Home သတင်း ငွေလွှဲ၊ ငွေလဲလုပ်ဆောင်နေသူများကို စစ်ဆေးဖမ်းဆီးနေ၍ လုပ်ငန်းရှင်များအခက်တွေ့

ငွေလွှဲ၊ ငွေလဲလုပ်ဆောင်နေသူများကို စစ်ဆေးဖမ်းဆီးနေ၍ လုပ်ငန်းရှင်များအခက်တွေ့

1024

မေလ ၅ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်အတွင်း ငွေလွှဲ ၊ ငွေလဲလုပ်ငန်းများ၊ ဒေသတွင်း နယ်စပ်ကုန်သွယ်ရေးလုပ်ကိုင်ကြသည့် ကုန်သည် များနှင့် လုပ်ငန်းရှင်များအား စစ်အာဏာရှင်တော်လှန်နေသည့် အဖွဲ့အစည်းများနှင့် ထောက်ပံ့မှုရှိမရှိကို စစ်ကောင်စီက စစ်ဆေးဖမ်းဆီးမှုများ လုပ်ဆောင်နေခြင်းကြောင့် လုပ်ငန်းရှင်များမှာ အခက်တွေ့နေရသည်။

ပြည်နယ်တွင်းရှိ လုပ်ငန်းရှင်များသည် အမျိုးသားညီညွတ်ရေးအစိုးရ-NUG ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ-CRPH၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့-PDF စသည့် စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်နေကြသော အဖွဲ့ အစည်းများနှင့် ဆက်သွယ်ကာ ထောက်ပံ့မှုလုပ်ဆောင်ခြင်းရှိမရှိနှင့်ပတ်သက်၍ စစ်ကောင်စီအဖွဲ့များက စစ်ဆေး ဖမ်းဆီးနေခြင်းဖြစ်သည်ဟု လုပ်ငန်းရှင်များနှင့် နီးစပ်သူ အသိုင်း အဝိုင်းက ပြောသည်။

စစ်ကောင်စီတပ်နှင့် နယ်ခြားစောင့်တပ်-BGF ပူးပေါင်းတပ်များသည် သာမန်အရပ်သားပြည်သူများ၊ ကုန်သည် များ၊ ငွေကြေးလုပ်ငန်း လုပ်ဆောင်သူများအား ယင်းသို့ ဖမ်းဆီးစစ်မေးမှုများအပြင် လူမှုရေး၊ ကျန်းမာရေးကိစ္စများ ဖြင့် မြို့ပေါ်လာရောက်သည့် အရပ်သားများ၏ ဆိုင်ကယ်၊ ကားနှင့် လက်ကိုင်ဖုန်းများကို စစ်ဆေးဖမ်းဆီးရာတွင် ငွေညှစ်တောင်းခံမှုများ ကြုံတွေ့နေကြရသည့်အတွက် ဒေသတွင်း သွားရေးလာရေးနှင့် ကုန်သွယ်ရောင်း၀ယ်မှု များမှာ ခက်ခဲမှုရှိနေကြောင်း ကုန်သည်များက ပြောသည်။

