မေလ ၁ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ
ယခု မိုးဦးကာလ ပုရစ်ပေါ်ချိန်တွင် ကော့ကရိတ် ဒေသတွင်း စစ်ဘေးရှောင် နေရသည့် နယ်မြေကျေးရွာ ဒေသခံများသည် ညဘက် ပုရစ်ထွက်ချိန် အကောင်ကျများသဖြင့် ပုရစ်ဖမ်းပြီး မြို့ပေါ် စျေးကွက်မှ ထိုင်းနိုင်ငံမဲဆောက်၊ ဘန်ကောက် စျေးကွက်အထိတင်ပို့ ရောင်းချရာတွင် အလုပ်ဖြစ်နေကြကြောင်း ကော့ကရိတ်တောင်ပိုင်း နောင်နိုင်း ကျေးရွာဒေသခံများက ပြောသည်။
ကရင်ပြည်နယ် ဒေသကျေးရွာများတွင် မိုးဦးကာလနှင့် ဆောင်းဦးကာလ ပုရစ် ကောင်ကျချိန်တွင် ကျေးရွာလယ်ယာကွင်းများတွင် ညအချိန် မာကျူရီမီးနှင့် လယ်ယာသုံးထော်လဂျီယာဉ်တွင် လျှပ်စစ် ဒိုင်နမိုတပ်ဆင်၍ မီးထောင်ချောက်ထွန်း၊ ပိုက်ဇကာတားကာ ပုရစ်ဖမ်းကြသည့် လုပ်ငန်းမှာ မိသားစုအလိုက် ညစဉ်ပုရစ်ကောင်ရေထောင်သောင်းချီရရှိခဲ့ကြသည်ဟု နောင်နိုင်းရွာသားတစ်ဦးက အခု လို ပြောသည်။
“ပုရစ်ကောင်က ရွာဓလေ့ကတော့ အရင်ကရာသီပေါ် ဟင်းစားကောင်ရှာတဲ့ သဘောနဲ့ အပျော်ရှာဖမ်းစားကြတာ၊ အခုတော့ မြို့ဘက်က လာ၀ယ်ကြ၊ တစ်ဆင့်ပြန်ရောင်းကြ၊ ကြော်လှော်ပြီး တခြားမြို့ရွာတွေ ပို့ကြရောင်းကြသူတွေက ဖောက်သယ်လာ၀ယ်ယူကြတာမှာ မဲဆောက်-ဘန်ကောက်ဘက်အထိ ပို့ရတယ် ကြားတယ်၊ ကျနော်တို့ကတော့ ရွာမှာ လာ၀ယ်သူဆီပဲအကောင်ရေ ကြည့်ပြီး ရောင်းလိုက်တယ်၊ တစ်ည ဖမ်းရင် ကျပ် ၁ သောင်းကနေ တချို့မိသားစုလိုက် ဖမ်းကြတာဆို ကျပ် ၅ သောင်းကျော် ၆သောင်း ဖိုးလောက်အထိ ၀င်ငွေရကြတာလည်း ရှိတယ်”ဟု သူက ပြောသည်။
ကော့ကရိတ်တောင်ပိုင်း ကျေးရွာများဖြစ်သော နောင်နိုင်း၊ ဒေါက်ပလံ၊ ဘော့ဒိုင်း၊ ကျိုက်သလိုက်၊ မိဂလုံ၊ ကျေးရွာများဘက်မှ ပုရစ်ကောင်ရေ တစ်ညရရှိနှုန်းမှာ တစ်သိန်းကျော်မှ ငါးသိန်း၀န်းကျင်အထိရှိပြီး ရွာဖောက်သယ်စျေး ပုရစ်အစိမ်းအကောင် ၁၀၀ လျှင် ၃,၀၀၀ ကျပ်နှုန်း၊ မြို့ပေါ် ရောက် ကြော်လှော်ပြီးသား အကောင် ၅၀ တစ်ဗူးလျှင် ၄,၀၀၀ကျပ်မှ ၅,၀၀၀ကျပ်နှုန်းအထိ ပြန်လည်ရောင်းချကြသည်ဟု သိရသည်။
ထို့အပြင် ပုရစ်အစိမ်းတစ်ကီလို ထုပ်ပိုးပြီး ရေခဲရိုက်ဖော့ဂျပ်ပုံးများဖြင့် ထိုင်းနိုင်ငံမဲဆောက်စျေးကွက်မှ ဘန်ကောက် အရောက်ပို့ပေါက်စျေးမှာ တစ်ကီလို ဘတ် ၃၀၀ ရာ မှ ဘတ် ၅၀၀ အထိ ပုရစ်ကောင်အကြီး ၊အသေးပေါ် မူတည်၍ ရာသီပေါ် အစားအသောက်အဖြစ် ရောင်းတန်း၀င်နေကြောင်း သိရသည်။