Home သတင်း KNU ဖားအံခရိုင် အမှတ် (၁) ကော်သူးလေ အထက်တန်းကျောင်းဆင်းပွဲ ပြုလုပ်

KNU ဖားအံခရိုင် အမှတ် (၁) ကော်သူးလေ အထက်တန်းကျောင်းဆင်းပွဲ ပြုလုပ်

1640

မတ်လ ၁၈ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

ကရင်အမျိုးသားအစည်းအရုံး-KNU၊ တပ်မဟာ (၇)၊ ဖားအံခရိုင်၊ အမှတ် (၁) ကော်သူးလေ အထက်တန်းကျောင်း ၌ ပြီးခဲ့သည့် ၂၀၂၀-၂၀၂၁ ပညာသင်နှစ်တွင် ကော်သူးလေ အစိုးရစစ် ဖြေဆိုအောင်မြင်သွားသော အထက်တန်း (Grade-12)နှင့် အလယ်တန်း (Grade-9) ကျောင်းသူ၊ ကျောင်းသားများကို ယနေ့ အောင်လက်မှတ် ပေးအပ်ခြင်းနှင့် ကျောင်းဆင်းပွဲအခမ်းအနား ပြုလုပ်ပေးခဲ့သည်။

ကော်သူးလေ အထက်တန်း(Grade-12)တွင် အောင်မြင်သွားခဲ့သူ ကျောင်းသူ၊ ကျောင်းသား (၁၅) ဦး နှင့် (Grade-9) ဖြေဆို အောင်မြင်သွားသူ ကျောင်းသူ၊ကျောင်းသား(၁၆) တို့ကို အောင်လက်မှတ် ပေးအပ်ခြင်းဖြစ်ကာ ပြီးခဲ့သည့် နှစ်အတွက် ကိုဗစ်ကပ်ရောဂါ အခြေအနေများကြောင့် ယခုနှစ်မှ ပေးအပ်နိုင်ခြင်းဖြစ်သည်ဟု ကျောင်းတာဝန်ရှိသူများက ပြောသည်။

KNU ၏ ကော်သူးလေပညာရေးနှင့်ယဉ်ကျေးမှုဌာန -KECD မှ စစ်ဆေးသည့် ကော်သူးလေ အစိုးရစစ် စာမေးပွဲကို အထက်တန်းကျောင်းသူ (၁၀) ဦးနှင့် ကျောင်းသား (၅) ဦး စုစုပေါင်း ၁၅ ဦး ဖြေဆိုခဲ့ရာ ၁၅ ဦးစလုံး ဖြေဆိုအောင်မြင်ခဲ့ပြီး ယနေ့ အောင်လက်မှတ်ပေးအပ်ပွဲ အခမ်းအနားကို ၁၁ ဦးသာ တက်ရောက်နိုင်ခဲ့ကာ ကျန် ၄ ဦးမှာ သွားလာရေး အခက်အခဲများကြောင့် လာရောက်နိုင်ခြင်းမရှိကြောင်း နှင့် အလယ်တန်းတွင်ကျောင်းသူ (၉) ဦး၊ ကျောင်းသား(၇) ဦး စုစုပေါင်း ၁၆ ဦး ဖြေဆိုအောင်မြင်ခဲ့ခြင်းဖြစ်သည်။

ယနေ့ အခမ်းအနားကို ဖားအံခရိုင် ဥက္ကဌ ပဒိုစောအောင်မော်အေး အပါအဝင် သက်ဆိုင်ရာခရိုင်တာဝန်ရှိသူများ၊ KECD ပညာရေးဌာနမှ တာဝန်ရှိသူများ၊ နယ်မြေခံ တပ်မှူး နှင့် ကျောင်းသူကျောင်းသားများ၊ ကျောင်းသား မိဘများ တက်ရောက်ခဲ့ကြပြီး သက်ဆိုင်ရာ တာဝန်ရှိ ခေါင်းဆောင်များကလည်း အားပေး စကားများ အသီးသီး ပြောဆိုသွားခဲ့သည်။

အလားတူ ကော်သူးလေ ပညာရေးဌာနလက်အောက်တွင်ရှိသော ဖားအံခရိုင်အတွင်းရှိ အလယ်တန်း၊မူလတန်း အဆင့် ကျောင်းများတွင်လည်း ယနေ့ ကျောင်းဆင်းပွဲများ အသီးသီး ပြုလုပ်ကြကြောင်းလည်း သိရှိရသည်။