Home သတင်း ကိုယ်လက်အင်္ဂါ ဆုံးရှုံးထားရသူ အရပ်သားနှင့် တော်လှန်ရေးရဲဘော်များ ရပ်တည်ရေးအတွက် အခက်အခဲနှင့် ရင်ဆိုင်နေရ

ကိုယ်လက်အင်္ဂါ ဆုံးရှုံးထားရသူ အရပ်သားနှင့် တော်လှန်ရေးရဲဘော်များ ရပ်တည်ရေးအတွက် အခက်အခဲနှင့် ရင်ဆိုင်နေရ

996
Photo: ကဆောဝါး

မေလ ၁၃ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ် ဒေါနတောင် အရှေ့ခြမ်း လေးကေကော်၊ ဝေါလေ၊ သေဘောဘိုး ဒေသတိုက်ပွဲ များအတွင်း ထိခိုက်ဒဏ်ရာရပြီး ကိုယ်လက်အင်္ဂါ စွန့်လွတ်ကုသထားသည့် ဒေသခံအရပ်သားနှင့် တော်လှန်ရေးရဲဘော်များအတွက် ဆေးကုသစရိတ်အပြင် ဘ၀ရှင်သန်ရပ်တည်ရေးအတွက် အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့နေကြသည်ဟု သိရသည်။

KNU -ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ ၆ နယ်မြေအတွင်း စစ်ကောင်စီတပ်များ ထိုးစစ်ဆင်မှုမှ ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း ထိခိုက်ဒဏ်ရာရပြီး ကိုယ်လက်အင်္ဂါဆုံးရှုံးခဲ့ရသော အရပ်သားနှင့် KNLA ရဲဘော်များသည် ဆေးကုသမှုခံယူပြီး ပြန်လည်ကောင်းမွန် သက်သာလာချိန်တွင် စားသောက်နေ ထိုင်ရေး၊ ဆေးဝါးအထောက်အပံ့ နှင့် ပြန်လည်သန်စွမ်းရေးအထောက်အကူပစ္စည်းများရရှိရန် အခက် အခဲများရှိနေကြောင်း စစ်ဘေးရှောင် ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသူများက ပြောသည်။

စစ်ဘေးရှောင်ကူညီပေးနေသူတစ်ဦးက “သူတို့ ဘဝတွေ အကူအညီမဲ့နေတယ်၊ စားသောက်စရာ၊ ခိုလှုံနေထိုင်စရာတွေ၊ ပြုစုစောင့်ရှောက်မယ့် အစီအစဉ်တွေ မရှိဘူးဖြစ်နေတယ်။ တော်တော်လေး စိတ်မ ကောင်းဖြစ်ရတယ်။ တိုက်ပွဲထဲကနေ ဒဏ်ရာရတယ်၊ ဆေးရုံဆေးခန်းတွေ ပို့ပေးတယ်။ ဆေးရုံက ဆင်း တော့ သူတို့တွေကို ကူညီမယ့်သူ၊ စားသောက်နေထိုင်စရာပေးမယ့်သူ၊ ခြေတု၊ လက်တုနဲ့ တခြား ပြုစုကု သရမယ့် အခြေအနေတွေအတွက် အကူအညီပေးမယ့် အဖွဲ့အစည်းမရှိတော့ စစ်ရှောင်စခန်းတွေဘက် ပြန်ရောက်လာတယ်။ တချို့ စိတ်ဓါတ်တွေကျပြီးနေနေကြရတယ်။”ဟု ပြောသည်။

အဆိုပါ ကိုယ်လက်အင်္ဂါဆုံးရှုံးထားရသူများ ရပ်တည်ရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်း များအနေဖြင့် အကူအညီအထောက်အပံ့ပေးရန် လိုအပ်သည့်အပြင် စိတ်ဓာတ်ပိုင်းဆိုင်ရာ အားပေး နှစ်သိမ့်ရန်လည်း လိုအပ်နေသည်ဟု စစ်ဘေးရှောင်အရေး အကူအညီပေးနေသူက ဖြည့်စွက်ပြော ဆိုသည်။

“ကျနော် အခုက ညညဆို ခွဲစိတ်ဖြတ်တောက် လိုက်တဲ့ခြေထောက် ပေါင်ရင်းနဲ့၊ လက်ချောင်း ဖြတ်ထားရတဲ့နေရာတွေက နာကျင်တာတွေခံစားရတယ်။ ဒါတွေ သက်သာချင်တယ်၊ နောက်ပြီး ခြေတုလိုချင်တယ်။ အခုက ဂျိုင်းထောက်နဲ့ပဲ သွားနေရတယ်၊ ခြေတုရရင်တော့ လမ်းလျှောက်လို့ရရင် အလုပ်တစ်ခုခုပြန်ရှာပြီး လုပ်ဖို့ စဉ်းစားထားတယ်” ဟု ဖလူးကြီးကျေးရွာ တိုက်ပွဲတွင် လက်နက်ကြီးအစမှန် ဒဏ်ရာကြောင့် ခြေထောက်ပေါင်ရင်းနှင့် လက်ချောင်းများ ဖြတ်တောက်ဆုံးရှုံးလိုက်ရသူက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်မှ စတင်ဖြစ်ပွားနေသည့် KNU တပ်မဟာ ၆ ၊ ဒေါနတောင် အရှေ့ခြမ်းနယ်မြေအတွင်း KNLA ပူးပေါင်းတပ်များနှင့် စစ်ကောင်စီ စစ်ဆင်ရေးတိုက်ပွဲ ၅ လကျော် ကာလအတွင်း လက်နက်ကြီး၊ လေယာဉ်နှင့် မြေမြှုပ်မိုင်းပေါက်ကွဲ ထိမှန်မှုကြောင့် ဒေသခံအရပ်သားနှင့် တော်လှန်ရေးရဲဘော်ပေါင်း ၃၀ ဦးခန့် သေဆုံးမှုရှိခဲ့သည်ဟု စစ်မြေပြင် ဒဏ်ရာရရှိသူများအား အကူအညီပေးနေသူများက ပြောသည်။

ထိုအထဲတွင် ကိုယ်၊ လက်နှင့် ခန္ဓာကိုယ်အစိတ်အပိုင်းများ ထိခိုက်ဒဏ်ရာရရှိပြီး ဆေးကုသမှုခံယူခဲ့ရသူ ဒေသခံ အရပ်သားနှင့် တော်လှန်ရေးစစ်သည်ပေါင်း ၅၀ ဦးထက်မနည်းရှိခဲ့ပြီး လက်ရှိ ကုသရေးစင်တာများတွင် ကုသဆဲ လူနာ ၃၀ ခန့်အတွက် ဆေးကုသစရိတ်နှင့် အထောက်အပံ့များ လိုအပ်နေကြောင်း အဆိုပါ အကူအညီပေးနေသူများ၏ ပြောစကားအရ သိရသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလလယ်ပိုင်းက စတင်ဖြစ်ပွားခဲ့သော ဒေါနအရှေ့ခြမ်းတိုက်ပွဲကြောင့် လေးကေကော်ဒေသမှ ကျောက်ခက်၊ လေးဒေး၊ ဝေါလေ၊ ကနဲလေး၊ တဥုထ၊ တနော့ထ၊ သေ့ဘောဘိုး ၊ ကလော့ထော်၊ စုကလိ၊ ဒေသဘက်အထိ စုစုပေါင်းကျေးရွာ ၂၀ ခန့်မှ ဒေသခံပြည်သူ ၁၅,၀၀၀ ကျော် စစ်ဘေးရှောင်ရှောင်နေကြရသည်။