Home သတင်း စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် လူနေအိမ် ၁၀ လုံးမီးလောင်ကျွမ်းပြီး အများအပြားထိခိုက်ပျက်စီး

စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် လူနေအိမ် ၁၀ လုံးမီးလောင်ကျွမ်းပြီး အများအပြားထိခိုက်ပျက်စီး

922
Photo: CJ

မေလ ၂ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး သထုံခရိုင်(တပ်မဟာ ၁ နယ်မြေ) ဘီးလင်းမြို့နယ်၊ လေးကေကျေး ရွာထဲသို့ ယမန်နေ့ မေလ (၁)ရက်နေ့ တစ်ရက်အတွင်း စစ်ကောင်စီတပ်က နှစ်ကြိမ်တိုင်လေကြောင်းဖြင့် တိုက်ခိုက်ခဲ့သည့်အတွက် ဒေသခံနေအိမ် ၁၀ လုံး မီလောင်ကျွမ်းခဲ့ပြီး အခြားနေအိမ်အများအပြားလည်း ထိခိုက်ပျက်စီးခဲ့သည်ဟု ဒေသခံများက ပြောသည်။

အဆိုပါမီးလောင်ပျက်စီးသွားရသည့်လူနေအိမ်များမှာ သစ်သား ပျဉ်ထောင်အိမ်ကြီးများနှင့် နှစ်ထပ်အိမ်ကြီးများဖြစ်ပြီး နေအိမ်ထဲရှိ ပရိဘောဂပစ္စည်းနှင့် လူသုံးကုန်ပစ္စည်းအားလုံး မီးလောင်ပြာကျသွားခဲ့သည်ဟု ဒေသခံရွာသားတစ်ဦးက ယခုလို ပြောသည်။

“ လေယာဉ်နဲ့ နှစ်ကြိမ်လာပစ်တော့ ဒုတိယအခေါက်မှာ နေအိမ်မီးလောင်တာ။ စစချင်းပစ်တုန်းက လူနေအိမ်(၃)လုံးအရင်မီးလောင်တယ်။ ဒေသခံတွေက စစ်ရှောင်ရတော့ မီးပြန်ငြှိမ်းမယ့်လူမရှိဘူး။ ပြန်လည်းမပြန်ရဲတော့ နေအိမ်(၁၀) လုံးပါ မီးကူးသွားတာပေါ့။ “ဟု သူက ကေအိုင်စီသို့ ပြောသည်။

ဘီးလင်းမြို့နယ်ရှိ စစ်ကောင်စီ၏ လေးကေစခန်းနှင့် ဝင်းတာပန်စခန်းနှစ်ခုကို ဧပြီလ ၂၃ရက်နေ့ နောက်ဆုံး ထားဆုတ်ခွာပေးရန် နယ်မြေခံ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ -KNDO စာထုတ်ပြန်ခဲ့ပြီးနောက် စစ်ကောင်စီတပ်ဘက်က ပြန်ဆုတ်ခွာခြင်းမရှိ၍ နှစ်ဖက်တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့သည်။

ထိုသို့ တိုက်ပွဲများဖြစ်ပွားရာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များဘက်က ကျေးရွာထဲသို့ လက်နက်ကြီးနှင့် ပြန်လည် ပစ်ခတ်သည့်အတွက် ကျေးရွာ ၁၀ ရွာကျော်မှ ဒေသခံ ၁၀,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်ကြရပြီး အဆိုပါ တိမ်းရှောင်နေရသည့်စစ်ရှောင်များသည် ရိက္ခာလိုအပ်သည့်အပြင် နွေရာသီဖြစ်သည့်အတွက် သောက်သုံးရေ အခက်အခဲကြုံတွေ့နေရသည်ဟုလည်း စစ်ရှောင်ကူညီရေးလုပ်ဆောင်နေသူများက ပြောသည်။

ထို့အပြင် စစ်ကောင်စီမှ လေယာဉ်အသုံးပြုတိုက်ခိုက်နေသောကြောင့် စစ်ရှောင်အများစုသည် ဗုံးဒဏ်အကာ အကွယ်ပြုနိုင်သည့် “လော်သာဟေး ”ဂူထဲတွင် တိမ်းရှောင်သူများပြားသည့်အတွက် နေရာထိုင်ခင်းအခက်အခဲများ ကြုံတွေ့နေရသည်ဟု ဒေသခံထံမှ သိရသည်။

