Home သတင်း ကရင်ပြည်နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ လာရောက်ဖြေဆိုခြင်းမရှိသည့် ကျောင်းသား/ကျောင်းသူ ၅ဝဝ ကျော်ရှိ

ကရင်ပြည်နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ လာရောက်ဖြေဆိုခြင်းမရှိသည့် ကျောင်းသား/ကျောင်းသူ ၅ဝဝ ကျော်ရှိ

2336

ဧပြီ ၁ ရက်၊ ၂ဝ၂၂ ခုနှစ်၊ ကေအိုင်စီ

ကရင်ပြည်နယ် မြို့နယ်အသီးသီးရှိ စာစစ်ဌာနများတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ လာရောက်ဖြေဆိုခြင်း မရှိ သည့် ကျောင်းသား/ကျောင်းသူ ဦးရေ ၅၅ဝ ရှိသည်ဟု ပြည်နယ်စစ်ကောင်စီ၏ ပြန်ကြာရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

၂၀၂၁-၂၀၂၂ ပညာသင်နှစ်၏ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ်လ ၃၁ ရက်နေ့တွင် စတင်ဖြေဆိုခဲ့ကြပြီး ပြည်နယ်အတွင်း စာမေးပွဲဖြေဆိုရန် အမည်စာရင်းပေးထားသူ ၅,၉၁၈ ဦးအနက် ကျောင်းသား/ကျောင်းသူ ၅,၃၆၈ ဦးသာ လာရောက်ဖြေဆိုခဲ့သည်ဟု ပြည်နယ် ပြန်/ဆက်ဌာန၏ ထုတ်ပြန်သည့်စာရင်းအရ သိရသည်။

“ဒီနှစ်က ကျောင်းသားဦးရေ အများကြီးနည်းသွားတယ်လေ။ နိုင်ငံရေးအခြေအနေကြောင့် ပါတယ်။ တစ်ချို့ မိဘတွေက အခြေအနေစောင့်ကြည့်ပြီး နောက်နှစ်မှ ပြန်ထားမယ်ပေါ့နော်။ စာစစ်ဌာနလည်း အများကြီး လျော့သွားတယ်။ စာသင်ရတာ ၆ လလောက်ပဲဆိုတော့ မဖြေနိုင်မှာ စိုးရိမ်တယ်ပေါ့နော်”ဟု အမည်မဖော်လိုသူ ကျောင်းဆရာတစ်ဦးက ယနေ့ ဧပြီ ၁ ရက်နေ့တွင် ကေအိုင်စီသို့ ပြောသည်။

နိုင်ငံရေးမတည်ငြိမ်မှုကြောင့် မြို့နယ်အသီးသီးတွင် စာသင်ကျောင်းအများစု ပိတ်ထားလျက်ရှိပြီး စစ်ကောင်စီ၏ ပညာရေးစနစ်ကို အယုံအကြည်မရှိသည့်အတွက် ကိုယ်ထူကိုယ်ထကျောင်းများဖြင့် ဖွင့်လှစ်သင်ကြားနေမှုများ ရှိသလို တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်း၏ ပညာရေးဌာနများတွင်လည်း သွားရောက်ပညာသင်ကြား နေမှုများလည်းရှိသည်ဟု ကျောင်းဆရာများထံမှ သိရသည်။

ကရင်ပြည်နယ်ရှိ မြို့နယ်အသီးသီးတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုရန် လျှောက်ထားရာတွင် ဖားအံမြို့နယ်သည် ကျောင်းသားဦးရေ ၂၀၄၉ ဦးဖြင့် အများဆုံးလျှောက်ထားကြပြီး ဖာပွန်မြို့နယ် ၂၄၂ ဦးနှင့် သံတောင်ကြီးမြို့နယ်မှ ၂ဝဝ ဦးဖြင့် အနည်းဆုံးလျှောက်ထားကြသည့် မြို့နယ်များဖြစ်သည်။

တစ်ပြည်နယ်လုံးအတိုင်းအတာဖြင့် စာစစ်ဌာန ၂၈ ခု ဖွင့်လှစ်ထားသည်ဟု ပြည်နယ် ပြန်/ဆက်ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။