ဧပြီလ ၅ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသမီးအစည်းအရုံး (KWO – Karen Women’s Organization) ၏ ၃၇ကြိမ်မြောက် နှစ်ပတ်လည်နေ့ကို ဧပြီ လ (၅)ရက်နေ့တွင် ကျင်းပခဲ့ရာ ကဏ္ဍအသီးသီးမှ တက်ကြွစွာ လှုပ်ရှားဆောင်ရွက်ပေးနေသည့် ကရင်အမျိုးသမီး ၈ဦး ကို KWO က ရွေးချယ်ကာ ဆုချီးမြှင့်ပေးခဲ့သည်။
ပြည်သူလူထုအတွက် ကဏ္ဍအသီးသီးတွင် ကြိုးစားလုပ်ဆောင်ပေးနေသည့် ကရင်အမျိုးသမီးများကို ဂုဏ်ပြုချီးမြှင့်ရန် မှာ KWO ၏ ဖွဲ့စည်းပုံထဲတွင် ရှိထားခဲ့သည့်အတိုင်း ယခုနှစ်တွင် KWO ဗဟိုက ကျန်းမာရေး၊ ပညာရေး၊ နိုင်ငံရေး၊ လူ့ အခွင့်အရေးနှင့် ရပ်ရွာလူထုအတွက် ရဲဝံ့စွာ ရပ်တည်ဆောင်ရွက်ပေးသည့် ကရင်အမျိုးသမီးများကို ရွေးချယ်ချီးမြှင့်ခြင်း ဖြစ်သည်ဟု ကရင်အမျိုးသမီးအစည်းအရုံး(KWO) အတွင်းရေးမှူး နော်ကညောဖောက ယခုလို ပြောသည်။
နော်ကညောဖောက “ဒေသတွင်း၊ အဖွဲ့အစည်းအတွင်းမှာ တက်ကြွလှုပ်ရှားတဲ့ အမျိုးသမီးတွေကို ဆုချီးမြှင့်ထိုက်တယ် ဆိုပြီး ကျမတို့ KWO ရဲ့ ဖွဲ့စည်းပုံထဲမှာ ရှိထားတယ်။ သူတို့တွေက ကရင်အမျိုးသမီးအစည်းရုံးဝင်ထဲ မဟုတ်ပေမယ့် လည်း ကျန်းမာရေးအပိုင်းတွေမှာဖြစ်ဖြစ် ပညာရေးအပိုင်းတွေမှာဖြစ်ဖြစ်ပေါ့။ ကျေးရွာအတွက် လုပ်ဆောင်တာဖြစ် ဖြစ် ကြိုးစားလုပ်ဆောင်နေတဲ့ ကရင်အမျိုးသမီးတွေကို ဂုဏ်ပြုသင့်တယ်။”ဟု ကေအိုင်စီသို့ ပြောသည်။
အဆိုပါ KWO ဆုချီးမြှင့်ခံရသည့် ကရင်အမျိုးသမီးများမှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ အမျိုးသမီး၊ လူငယ် နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာနမှ ဝန်ကြီး နော်စူစဲန်နာလှလှစိုး၊ NUG အစိုးရ၏ လူသားခြင်းစာနာထောက်ထား ရေးနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲရေးဝန်ကြီးဌာန ဒုဝန်ကြီး နော်ထူးဖော၊ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ နန့်ဇိုရာ ဖန်းနှင့် နော်မိုင်းရာဒါးဂေဖော၊ KNU ဗဟို စည်းရုံးရေးနှင့် ပြန်ကြားရေးဌာနမှ ပဒိုနော်ဖောဂေခု၊ ပညာရေးကဏ္ဍ လုပ် ဆောင်နေသည့် နော်နယူးထဲန်းဘာထွန်း၊ ကရင်ကျန်းမာရေးနှင့်ကယ်ဆယ်ရေးဌာနမှ နော်ဒါးနှင့် နှစ် ၂၀ကျော်ကြာ ရွာသူကြီးမ တာဝန်ဆောင်ရွက်ခဲ့သည့် အဖီးနော်ဖောညိုတို့ ဖြစ်ကြသည်။
ထို့အပြင် ကရင်အမျိုးသမီးအစည်းအရုံး၌ ၁၀နှစ်၊ ၁၅နှစ်၊ နှစ် ၂၀နှင့် ၂၅နှစ်အထိ တောက်လျှောက် တာဝန်ထမ်းဆောင် ခဲ့သူ ဗဟိုအဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ကရင်အမျိုးသမီး (၄၀)ဦးကိုလည်း ယနေ့အခမ်းအနားတွင် KWO က ဂုဏ်ပြုပေးခဲ့ကြသည်။
KWO အတွင်းရေးမှူး နော်ကညောဖောက “(၃၇)နှစ်ဟာ လူ့သက်တမ်းအရကြည့်ရင် သက်တမ်း တော်တာ်ကြီးနေပြီး ပေါ့နော်။ တဖြည်းဖြည်း တိုးတက်လာတာကို တွေ့ရတယ်။ အမျိုးသမီးငယ်တွေဆိုရင် ရပ်ရွာတွေထဲမှာ ပူးပေါင်းလုပ် ဆောင်မှု များလာတာကိုတွေ့ရတယ်။ လွန်ခဲ့တဲ့ နှစ်(၃၀)တုန်းကဆိုရင် KWO ဟာ ရွာတွေမှာ ထမင်းချက် ရေခပ်လုပ် တာလောက်ပဲ မြင်တယ်။ အခုချိန်ဆိုရင် အဲလို မဟုတ်ဘူး။ နိုင်ငံရေးဖွံဖြိုးတိုးတက်ရေး အပိုင်းမှာလည်း ဝင်လုပ်တာ ရှိပြီး။ အခုဆိုရင် အမျိုးသမီးနဲ့ကလေးသူငယ် အခွင့်အရေးကာကွယ်တဲ့အပိုင်းဆိုရင် KWO ကို တန်းမြင်လာကြတယ်။” ဟု ထပ်မံ ပြောဆိုသည်။