Photo: CJ

စစ်ရှောင်ကူညီရေးလုပ်ဆောင်သူ ဒေသခံတစ်ဦးက “လူထုတွေက ရွာလုံးကျွတ်တိမ်းရှောင်ရတော့ အခုသူတို့ တွေက နေရေးစား ရေးအခက်အခဲရှိတယ်။ သူတို့အိမ်မှာတော့ စားစရာတွေလည်း စစ်တပ်တွေက ရွာမှာလက်နက်ကြီးတွေ ပစ်တာရှိတုန်းပဲဆိုတော့ ရွာပြန်မယူရဲတော့ ရိက္ခာအကူအညီလိုအပ်တယ်။” ဟု ပြောသည်။

ကေအဲန်ယူ သထုံခရိုင်တွင် လက်ရှိ စစ်ရှောင်အမြောက်အများတိုးလာသည့်အတွက် အရေးပေါ်အကူအညီလို အပ်သောသူများကို စာရင်းကောက်ထားကာ အကူအညီပေးနိုင်ရန် စီစဉ်ဆောင်ရွက်နေပြီးဖြစ်သော်လည်း လူဦးရေများပြားသောကြောင့် အကူအညီများကို အပြည့်အဝမပေးနိုင်သေးကြောင်း ကရင်အမျိုးသမီးအစည်းအရုံး -KWO အတွင်းရေးမှူး နော်ကညောဖောက ကေအိုင်စီသို့ ပြောသည်။

၎င်းက “စစ်ရှောင်အကူအညီရရှိဖို့ ကျမတို့နိုင်သလောက်ကူညီရမယ်။ အကူအညီထပ်လိုအပ်ရင်လည်း ကျမတို့ အကူညီထပ်ရှာရမယ်။ ပြီးတော့ လေယာဉ်နဲ့လက်နက်ကြီးပစ်တာ တပ်မဟာ(၁)လေးကေရွာတင် မကဘဲ မနေ့တုန်းကလည်း တပ်မဟာ(၅) ဒေပူးနိုဘက်မှာလည်း လေယာဉ်နဲ့သွားပစ်တာရှိတယ်။ အဲဒီမှာ ၏လည်း အများကြီးထွက်ပြေးတိမ်းရှောင်နေရတယ်။ ပြီးတော့ အခုအချိန်ခါမဟုတ်မိုးရွာတော့ အမိုးအကာတွေလည်း လိုအပ်တယ်”ဟု ကေအိုင်စီသို့ ပြောသည်။

ကေအဲန်ယူ သထုံခရိုင်၊ တပ်မဟာ(၁)နယ်မြေတွင် စစ်ကောင်စီတပ်က လောယာဉ်ဖြင့် လာရောက်စုံစမ်း ထောက်လှမ်းမှု မကြာခဏပြုလုပ်လျက်ရှိသော်လည်း ယခုလို လေယာဉ်ဖြင့် လာရောက်တိုက်ခိုက်မှုမှာ ပထမဆုံးအကြိမ်ဖြစ်သည်။

ဘီးလင်းမြို့နယ် လေးကေကျေးရွာအုပ်စု၊ လေးကေကျေးရွာထဲသို့ ယမန်နေ့ နံနက် ၁၁နာရီ ဝန်းကျင်တွင် တစ်ကြိမ်နှင့် နေ့လည် ၁နာရီဝန်းကျင်တွင်တစ်ကြိမ် စစ်ကောင်စီတပ်က ရဟတ်ယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်မှု လုပ်ဆောင်သကဲ့သို့ ကေအဲန်ယူ မူတြော်ခရိုင်၊ တပ်မဟာ(၅) ဒေပူးနိုဘက်တွင်လည်း လေယာဉ်နှင့် ၁၀ ကြိမ်ထက်မနည်း အလားတူ ဗုံးကြဲတိုက်ခိုက်မှု လုပ်ဆောင်ခဲ့သည်ဟု သိရသည်။

ကေအဲန်ယူ သထုံခရိုင် ဖားအံမြို့နယ်ရှိ နယ်ခြားစောင့်တပ်-BGFတပ်စခန်းရှိရာ ညောင်ကုန်းရွာတွင်လည်း ပြီးခဲ့သည့် ဧပြီလ ၂၉ ရက်နေ့တွင် စစ်ကောင်စီတပ်ဘက်မှ လူအင်အားအပြည့်ပါလာသည့် စစ်ကား (၂)စီးနှင့် တက်လာပြီး နယ်မြေခံ BGF နှင့်အတူ ဒေသခံအမျိုးသားလူငယ်များကို အကြောင်းမဲ့လိုက်ဖမ်း လိုက်လံဖမ်းဆီးမှု လုပ်ဆောင်၍ လူငယ်အချို့အဖမ်းခံခဲ့ရသေးသည်ဟု သိရသည်။