ကော့ကရိတ်ဒေသခံ ကုန်သည်တစ်ဦးက “K-pay ၊ Wave money ၊ ထိုင်းဘတ်ငွေလွဲ၊ ငွေလဲဒိုင်တွေကို အကုန်စစ် တယ်။ ဖမ်းတယ်။ ငွေနဲ့ ပြန်ရွေးခိုင်းတယ်။ နေရာစုံကနေ ကိုယ့်မိဘ၊ ကိုယ့်မိသားစုတွေဆီ ငွေလွှဲတဲ့သူတွေ ရွာက နေမြို့ကို လာထုတ်ပြီးပြန်ရင် စစ်ဆေးရေးဂိတ်မှာ ငွေသိန်းကျော်၊ ဆယ်ကျော်တွေဆိုရင် ဘယ်ကရလဲ၊ ဘယ်သူပို့ တာလဲ၊ ဘာလုပ်ဖို့ပို့တာလဲဆိုတာမေးပြီး ဖုန်းတွေစစ်၊ လိုင်စင်တွေစစ်၊ မှတ်ပုံတင်နဲ့ လူတွေ စစ်ဆေးပြီးမှ သွားလာငွေထုတ်လို့ရတဲ့ပုံစံ ဖြစ်နေတာကြောင့်ကုန်သည်တွေ၊ ငွေလွှဲဒိုင်တွေ ငွေလွှဲနဲ့ ငွေပေး ငွေယူလုပ်ရတဲ့သူ တွေ တော်တော်လေးကို ဒုက္ခရောက်နေကြတယ်။”ဟု ပြောသည်။

ယင်းသို့ ဖမ်းဆီးစစ်ဆေးမှုများကြောင့် ကရင်ပြည်နယ်အတွင်းရှိ ဖားအံနှင့် ကော့ကရိတ်မြို့နယ်ဘက်တွင် ဖမ်းဆီး တရားစွဲဆိုခံရသည့် ကုန်စုံဆိုင်နှင့် ငွေလွှဲ လုပ်ငန်းလုပ်ကိုင်သူ ၁၀ဦးထက်မနည်းရှိနေပြီဟု ၎င်းတို့နှင့် နီးစပ်သည့်အသိုင်း အဝိုင်းထံမှ သိရသည်။

ဖားအံ၊ ကော့ကရိတ်နှင့် မြ၀တီမြို့တို့တွင် ယခုနှစ်ဆန်းပိုင်းအတွင်းကလည်း လုပ်ငန်းရှင်များ၏ နေအိမ်နှင့် ဆိုင် ခန်းများအား စစ်ကောင်စီ လက်အောက်ခံ ပျူစောထီး၊ မဘသနှင့် စစ်တပ်ထောက်ခံသည့်အဖွဲ့များက ၎င်းတို့အား ထောက်ပံ့ရန် စာပို့ခြိမ်းခြောက် ငွေတောင်းခြင်း၊ ဖုန်းဆက်ခြိမ်းခြောက် ငွေတောင်းခံခြင်းများ မကြာခဏ ကြုံတွေ့ ခဲ့ရကြောင်းလည်း ဖားအံမြို့ရှိ ခြိမ်းခြောက်ခံရသူများက ကေအိုင်စီသို့ ပြောသည်။

” အခုပို့လို့တော့ရသေးတယ်။ ဒါပေမယ့် ခက်ခဲလာတယ်။ လက်ရှိအခြေအနေက ဘဏ်နဲ့တိုက်ရိုက်လွှဲဖို့လည်း အဆင့်များတယ် အဆင်မပြေဘူး။ လူကြုံနဲ့ ပို့ပြန်တော့လည်း ငွေသားများများ မသယ်ရဲကြပြန်ဘူး။ အစစ်အဆေး၊ အမေးအမြန်းများတယ်။ သူတို့တစ်ခုခုလုပ်ရင်လည်း ဘာမှ မတတ်နိုင်ဘူးလေ။ စိုးရိမ်ရတာပေါ့။ ” ဟု ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် အလုပ်လုပ်ကိုင်နေသူတစ်ဦးက ပြောသည်။

ထိုအခြေအနေများကြောင့် လုပ်ငန်းရှင်များ၊ ဒေသတွင်းရှိ ပြည်သူများအနေဖြင့် အသက်အန္တရာယ်ကြုံတွေ့လာရ မည်ကို စိုးရိမ်သဖြင့် ပုံမှန်လုပ်ငန်းများကို မလုပ်ကိုင်နိုင်ကြတော့ဘဲဖြစ်နေကြောင်း မြေပြင်သတင်းအရင်းအမြစ်များအရ သိရသည်။