Home သတင်း ဇွဲကပင်တောင်တွင် ပျောက်ဆုံးသည့် အမျိုးသမီး နှစ်ရက်အကြာ သေဆုံးလျက်ပြန်လည်တွေ့ရှိ

ဇွဲကပင်တောင်တွင် ပျောက်ဆုံးသည့် အမျိုးသမီး နှစ်ရက်အကြာ သေဆုံးလျက်ပြန်လည်တွေ့ရှိ

1411
Photo: ဘုန်းမြတ်သူ

ဧပြီ ၁ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

ဖားအံမြို့ရှိ ကရင်ပြည်နယ်၏ အထင်ကရ ဇွဲကပင်တင်တောင်ပေါ်တွင် မတ်လ ၃၀ ရက်နေ့က တောင်တက်ရင်း ပျောက်ဆုံးသွားသည့် အမျိုး သမီးကို နှစ်ရက်အကြာ ယနေ့ ဧပြီ ၁ ရက်နေ့တွင် အထက်ရေတံခွန်အနီး၌ သေဆုံးလျက် ရုပ်အလောင်းပြန်လည်တွေ့ရှိသည်ဟု သိရသည်။

အမျိုးသမီးရုပ်အလောင်းကို ယနေ့နံနက် ၈နာခွဲအချိန်တွင် အထက်ရေ တံခွန် ဘုရားလေးအနီး မရမ်းပင်အောက်တွင် ကယ်ဆယ်ရေးအဖွဲ့မှ ရှာဖွေတွေ့ရှိခဲ့ရာ တွေ့ရှိနေသည့်အချိန်တွင် အလောင်းကို သစ်ရွက်သစ်ခက်များနှင့် ဖုံးအုပ်ထားသည့်အနေအထားဖြစ်ပြီး ဦးခေါင်းတွင်လည်း ထိခိုက်ဒဏ်ရာရရှိထားကြောင်းလည်း ဖားအံမြို့ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအသင်းက ထုတ်ပြန်ထားသည်။

ကယ်ဆယ်ရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးက “ ပြန်တွေ့တဲ့အနေအထားအရ ခုန်ချပြီးထားတဲ့ပုံမဟုတ်ဘူး။ ရိုက်နှက်အသတ်ခံရတဲ့ပုံနဲ့တူတယ်။ သာမန်ခုန်ချရင် သစ်ရွက်တွေနဲ့ ဖုံးအုပ်စရာအကြောင်းမရှိဘူး။ တောင်ပေါ်တက်တဲ့အချိန်မှာ ကောင်လေးတစ်ယောက်နဲ့ပါတယ်လို့ သိရတယ်။ ”ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါ အမျိုးသမီးသည် ဖားအံမြို့နယ် ဖားကပ်ကျေးရွာအုပ်စု တောကြီးကုန်းကျေးရွာတွင်နေထိုင်သည်ဟု ကနဦးသိရပြီး မတ်လ ၃၀ရက်နေ့တွင် ဇွဲကပင်တောင်တက်ရင်း ပြန်ဆင်းမလာသည့်အတွက် ပြည်နယ် မီးသတ်တပ်ဖွဲ့၊ လူမှုကယ်ဆယ်ရေးအသင်းနှင့် ဒေသခံများက မတ်လ ၃၁ရက်နေ့တွင် စတင်ရှာဖွေခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ပြီးခဲ့သည့်၂၀၂၀ခုနှစ် ဇူလိုင်တွင်လည်း ဇွဲကပင်တောင်ပေါ်တွင် တက္ကသိုလ် ကျောင်းသူတစ်ဦးနှင့် ကျောင်းသားတစ်ဦးသေကြောင်းကြံ ခုန်ချခြင်းရှိခဲ့ဖူးသလို ပြီးခဲ့သည့် ၂၀၁၇ခုနှစ်တွင်လည်း ခရီးသွားပြင်သစ်နိုင်ငံသားတစ်ဦး သေကြောင်းကြံခုန်ချခဲ့သည့် ဖြစ်စဉ်ရှိခဲ့သည်ဟု သိရသည်။

Photo: ဘုန်းမြတ်သူ