Home ဆောင်းပါး လက်နက်ကြီးကြောင့် ထိခိုက်သေဆုံးရတဲ့ အပြစ်မဲ့ အရပ်သားများ

လက်နက်ကြီးကြောင့် ထိခိုက်သေဆုံးရတဲ့ အပြစ်မဲ့ အရပ်သားများ

1459

လက်နက်ကြီးကြောင့် ထိခိုက်သေဆုံးရတဲ့ အပြစ်မဲ့ အရပ်သားများ

(မေ ၂ရက်၊ ၂၀၂၂ခုနှစ်)

စောလောဒူး

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်ပြည်နယ်အတွင်းမှာရှိတဲ့ ကေအဲန်ယူ-ကရင်အ မျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေတွေမှာတိုက်ပွဲတွေက နေ့စဉ်ရက်ဆက် အချိန်မရွေး ဆက်တိုက် ဖြစ်ပေါ်လာပါ တယ်။ အဲဒီလို တိုက်ပွဲတွေဖြစ်ပေါ်လာတိုင်း စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ရမ်းသမ်း ပစ်ခတ်တာမျိုးတွေ အမြဲ လုပ်ဆောင်လေ့ရှိပါတယ်။

အဲဒီလိုလက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုတွေကြောင့် ကျေးရွာအတွင်း နေအိမ်အဆောက်အဦးတွေ ထိခိုက်ပျက်စီးတာ တွေ၊ အိမ်မွေးတိရိစ္ဆာန်သေကြေထိခိုက်မှုတွေအပြင် ဒေသခံပြည်သူတွေ ထိခိုက်သေဆုံးမှုတွေကို ဖြစ်ပေါ်စေတယ်လို့ အဖွဲ့အစည်းအသီးသီးကလည်း ထုတ်ပြန်ထားပါတယ်။

ကရင်အမျိုးသမီးအဖွဲ့အစည်း(KWO)ရဲ့ ထုတ်ပြန်ချက်အရတော့ စစ်တပ်အာဏာသိမ်းချိန်ကစလို့ လက်နက်ကြီးနဲ့ မြေမြှုပ်မိုင်းကြောင့်သေဆုံးသူ (၄၆)ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၁၃၉ ဦးရှိနေပါြပီ။ ဒါ့အပြင် လူဦးရေ နှစ်သိန်းလောက် ဟာလည်း နေအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်အတွင်းက ထီးမူးထာကျေးရွာမှာနေတဲ့ အသက်(၁၇)နှစ်အရွယ် နော်ဘလယ်ချိုချို ဟာလည်း စစ်တပ်ရဲ့လက်နက်ကြီးထိမှန်ပြီး သေဆုံးရသူတွေထဲက တစ်ယောက်ပါ။ ပြီးခဲ့တဲ့ မတ်လ တတိယပတ်က အိမ်သူအိမ်သားတွေစားဖို့ထမင်းထချက်ချိန်မှာ စစ်ကောင်စီပစ်ခတ်လိုက်တဲ့ လက်နက်ကြီးက ဦးခေါင်းကိုထိမှန်ပြီး နေအိမ်မီးဖိုချောင်မှာတင် ပွဲချင်းပြီးသေဆုံးသွားခဲ့ရတယ်လို့ အစ်မဖြစ်သူ နော်အယ်ပစော်ဖောက ပြောပြပါတယ်။

နော်ဘလယ်ချိုချိုသေဆုံးသွားတဲ့အတွက် သူ့ဖခင်ဖြစ်သူက စိတ်ထိခိုက်နေပြီး ဘာမှမလုပ်နိုင်သေးဘူးလို့ သူက ပြော ပါတယ်။

“ဒီအကြောင်းတွေကို ပြန်ပြီးမပြောချင်ဘူး၊ ပြောလို့မထွက်ဘူး။ အရမ်းစိတ်ထိခိုက်တယ်၊ အဖေလည်း အခုဘာမှ မလုပ် နိုင်ဘူး။ သူ့သမီးကိုသူချစ်တာကိုး။ သူကပြောတယ် သူ့သမီးသေမယ့်အစား သူကသေပေးချင်တယ်လို့ သူပြောတယ်။ သူ့အသက်ငယ်ငယ်လေးပဲဟာ အရမ်းစိတ်ထိခိုက်ရတာပေါ့။ ဥပမာ သူက ရောဂါတစ်ခုခုနဲ့ ဆုံးသွားရင်တော့ တစ်မျိုး ပေါ့။ အခုဟာ ရောဂါလည်း မဟုတ်ဘူး။ လက်နက်ကြီးကြောင့်ဆိုတော့ သူ့ကံတရားပဲပေါ့။ အဲ့လိုပဲ ထားရတော့မှာ ပေါ့။”လို့ အစ်မဖြစ်သူ နော်အယ်ပစော်ဖောက ပြောပါတယ်။

