မေလ ၁ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ် ဖားအံမြို့ သံလွင်မြစ်အနောက်ခြမ်း KNU-ကရင်အမျိုးသားအစည်းအရုံး သထုံခရိုင် (တပ်မဟာ ၁) နယ်မြေရှိ ကျေးရွာ ၈ ရွာခန့်မှ ရွာသား ၁၀၀ ဝန်းကျင်ကို နယ်ခြားစောင့်တပ် -BGF တပ်ဖွဲ့ဝင်များက အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု ဒေသခံရွာသားများက ပြောသည်။
သံလွင်မြစ်အနောက်ခြမ်း မြိုင်ရွာ၊ ကုန်းတန်းကြီးရွာ၊ ဝဲပျံချောင်းဝရွာ ၊ ဘုရားဆိပ်ရွာ ၊ ဝဲပျံရွာ၊ ပေပင်ဆိပ်ရွာ၊ မိထ္ထီလာရွာနှင့် မိဇိုင်းရွာစသည့် ကျေးရွာများထဲသို့ ယနေ့ နံနက်ပိုင်းက BGF အမှတ် ၁၀၁၄ တပ်ရင်းမှ တပ်ဖွဲ့၀င်များသည် အိမ်စီးကားကြီး ၆ စီး ၊ အင်အား ၅၀ ခန့်ဖြင့် ကျေးရွာ၀င်လမ်း၊ ထွက်လမ်းများအား ပိတ်ဆို့ကာ သေနတ်ပစ်ဖောက်၍ ဒေသခံ ရွာသားများနှင့် လူငယ်များအား အကြောင်းမဲ့ ဖမ်းဆီးမှုများ ပြုလုပ်ခေါ်ဆောင်သွားသည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း ပေပင်ဆိပ် ရွာသားတစ်ဦးက ယခုလို ပြောသည်။
” မနက်ပိုင်း ၈ နာရီကျော်မှာ အိမ်စီးကား ၆ စီးနဲ့ လာတယ်၊ ရွာထိပ်မှာကား ၃ စီးရပ်ထားတယ်။ ရွာအဆုံးမှာကား ၃စီးရပ်ထားတယ်။ ရွာသားတွေကိုညှပ်ပြီးဖမ်းတာ သူတို့ဖမ်းတာကို ပြေးတဲ့သူတွေဆိုရင်သေနတ်တွေ နဲ့ပါပစ်တာ၊ ထိတော့ မထိဘူး ၊ သံလွင်မြစ်ကို လက်ပစ်ကူးပြီး မြစ်လယ်က ကော့လုံကျွန်းသောင်ခုံတွေဘက် ထွက်ပြေးတာ တောင်နောက်က သေနတ်နဲ့ လိုက်ပစ်တာ ခံရတယ်၊ ထိတော့မထိဘူး။ အားလုံး ဖမ်းခံပြီးပါသွားတာ လူတစ်ရာလောက်တော့ရှိတယ် ကြားတယ်။ ပေါ်တာ ထမ်းခိုင်းဖို့လား၊ စစ်မှုထမ်းခိုင်းဖို့လား ဆိုတာတော့ သေချာမသိဘူး”ဟု ထိုရွာသားက ပြောသည်။
BGF တပ်ဖွဲ့များက ရှောင်တခင်၀င်ရောက်လာပြီး ဒေသခံကျေးရွာသားများအား ဖမ်းဆီးခေါ် ဆောင်သွားသည့် သတင်းကြောင့် သံလွင်မြစ် အရှေ့ဘက်ကမ်းကျေးရွာများအပြင် လှိုင်းဘွဲမြို့နယ် သံလွင်မြစ် အနောက်ဘက်ကမ်းကျေးရွာများဖြစ်သော ရွှေဂွန်း၊ အင်းနို့သိပ္ပံ ၊ ကော့လုံကျွန်းကျေးရွာများဘက်မှ ဒေသခံရွာသားနှင့် လူငယ်များ ဖမ်းဆီးခံရမည့်အရေး စိုးရိမ်မှုမြင့်တက်နေကြောင်း ဒေသခံများက ပြောသည်။
အဆိုပါ ဒေသတွင် ပြီးခဲ့သည့် ဧပြီလ နှင့် မတ်လအတွင်းကလည်း ရွာသားအချို့အား ဖမ်းဆီးကာ ပေါ်တာ အထမ်းသမားအဖြစ် ရိက္ခာ နှင့် ခဲယမ်းများ ထမ်းပို့ခိုင်းခံခဲ့ရသည့် ဖြစ်စဉ်ရှိခဲ့ဖူးပြီး စစ်အာဏာသိမ်းဖြစ်စဉ် နောက်ပိုင်း BGF တပ်တွင် စစ်သားလုပ်ရန် လာရောက်စည်းရုံးခေါ်ဆောင်ခံကြရသည့် ရွာသားအချို့ မှာလည်း ယနေ့အထိမိသားစုများနှင့် အဆက်အသွယ် မရကြောင်းဒေသခံ များပြောသည်။
ယခု ဖြစ်စဉ်နှင့်ပတ်သက်၍ သက်ဆိုင်ရာ BGF တာဝန်ရှိသူများကို ဆက်သွယ်မေးမြန်း၍ မရရှိပေ။



















