Home သတင်း တိမ်းရှောင်လာသူ CDM ဆရာမတစ်ဦးနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ၈ ဦးဖမ်းဆီးခံရပြီး ရက် ၂၀ ကြာအထိ အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေ

တိမ်းရှောင်လာသူ CDM ဆရာမတစ်ဦးနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ၈ ဦးဖမ်းဆီးခံရပြီး ရက် ၂၀ ကြာအထိ အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေ

1139
Photo: CJ

ဧပြီလ ၆ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ဖားအံမြို့ ၊ အမှတ် ၇ ရက်ကွက်တွင် ၂၀၂၂ ခုနှစ်၊ မတ်လ ၁၇ ရက်နေ့က အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု-CDM ဆရာမဒေါ်ခင်စန္ဒာအေးအပါအဝင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ၉ ဦးကို စစ်ကောင်စီတပ်များက ဖမ်းဆီးသွားခဲ့ပြီးနောက်ပိုင်း ရက် ၂၀ ကြာသည်အထိ မည်သည့်နေရာတွင် ဖမ်းဆီးထိန်းသိမ်းထားသည်အခြေအနေအား အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေကြောင်း ဖမ်းဆီးခံရသည့် CDM ကျောင်းဆရာမဒေါ်ခင်စန္ဒာအေး မိသားစုဝင်က ပြောသည်။

“သူတို့ ဖားအံ ၇ ရပ်ကွက်က စောစံစီဖိုးလမ်းက မိတ်ဆွေတစ်ဦးအိမ်မှာ ရှောင်နေတာကို ဝင်ဖမ်းသွားတာပါ။ ကျောင်းဆရာမ CDM ဒေါ်ခင်စန္ဒာအေးနဲ့ သူ့မိတ်ဆွေ ယောကျ်ားလေး ၈ ယောက်ကို ဖမ်းသွားပြီးကတည်းက အခု ရက်၂၀ လောက်ရှိလာပြီ၊ လိုက်စုံစမ်းတာလည်းစုံနေပြီ၊ သေသလားရှင်သလားဆိုတာလည်း မသိရဘူး။ ဘယ်မှာ ဖမ်းပြီးစစ်နေတယ်ဆိုတာလည်း မသိရဘူး၊ သူနဲ့အတူအဖမ်းခံရတဲ့သူတွေကတော့ အတူတူစုပြီးရှောင်နေကြတာလို့ပဲ သိရတယ်။ ရဲစခန်းတွေကိုလည်း လိုက်မေးပြီးသွားပြီ၊ ဘယ်မှာမှ မရှိဘူး။ “ဟု မိသားစုဝင်တစ်ဦးက ပြောသည်။

အဆိုပါ ဖားအံမြို့နယ်အတွင်း ဖမ်းဆီးခံခဲ့ရသည့် ဧရာဝတီတိုင်းဒေသကြီးကန်ကြီးထောင့်မြို့ နယ်နေ CDM အလယ်တန်းပြ ဆရာမဒေါ်ခင်စန္ဒာအေး အပါအဝင် ၉ ဦးမှာ ၎င်းတို့နေထိုင်ခဲ့ကြသည့် မြို့ရွာများတွင် ပြုလုပ်သည့် စစ်အာဏာရှင် ပြုတ်ကျရေး ဆန္ဒပြပွဲများတွင် တက်ကြွလှုပ်ရှားစွာပါဝင်ခဲ့ကြသူများဖြစ်၍ စစ်ကောင်စီတပ်များနှင့် ရဲများက လိုက်လံဖမ်းဆီးနေသည့်အတွက် ဖားအံမြို့ အမှတ်(၇)ရက်ကွက်တွင်း ရှောင်တိမ်းနေကြခြင်းဖြစ်သည်ဟု သိရသည်။

လက်ရှိတွင် စစ်ကောင်စီတပ်များက CDM ဆရာမဒေါ်ခင်စန္ဒာအေးနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ၈ ဦးအား မည်သည့်နေရာတွင် ဖမ်းဆီးစစ်ဆေးနေကြောင်းနှင့် မည်သို့ တရာစွဲဆို အရေးယူရုံးထုတ်မည်ကို မသိရှိရသေးသည့်အတွက် သက်ရှိထင်ရှား ရှိမရှိ နှင့် ကျန်းမာရေးကောင်းမကောင်းအား သိရှိရန် ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်း မိသားစုဝင်များက ကေအိုင်စီသို့ ပြောသည်။