ထီးမူးထာကျေးရွာနဲ့မိုင်ဝက်လောက်ဝေးတဲ့ အာရှလမ်းကြီးတစ်နေရာမှာ အဲဒီနေ့မတိုင်က ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံးရဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLAနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲအသေးစားဖြစ်ပွားခဲ့ ပြီးနောက် နောက်တစ်နေ့မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီဘက်က ကျေးရွာတွေကို လက်နက်ကြီးနဲ့ ငါးကြိမ် ပစ်ခတ်တာဖြစ်ပါတယ်။ အဲဒီလိုပစ်ခတ်မှုတွေကြောင့် နော်ဘလယ်ချိုချိုက သေဆုံးသွားခဲ့ရပြီး ကျေးရွာသား နှစ်ဦး လည်း ထိခိုက်ဒဏ်ရာရရှိတာကြောင့် ဖားအံဆေးရုံကို ပို့ဆောင်ထားရပါတယ်။

ပြီးခဲ့တဲ့ မတ်လအတွင်းက စစ်ကောင်စီက ကျေးရွာထဲကို လက်နက်ကြီးတွေ ပစ်ခတ်မှုကြောင့် ဒေသခံရွာသား၂၅ဦး သေဆုံးပြီး ၃၃ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU သတင်းနှင့် ပြန်ကြားရေးအဖွဲ့ကနေ သိရပါတယ်။ အဲဒီထဲမှာ အသက် (၂)နှစ်အရွယ်ကနေ(၁၄)နှစ်အရွယ်ကလေးတွေနဲ့ကိုယ်ဝန်ဆောင်မိခင်တွေလည်း သေဆုံး ဒဏ်ရာရရှိခဲ့ပါ တယ်။ ထိခိုက်သေဆုံးသူတွေက အမျိုးသားထက်အမျိုးသမီးဦးရေ ပိုများနေတာပါ။

ဘာကြောင့်အမျိုးသမီးနဲ့ကလေးငယ်တွေထိခိုက်မှုများတာပါလဲ။ အမျိုးသမီးနဲ့ ကလေးငယ်တွေ ကူညီစောင့်ရှောက်တဲ့ အဖွဲ့ဖြစ်တဲ့ ကရင်အမျိုးသမီးအစည်းအရုံး-KWO အတွင်းရေးမှူး နော်ကညောဖောက အခုလို ပြောပါတယ်။

“စစ်ပွဲတွေကြားမှာ ပြေးလွှားနေတဲ့အချိန်ဆိုရင် သူတို့က မြန်ဆန်စွာမပြေးလွှားနိုင်ဘူး၊ အိမ်မှာကျန်ရှိနေရတာများ တယ်။ နောက်ပြေးလွှားတဲ့အချိန်မှာသူတို့တွေက အမျိုးသမီးနဲ့က လေးတွေကအဖွဲ့လိုက်ပြေးပုန်းနေရလို့ လက်နက် ကြီးထိရင်လည်း အမျိုးသမီးနဲ့ကလေးတွေအဖွဲ့လိုက်ထိတယ်။ ဒီလိုပြေးရှောင်နေရတဲ့အချိန်မှာ ကိုယ်ဝန်ဆောင် အမျိုး သမီးတွေအတွက် အရမ်းသနားဖို့ ကောင်းတယ်။”လို့ သူက ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ကျေးရွာအတွင်းလက်နက်ကြီးတွေ ပစ်ခတ်မှုတစ်ခုတည်းသာမက သူတို့ ဝင်ရောက် တပ်စွဲထားတဲ့ ကျေးရွာတွေအတွင်းမှာလည်း ဒေသခံတွေရဲ့ပစ္စည်းဥစ္စာ၊ အိမ်မွေးတိရိစ္ဆာန်၊ ငွေကြေးတွေနဲ့ အိမ်အ ဆောက်အဦးများကိုလည်း ဖျက်ဆီးသွားပါတယ်။

