Home သတင်း အစိုးရမဟုတ်၍ စာသင်ကျောင်းပိတ်သည့်ကိစ္စ စစ်ကောင်စီနယ်လုံကန့်ကွက်စာ တရားမဝင်ကြောင်း KNU ပြော

အစိုးရမဟုတ်၍ စာသင်ကျောင်းပိတ်သည့်ကိစ္စ စစ်ကောင်စီနယ်လုံကန့်ကွက်စာ တရားမဝင်ကြောင်း KNU ပြော

1695

မတ်လ ၁၈ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

လက်ရှိစစ်ကောင်စီသည် နိုင်ငံ၏အစိုးရ မဟုတ်သည့်အတွက် KNU-ကရင်အမျိုးသားအစည်းအရုံး သထုံခရိုင် (တပ်မဟာ-၁)၊ ဖားအံမြို့နယ်ရှိ စာသင်ကျောင်း (၄)ကျောင်းပိတ်ထားသည့်ကိစ္စနှင့်ပတ်သက်ပြီး ပြည်နယ် စစ်ကောင်စီလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မျိုးမင်းနောင်ကန့်ကွက်စာပေးပို့မှုသည် တရားမဝင်ကြောင်း KNU က တုန့်ပြန်လိုက်သည်။

လုံခြုံရေး မယူနိုင်သည့်အတွက် ဖားအံမြို့နယ် (ကေအဲန်ယူ သထုံခရိုင်၊ တပ်မဟာ-၁ နယ်မြေ)ရှိ စာသင်ကျောင်း (၄)ကျောင်းပိတ်ထားသည့် ကိစ္စနှင့်ပတ်သက်၍ စစ်ကောင်စီလုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မျိုးမင်းနောင်က ဖားအံမြို့ရှိ KNU ဗဟိုနှင့် တပ်မဟာများ ဆက်ဆံရေးရုံး၊ ရုံးတာဝန်ခံထံသို့ မတ်လ ၁၄ ရက်နေ့စွဲဖြင့် ကန့်ကွက်အကြောင်း စာပေးပို့သည့်အပေါ် KNU သထုံခရိုင် ဥက္ကဋ္ဌ က ပဒိုစောစိုးမြင့်က ယခုလို တုန့်ပြန်ပြောဆိုလိုက်ခြင်းဖြစ်သည်။

“သူတို့က အစိုးရမှ မဟုတ်တာ၊ ဘယ်သူက သူ့ကို အစိုးရတင်လို့လဲ။ ပြည်သူတစ်ရပ်လုံးက လက်မှမခံတာ။ NCA လမ်းကြောင်းနဲ့ စာပို့ပေမယ့်လည်း ကျနော်တို့မှာ NCA လည်း မရှိတော့ဘူး။ NCA က ပျက်တာကြာလှပြီး။ JMC လည်း မရှိတော့ဘူး။ အစိုးရမရှိတော့တဲ့နောက်ပိုင်းမှာ NCA ဆိုတာ မရှိတော့ဘူး။”ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

ဖားအံမြို့နယ်ထဲရှိ အထက တကောင်ဘိုး၊ အထက-မြိုင်၊ အထက(ခွဲ) ဝဲပျံနှင့် အလက ဘောသပြု စာသင်ကျောင်း များ၏ ကျောင်းကော်မတီများမှ သက်ဆိုင်ရာဝန်ထမ်းများအားလုံး လုံခြုံမှုမပေးနိုင်သောကြောင့် (၁၀-၂-၂၀၂၂) မှစ၍ ပိတ်ထားရကြောင်း KNU တပ်မဟာ ၁ ၏ ( ၇-၂-၂၀၂၂ ) ထုတ်ပြန်စာကို ကိုးကား၍ ပြည်နယ် စစ်ကောင်စီနယ်လုံက KNU အဖွဲ့အနေဖြင့် NCA သဘောစာချုပ်အတိုင်း လိုက်နာဆောင်ရွက်ရန်၊ နယ်ဘက် အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်များတွင် ဝင်ရောက်စွက်ဖက်မှုမရှိစေရေး လက်အောက်ခံ တပ်ဖွဲ့ဝင်များအား ထိန်းသိမ်းကြပ်မတ်ပေးနိုင်ရန်နှင့် အထက်ပါ ဆောင်ရွက်မှုအပေါ် ကရင်ပြည်နယ်အစိုးရမှ ကန့်ကွက်ကြောင်း အကြောင်းကြားအပ်ပါသည်ဟု ဖော်ပြထားသည်။

စစ်ကောင်စီ နယ်လုံကန့်ကွက်စာနှင့်ပတ်သက်၍ ကရင်ငြိမ်းချမ်းရေးအထောက်အပြု ကွန်ရက် (KPSN)အဖွဲ့မှ စောလေးကပေါ်က” အဲန်စီအေဆိုတာ ၂၀၁၈ ကတည်းက သေနေပြီလို့ ကျနော်တို့က မှတ်ယူထားတယ်လေ။ ငြိမ်းချမ်းလမ်းကြောင်းလည်း ဆုံးနေပြီလို့ အဲကတည်းက ပြောထားတာ။ သူတို့က ဒီအဲန်စီအေ ဆိုတဲ့ဟာကြီးကို သုံးပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကို ချည်နှောင် ထားစေချင်တဲ့သဘောပေါ့။ ကေအဲန်ယူ အနေနဲ့က စစ်အာဏာရှင် ဖြုတ်ချရေးမှာ လုပ်သင့်တာကို လုပ်သွားဖို့က လိုအပ်တယ်ပေါ့။ “ဟု မှတ်ချက်ပြုသည်။

ကေအဲန်ယူ ဖားအံမြို့နယ်ထဲတွင် စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်နေသည့် ဌာနဆိုင်ရာ ဝန်ထမ်းများအားလုံး လက်ရှိတာဝန်မှ နုတ်ထွက်ပေးရန် ကေအဲန်ယူ သထုံခရိုင်၊ ဖားအံမြို့နယ်က ပြီးခဲ့သည့် ဖေဖော်ဝါရီ (၇)ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ထို့ကြောင့် အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု-CDM မဝင်သည့် ဝန်ထမ်းများသည် စစ်ကောင်စီကို အားပေးအား မြောက်ရာဖြစ်စေသည့်အတွက် စစ်ကောင်စီအားပေးထောက်ခံသည့် ဝန်ထမ်းများကို ၎င်းတို့၏ နယ်မြေထဲတွင် လက်မခံနိုင်သလို အဆိုပါ ဝန်ထမ်းများသည် နယ်မြေအတွင်း တစ်စုံတစ်ခု ဖြစ်လာပါက ကေအဲန်ယူဘက်မှ တာဝန်မယူပေးနိုင်ကြောင်းလည်း ပြောဆိုပြီးသားဖြစ်သည်ဟု သထုံခရိုင်ဥက္ကဋ္ဌ ပဒိုစောစိုးမြင့်က ပြောသည်။