၎င်းအခမ်းအနားတွင် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတရော်(ဖာပွန်)ခရိုင်မှ ပဒိုစောထဲန်းဒဲ၊ တောင်ငူခရိုင် မှ ပဒိုစောအယ်ဝါးနှင့် သက်ရွယ်ကြီးရင့်သူ အမျိုးသမီးခေါင်းဆောင်တစ်ဦးတို့က ကရင်အမျိုးသမီးအစည်းအရုံး ၃၇နှစ် ပြည့်နေ့အတွက် ဗွီဒီယိုရုပ်သံဖြင့် ဂုဏ်ပြုစကားပြောကြားခြင်း၊ သဝဏ်လွှာဖတ်ကြားခြင်း၊ KWO အကြောင်း ဖတ်ကြား ခြင်းနှင့် ဂုဏ်ပြုသီချင်း သီဆိုခြင်းများ ပြုလုပ်ခဲ့ကြသည်။
KWO သည် မိမိအဖွဲ့ဝင် အမျိုးသမီးအရေးအတွက်သာမဟုတ်ဘဲ ကျရာတာဝန်တွင် ကြိုးစားလုပ်ဆောင်ပေးနိုင်သည့် အမျိုးသမီးများကိုပါ အသိအမှတ်ပြု ရွေးချယ်သည့်အတွက် ကျေးဇူးတင်ကြောင်း ဂုဏ်ပြုခံရသူ KNU စည်းရုံးရေးနှင့် ပြန်ကြားရေးဌာန၊ အတွင်းရေးမှူး ပဒိုနော်ဖောဂေခုက ကေအိုင်စီသို့ ပြောသည်။
“အဖွဲ့အစည်းတွေ ရပ်ရွာတွေမှာကြည့်ရင် အမျိုးသမီးပါဝင်မှု အားနည်းသေးတာကို မြင်တွေ့ရတယ်။ နေရာတော်တော် များများမှာ အမျိုးသမီးပါဝင်မှုများလာတာကို မျှော်လင့်တယ်။ တချို့အလုပ်တွေမှာဆိုရင် အရေးကြီးမှန်း မထင်ကြဘူး။ ဒါပေမယ့် အလုပ်တိုင်းမှာ အရေးကြီးတာကို သိစေချင်တယ်။ ကျမ မျှော်လင့်တာက ဘယ်ဌာနတွေမှာဖြစ်ဖြစ်၊ ဘယ်အ ဖွဲ့အစည်းတွေမှာဖြစ်ဖြစ် အမျိုးသမီးတွေ တာဝန်ယူဝင်လုပ်တာကို ဖြစ်စေချင်တယ်။”ဟု ပြောသည်။
ယနေ့ KWO နေ့ အခမ်းအနား အစီအစဉ်ကို ထိုင်း-မြန်မာနယ်စပ်တွင် ဂုဏ်ပြုပွဲအဖြစ် ကျင်းပခဲ့ကြရာ ဒုက္ခသည်စခန်းမှ အမျိုးသမီးခေါင်းဆောင်များ၊ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးနှင့် အခြားကရင်လူထုအခြေပြု အဖွဲ့အစည်း များမှ အမျိုးသမီးများကလည်း အွန်လိုင်းမှတဆင့် ပါဝင်တက်ရောက်ခဲ့ကြသည်။
KWO သည် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ပေးအပ်သည့် Women of Change ဆုကိုလည်းကောင်း၊ အမေရိ ကန်နိုင်ငံခြားရေးဌာနမှ ပေးအပ်သည့် Women of Courage ဆုကိုလည်းကောင်း ရရှိခဲ့သလို ပြီးခဲ့သည့် မတ်လ ၈ရက် နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့တွင်လည်း လူမှုအသိုင်းအဝိုင်းအတွက် ပေးဆပ်လုပ် ဆောင်လျှက်ရှိသည့် ကရင်အမျိုးသမီးများကိုလည်း ဂုဏ်ပြုချီးမြှင့်မှုများ ဆောင်ရွက်ပေးခဲ့သည်။
ကရင့်တော်လှန်ရေး စတင်ခဲ့သည့် ၁၉၄၉ခုနှစ်ကတည်းက ဖွဲ့စည်းတည်ထောင်ခဲ့သည့် ကရင်အမျိုးသမီးအစည်းအရုံး ကို ၁၉၈၅ခုနှစ်တွင် ဖွဲ့စည်းပုံနှင့်အတူ စနစ်တကျ ပြန်လည်ဖွဲ့စည်းခဲ့ရာ ယခုဆိုလျှင် ကရင်ပြည်နယ် အပါအဝင် အချို့ ဒေသများနှင့် ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက်ရှိ ဒုက္ခသည်စခန်းများမှ အဖွဲ့ဝင်ဦးရေ ခုနှစ်သောင်း (၇၀,၀၀၀)ကျော် ရှိပြီဖြစ်ကြောင်း ၎င်းတို့၏ အွန်လိုင်းစာမျက်နှာ၌ ဖော်ပြထားသည်။



