ကရင်ပြည်နယ်မှာ တာဝန်ကျခဲ့တဲ့ စစ်ကောင်စီရဲ့တပ်မှူးတစ်ယောက်ကတော့ ကရင်လက်နက်ကိုင်တွေက ရွာသား တွေလို အသွင်ယူနေထိုင်ကြတယ်လို့ အခုလို စွပ်စွဲပြောဆိုထားပါတယ်။

“ရွာထဲကိုပစ်ချတာတော့မဟုတ်ဘူး၊ ရွာထဲမှာက သူတို့လူမျိုးတွေပဲလေ ရွာထဲမှာပဲ ဟန်ဆောင်ပြီးနေကြတာပေါ့။ တချို့က ဟန်ဆောင်ဖုံးကွယ်ပြီး နေကြတယ်။ အဲ့ကြောင့်ရွာထဲကို လက်နက်ကြီးပစ်ချရင် သူတို့လာပြီး ချောင်းပစ် တာတွေမလုပ်နိုင်တော့ဘူးပေါ့၊ အဲ့လိုရည်ရွယ်တာ။ လက်နက်ကိုင်အဖွဲ့တွေက လုံခြုံတဲ့နေရာမှာနေတယ်။ ရွာသား တွေက စစ်ရေးစစ်ရာနားမလည်၊ ပုံမှန်တောင်ယာခင်းတွေသွားတော့ ပစ်ခတ်တဲ့အခါမှာ ရွာထဲက ရွာသားတွေ တော် တော်များများ သွားထိနိုင်တာပေါ့။ အမိန့်ပေးတာကတော့စခန်းမှာရှိတဲ့ အကြီးဆုံးအမိန့်ပေးတာပေါ့။ လုပ်ကွာ ရွာထဲမှာ ချပေါ့။ အထက်က ဟိုပစ်ပါ၊ ဒီပစ်ပါ အမိန့်ပေးတာ မရှိဘူး။”လို့ အဆိုပါတပ်မှူးက ပြောပါတယ်။

KNLA က ပြောရေးဆိုခွင့်ရှိသူကတော့ ဒီစွပ်စွဲချက်အပေါ်ြငင်းဆိုထားပြီး သူတို့အဖွဲ့အစည်းဟာ စစ်ရေးဆိုင်ရာ စည်း မျဉ်းစည်းကမ်းတွေကို လိုက်နာသလို လူသားဒိုင်းသုံးတာမျိုး မလုပ်ဘူးလို့ ပြောပါတယ်။ ဒါ့အပြင် သူ့တပ်ဖွဲ့တွေဟာ လည်း ရွာပြင်မှာပဲထားရှိတာလို့ ထပ်လောင်း ပြောဆိုထားပါတယ်။

ကရင်နဲ့မြန်မာအစိုးရတပ်ဖွဲ့တွေဟာ မြန်မာနိုင်ငံလွတ်လပ်ရေးရပြီး ၁၉၄၀ ပြည့်နှစ်လွန်ကာလတွေကစပြီး ပဋိပက္ခ တွေဖြစ်ပွားခဲ့တာ ဆယ်စုနှစ်များစွာရှိလာခဲ့ပါပြီ။ ဒါပေမယ့် ၂၀၁၂ ခုနှစ်မှာ KNU ဟာ အစိုးရနဲ့ ပဏာမ အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးခဲ့ပါတယ်။

၂၀၁၅ ခုနှစ်မှာတော့ အစိုးရရဲ့တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူ စာချုပ်- NCA ကို လက်မှတ်ရေး ထိုးထားတဲ့ လွှမ်းမိုးမှုအရှိဆုံးနဲ့ အကြီးမားဆုံးတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တစ်ခု ဖြစ်လာခဲ့ပါတယ်။

ပြန်လည်ထူထောင်ရေးကာလဖြစ်တဲ့ ၂၀၁၁ ခုနှစ်ကနေ ၂၀၂၀ အထိ ကရင်ပြည်နယ်မှာ ထိတွေ့ တိုက်ခိုက်တာတွေ ရှိခဲ့ ပေမယ့် ပြီးခဲ့တဲ့နှစ် နိုင်ငံအာဏာသိမ်းခံလိုက်ရတဲ့နောက်မှာတော့ ပိုပြီးပြင်းထန်တဲ့ တိုက်ပွဲတွေဖြစ်လာခဲ့ပါတယ်။

