကေစခန်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ပြီးခဲ့သည့် ဧပြီလ ၂၃ရက်နေ့ နောက်ဆုံးထားထွက်ခွာပေးရန် KNDOက စာထုတ်ပြန်ခဲ့ပြီးနောက် စစ်ကောင်စီတပ်များ ထွက်ခွာခြင်းမရှိသေးသည့်အတွက် နယ်မြေအတွင်းပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားလာခဲ့ရာ စစ်ကောင်စီတပ်ဘက်က ကျေးရွာထဲသို့ လက်နက်ကြီးပစ်ခတ်မှုများ လုပ်ဆောင်သောကြောင့် ဒေသခံအရပ်သား တစ်သောင်းကျော် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။

၎င်းအပြင် ပြီးခဲ့သည့် မေလ (၁)ရက်နေ့တွင် စစ်ကောင်စီတပ်က လေယာဉ်ဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်မှု လုပ်ဆောင်သည့်အတွက် လေးကေ ကျေးရွာဘုန်းကြီးကျောင်းအပါအဝင် နေအိမ် ၁၀ လုံးမီးလောင်ပျက်စီးသွားသည့်အပြင် နေအိမ်အမြောက်အများလည်း လက်နက်ကြီးကျည်ထိမှန်ပျက်စီးခဲ့ကြရသည်။