Home သတင်း အုပ်ချုပ်ရေးမှူးကို ဖမ်းဆီးရိုက်နှက်သည်ဆိုပြီး KNU/KNLA-PC မှ တပ်မှူးနှင့်အဖွဲ့ဝင်ကို အရေးယူရန် စစ်ကောင်စီ နယ်လုံဝန်ကြီးစာပို့

အုပ်ချုပ်ရေးမှူးကို ဖမ်းဆီးရိုက်နှက်သည်ဆိုပြီး KNU/KNLA-PC မှ တပ်မှူးနှင့်အဖွဲ့ဝင်ကို အရေးယူရန် စစ်ကောင်စီ နယ်လုံဝန်ကြီးစာပို့

2264
Photo: KNU/KNLA_PC

ဧပြီ ၁ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

ဖားအံမြို့နယ် ရေကျော်(မကျီးကျွန်း)ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအား ကရင်ငြိမ်းချမ်းရေး ကောင်စီ (KNU/ KNLA-PC) အဖွဲ့မှ (၇၀၃) တပ်ရင်းမှူး ဦးဆောင်သောအဖွဲ့က ဖမ်းဆီးခေါ်ဆောင်ရိုက်နှက်သည့်ကိစ္စနှင့်ပတ် သက်၍ အရေးယူပေးရန် ပြည်နယ်စစ်ကောင်စီ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မျိုးမင်းနောင်မှ မတ်လ ၂၉ ရက်နေ့ရက်စွဲဖြင့် ဖားအံမြို့ KNU/KNLA-PC ဆက်ဆံရေးရုံးထံ တိုင်ကြားစာပေးပို့ခဲ့သည်ဟု သိရသည်။

မတ်လ (၁၄)ရက်နေ့တွင် ရေကျော်(မန်ကျီးကျွန်း) ကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သူ ဦးသန်းထွန်းနှင့် တစ်ရွာ တည်းနေ ဆယ်အိမ်မှူးဖြစ်သူတို့သည် ကျေးရွာကုန်ထုတ်လမ်းခင်းရန် ဆွေးနွေးစဉ် KNU/KNLA-PC တပ်ဖွဲ့ဝင် (၅)ဦးမှ ၎င်းတို့၏ ဗိုလ်မှူးကြည်ဝင်းက ခေါ်ခိုင်းသည်ဆိုပြီး ဌာနီကုန်ကျေးရွာရှိ KNU/KNLA –PC အဖွဲ့ဝင်နေ အိမ်သို့ ခေါ်ဆောင်သွားခဲ့သည်ဟု စစ်ကောင်စီနယ်လုံ တိုင်ကြားစာတွင် ဖော်ပြထားသည်။

အဆိုပါ နေအိမ်ရောက်ရှိအချိန်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးဦးသန်းထွန်းကို KNU/KNLA-PC (၇၀၃) တပ်ရင်းမှူး ဗိုလ်မှူးကြည်ဝင်းနှင့်အဖွဲ့ဝင်များက ဖမ်းဆီးရိုက်နှက်သည့်အတွက် ၎င်းတပ်ဖွဲ့ဝင်များကို အရေးယူဆောင် ရွက်နိုင်ရေးအတွက် မတ်လ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံသို့ လွှဲပြောင်းပေးရန် ဆက်ဆံရေးရုံးသို့ နယ်လုံပို့သည့်စာတွင် ဖော်ပြပါရှိသည်။

ပြည်နယ် စစ်ကောင်စီ နယ်လုံဝန်ကြီးက KNU/KNLA-PC တပ်ဖွဲ့အနေဖြင့် NCA သဘောတူစာချုပ် အခန်း(၃) စာပိုဒ်(ခ)တွင် “ပြည်သူလူထုအား လူတစ်ဦးတစ်ယောက်၏ ဂုဏ်သိက္ခာကို ထိပါးစေသည့် လုပ်ရပ် အကြမ်း ဖက်ခြင်း၊ ဥပဒေမဲ့ဖမ်းဆီးချုပ်နှောင်ခြင်း ပြန်ပေးဆွဲခြင်း၊ ညှင်းပန်းနှိပ်ဆက်ခြင်း၊ လူသားမဆန်စွာပြုမူ ဆက်ဆံခြင်း၊ အကျဉ်းချခြင်း၊ သတ်ဖြတ်ခြင်းနှင့် ဖျောက်ဖျက်ခြင်းမပြုရ ” အချက်အလက်အား ဖောက်ဖျက်ကျူးလွန်းသည့်အတွက် တပ်ဖွဲ့ဝင်များအား ထိန်းသိမ်းကြပ်မတ်ပေးရန် တိုင်ကြားစာတွင် ရေးသားထားသည်။

ဖမ်းဆီးရိုက်နှက်မှုများ ကျူးလွန်နေသည်ဆိုပြီး ဗိုလ်မှူးကြည်ဝင်းနှင့် မနောဟရီ၊ အောင်စိုး၊ ခန့်ဝင်းဇော် ၊ မိုးခိုင်နှင့် ကရင်၊ ကပ္ပလီ ၊ စက်ခလုတ် (၈)ဦးကို အရေးယူပေးရန် ရေကျော်(မကျီးကျွန်း) အုပ်ချုပ်ရေးမှူး ဦးသန်းထွန်းက ထုံးအိုင်ရဲစခန်းတွင် တရားလို တိုင်ကြားထားခြင်းရှိသည်ဟု သိရသည်။

ထို့အပြင် တရားလို တိုင်ကြားသည့်ကိစ္စနှင့်ပတ်သက်၍ အမှုဖြင့် စစ်ဆေးညှိနှိုင်းနိုင်ရေးအတွက်ကိုလည်း ထုံးအိုင်နယ်မြေ ရဲစခန်းမှစခန်းမှူးကလည်း မတ်လ ၂၂ ရက်နေ့ ရက်စွဲနှင့် ဖားအံမြို့ KNU/KNLA-PC ထံ ညှိနှိုင်းအကြောင်းကြားစာပို့ခြင်းလည်းရှိသည်ဟု ပေးပို့သည့်စာအရ သိရသည်။

ပြည်နယ်စစ်ကောင်စီ နယ်လုံတိုင်ကြားစာကိစ္စနှင့်ပတ်သက်၍ (၇၀၃) တပ်ရင်းမှူး ဗိုလ်မှူးကြည်ဝင်းနှင့် KNU/KNLA-PC အဖွဲ့၏ တာဝန်ရှိသူများအား ကေအိုင်စီက ဆက်သွယ်မေးမြန်း၍ မရရှိသေးပေ။