ပြီးခဲ့တဲ့လတုန်းက ကောကရိတ်မြို့တောင်ပိုင်းမှာရှိတဲ့ရွာတွေကို စစ်ကောင်စီမှဝင်ရောက်တပ်စွဲပြီးဒေသခံရဲ့အိမ်တွေ ကို ဝင်ရောက်ဖျက်ဆီး၊ အိမ်မွေးတိရိစ္ဆာန်တွေကို သတ်ပစ်ယူသွားတာရှိတယ်လို့ ကျေးရွာတာဝန်ရှိသူတစ်ဦးက အခုလို ပြောပါတယ်။

“ပြီးခဲ့တဲ့တလောက လက်နက်ကြီးကြောင့်ပျက်စီးတဲ့ အိမ်တွေရှိသလို၊ စကစ(စစ်ကောင်စီ) က နေအိမ်တွေကို ဖျက်ဆီး သွားတယ်။ ဆန်အိတ်တွေကို ထိုးဖောက်သွားတယ်။ ရွာသားတွေမွေးတဲ့ အိမ်မွေးတိရိစ္ဆာန်တွေကို သတ်ပစ်တာမျိုးတို့ အမျိုးမျိုး ဖျက်ဆီးတာတွေရှိပါတယ်။ အံဖကြီး၊ မြို့ဟောင်းရွာထဲမှာ (အိမ်) ၁၀၀ ကျော်လောက် ပျက်စီးသွားတာပေါ့။ ရွာသားတွေက အခုအချိန်ထိ စစ်ဘေးရှောင်နေရတုန်းပဲ။ “လို့ ၎င်းကျေးရွာတာဝန်ရှိသူက ပြောပါတယ်။

သူက ဆက်လက်ပြီး “ကျနော်တို့အနေနဲ့က ရွာသားတွေကိုသနားတယ်။ ရွာသားတွေကိုဒီထက် ပိုပြီး မခံစားစေချင် တော့ဘူး။ ပြေးနေရတဲ့အထဲမှာ ကိုယ်ဝန်သည်တွေ၊ မသန်မစွမ်းတွေက ရွာတိုင်းလိုလိုပါနေတော့မြင်ရတာ စိတ်မ ကောင်းဘူး”လို့ ပြောပါတယ်။

စစ်တပ်အနေနဲ့ပြည်သူလူထုကို သတ်တာတွေဟာ ပြစ်မှုဥပဒေတွေကိုချိုးဖောက်တာဖြစ်ပြီး ချိုးဖောက်သမျှ တွေကို နိုင်ငံတကာကရင်အဖွဲ့အစည်း-IKO၊ လူ့အခွင့်အရေးအဖွဲ့တွေကိုပေးပို့နေပြီး အဲဒီကမှတစ်ဆင့် နိုင်ငံတကာ အဖွဲ့အ စည်းတွေဆီရောက်အောင် လုပ်ဆောင်ပေးနေတယ်လို့ KWO က ဆိုပါတယ်။

စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်ဖမ်းဆီးတာတွေကြောင့် လက်ရှိအ ချိန်ထိ သေဆုံးသူဟာ မြန်မာတစ်နိုင်ငံလုံးမှာ (၁,၇၉၅)ဦးအထိရှိနေပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက် ရေးအသင်း(AAPP)က ဧပြီ ၂၅ရက်နေ့က ထုတ်ပြန်ထားပါတယ်။

၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလကစလို့ ဖမ်းဆီးအကျဉ်းချခံရသူဦးရေ (၁၃,၃၅၄)ဦးနဲ့ ဝရမ်းထုတ်ခံထားရတဲ့ ဦးရေကတော့ (၁,၉၇၇)ဦး ရှိတယ်လို့လည်း (AAPP)ရဲ့ မှတ်တမ်းအချက်အလက်တွေအရ သိရပါတယ်။

ညီမတစ်ယောက်ဆုံးရှုံးထားတဲ့ နော်အယ်ပစော်ဖောကတော့ “အခုလည်း တိုက်ပွဲဖြစ်နေတုန်းပဲ၊ ထွက်ပြေးနေရတုန်းပဲ တိုက်ပွဲလည်း မလိုချင်တော့ဘူး။ တိုက်ပွဲကြောင့်ထိခိုက်တဲ့ လူတွေရှိတယ်။ ကလေးရောလူကြီးရောပေါ့။ မိသားစုနဲ့ လည်း အတူမနေရဘူး။ ခွဲနေရတယ်။ ရွာမှာကျန်တဲ့သူကျန် ပြေးတဲ့လူကပြေးပေါ့။ တိုက်ပွဲဆို မုန်းတာထက် ပိုတယ်။ ပြောတောင်မတတ်တော့ဘူး။”လို့ ပြောသွားပါတယ်။