Home သတင်း ကော့ကရိတ်အနီး ၅ တိုင်ရွာတွင် စစ်ကောင်စီတပ် အမြောက်အများဝင်ရောက်တပ်စွဲထား၊ ကျေးရွာထဲသို့ လက်နက်ကြီးများဖြင့်ပစ်ခတ်

ကော့ကရိတ်အနီး ၅ တိုင်ရွာတွင် စစ်ကောင်စီတပ် အမြောက်အများဝင်ရောက်တပ်စွဲထား၊ ကျေးရွာထဲသို့ လက်နက်ကြီးများဖြင့်ပစ်ခတ်

1955

ဧပြီ ၁ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင်၊ ကျုံဒိုးမြို့နယ် (ကော့ကရိတ်မြို့နယ်)ကော့ကရိတ်မြို့နှင့် ကျုံဒိုးလမ်းမကြီးပေါ်ရှိ ၅တိုင်ကျေးရွာတွင် ယမန်နေ့ မတ်လ ၃၁ ရက်နေ့က စစ်ကောင်စီတပ်အင်အား အမြောက်အများဖြင့် ဝင်ရောက်စွဲထားသည်ဟု ဒေသခံများက ပြော သည်။

မတ်လ ၃၀ ရက်နေ့ မွန်းလွဲပိုင်းတွင် ဖားအံမှတက်လာသည့် စစ်ကောင်စီတပ်ကားကို (၅) တိုင်ကျေးရွာနှင့်(၉) တိုင်ကျေးရွာကြားတွင် KNLA ပူးပေါင်းတပ်ဖွဲ့၏ မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် အဆိုပါ (၅)တိုင်းရွာတွင် တပ်အင်အား ၂၀၀ ကျော်ရှိသည့် စစ်ကောင်စီတပ်က ဝင်ရောက်နေရာယူ တပ်စွဲခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

“မနေ့က အဲဒီအနားမှာပစ်ခံရတော့ ငါးတိုင်ရွာမှာ သူတို့ တပ်စွဲနေလိုက်တယ်။ လမ်းဘေးက စာသင်ကျောင်းနဲ့ ရော်ဘာခြံတွေမှာ အချက်အခြာကျတဲ့ နေရာမှာ နေရာယူထားတယ်။ သူတို့လူတွေ မြဝတီတက်ဖို့ လုံခြုံရေး ယူပေးတာလားတော့မသိဘူး။” ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ကေအိုင်စီသို့ ပြောသည်။
ယမန်နေ့ ပစ်ခတ်တိုက်မှုဖြစ်ပွားသည့်နေရာအနီးတွင် စစ်ကောင်စီတပ်က ဒေသခံရွာသားတစ်ဦးအား ဖမ်းဆီးခေါ် ဆောင်သွားခဲ့ပြီး ၎င်းဖမ်းဆီးခံရသည့် ဒေသခံရွာသား၏ အခြေအနေကိုလည်း ယခုအချိန် မသိရှိရကြောင်း ၎င်းဒေသခံက ဖြည့်စွက်ပြောဆိုသည်။

ထို့အပြင် စစ်ကောင်စီယာဉ်တန်းမိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ညနေ ၃ နာရီကျော်တွင် ၅ တိုင်ကျေးရွာအနီးရှိ ရေပူကြီးရွာထဲသို့ လက်နက်ကြီးနှင့် (၇)ချက်ခန့် ပစ်ခတ်မှုလုပ်ဆောင်ခဲ့သည့်အပြင် ကော့ကရိတ်မြို့အနီးရှိ အမြောက်တပ်ကုန်းကလည်း တောင်ကြာအင်းကျေးရွာထဲသို့ လက်နက်ကြီးပစ်ခတ်မှုလုပ်ဆောင်သည့်အတွက် လူနေအိမ် (၅)လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့သည်ဟု ဒေသခံများက ပြောသည်။

တောင်ကြာအင်းကျေးရွာရှိဒေသခံတစ်ဦးကလည်း “မနေ့က ရွာထဲကို ပစ်တာ လူနေအိမ် (၄)လုံးထိသွားတယ်။ ညက ရွာဘုန်းကြီးကျောင်းနားတစ်ဝိုက်တော်တော်ကျတယ်။ ဘုန်းကြီးကားတွေ၊ သီလရှင်ကားတွေ ထိသွားတာရှိတယ်။ အခုရက်ပိုင်းမှာ တော်တော်ပစ်တယ်။ အများဆုံးထိတာက အဆောက်အအုံတွေပေါ့။ ” ဟု ကေအိုင်စီသို့ ပြောသည်။

စစ်ကောင်စီတပ်၏ ထိုသို့ လက်နက်ကြီးပစ်ခတ်မှုများကြောင့် တောင်ကြာအင်း၊ မြောက်ကြာအင်း၊ ဝိဇ္ဇာကုန်း၊ လောင်းကိုင်ကျေးရွာ၊ ဖားကျကျေးရွာနှင့် ရေပူကျေးရွာရှိ ဒေသခံလူထုအမြောက်အများသည် အသက်ဘေး လွတ်မြောက်ရာ အခြားကျေးရွာများသို့ သွားရောက်တိမ်းရှောင်နေထိုင်ရပြီး လတ်တလောတွင် ရာသီဥတုပူပြင်းသည့်အခြေအနေကြောင့် စစ်ရှောင်နေရသည့် သက်ကြီးရွယ်အိုများ အသက်သေဆုံးမှုများရှိသည်ဟုလည်း ဒေသခံများက ပြောသည်။