Home သတင်း လေးကေ့ကော်မြို့သစ်ရှိ လူမနေသောနေအိမ်များအား ဖောက်ထွင်းဝင်ရန် စစ်ကောင်စီတပ် စေခိုင်းနေ

လေးကေ့ကော်မြို့သစ်ရှိ လူမနေသောနေအိမ်များအား ဖောက်ထွင်းဝင်ရန် စစ်ကောင်စီတပ် စေခိုင်းနေ

1358

မတ်လ ၁၈ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ

မြဝတီမြို့တောင်ဘက်ရှိ လေးကေ့ကော် မြို့သစ်အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲကြောင့် မြို့သစ်ရပ်ကွက်များတွင် နေထိုင်သူများ ထွက်ပြေး တိမ်းရှောင်နေရစဉ် လူမနေသော နေအိမ်များအား ဖောက်ထွင်းဝင်ရန် စစ်ကောင်စီတပ်က နယ်ခံအရပ်သားတချို့ကို စေခိုင်းနေကြောင်း မြို့သစ်တာဝန်ရှိသူများထံမှ သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလမှစ၍ အဆိုပါ နေအိမ် ဖောက်ထွင်းမှုသတင်းများကို ရရှိပြီး နယ်မြေခံ ကရင်အမျိုး သား လွတ်မြောက်ရေးတပ်မတော်-KNLA တပ်ဖွဲ့ဝင်များမှ သွားရောက် စစ်ဆေးကြည့်ရာတွင် ဖမ်းဆီးရမိသူများ ရှိကြောင်း မြို့သစ် တာဝန်ရှိသူတစ်ဦးက ယခုလိုပြောသည်။

၎င်းက “ကျနော်တို့ ဖောက်ထွင်းခံရမှု သတင်းတွေကြားတော့ ကျနော်တို့ဘက်က လုံခြုံရေး သွားယူပေးတဲ့ အခါမှာ မနေ့က ကျနော်တို့ စပြီး ဖမ်းမိတယ်။ သွားခိုးတဲ့ သူတွေက ကားနဲ့ သွားတယ်။ ပြီးတော့ ခိုးလို့ရတဲ့ ပစ္စည်းတွေကို မင်းလက်ပံဘက်ကို သယ်သွားတယ်လို့ ကြားတော့ သွားစစ်ဆေးကြည့်တော့ အဲ့မှာ စဖမ်းမိတာပဲ။” ဟု ကေအိုင်စီ သို့ ပြောသသည်။

ထို့အပြင် အဆိုပါ ဖမ်းဆီးရမိသူများကို စစ်ဆေးကြည့်ရာတွင် နေအိမ်အတွင်းရှိ အိမ်ဂရမ် စာရွက်စာတမ်းများ၊ ကားစာရွက်စာတမ်းများနှင့် မူးယစ်ဆေးဝါးများပါ ဖမ်းဆီးရမိပြီး စစ်ဆေးမေးမြန်းမှုအရ ၎င်းတို့၏ နောက် ကွယ်တွင် စစ်ကောင်စီ၏ စေခိုင်းမှုကြောင့်ဖြစ်ကြောင်း ဝန်ခံပြောဆိုသည်ဟုလည်း အဆိုပါ တာဝန်ရှိသူက ဆက်ပြောသည်။

ယမန်နေ့ညက နေအိမ် ဝင်ရောက် ဖောက်ထွင်းသူများမှာ မင်းလက်ပံ ကျေးရွာသားများဖြစ်ပြီး ဝင်ရောက် ဖောက်ထွင်းသူ ၆ ဦးမှ ၄ ဦးကို ဖမ်းဆီးရမိကာ ကျန် ၂ဦးမှာ ထွက်ပြေးလွတ်မြောက်သွားသလို ၎င်းနှစ်ဦးထဲမှ တစ်ဦးမှာ တိုက်ပွဲအတွင်း ထောင်ထားသည့် မိုင်းထိမှန်သွားကြောင်းလည်း တာဝန်ရှိသူများက ဆိုသည်။

အလားတူ မြို့သစ်နေဒေသခံ အမျိုးသမီးတစ်ဦးကလည်း ၎င်းနေအိမ်အပါအဝင် နေအိမ်တချို့ ဖောက်ထွင်းခံထား ရကြောင်းနှင့် တချို့မှာ ဖြိုဖျက်ခံထားရပြီး မီးရှို့ခံထားရမှုလည်းရှိကြောင်း ယခုလို ပြောသည်။

” မနေ့က လေးကေ့ကော်ထဲကိုကျမတို့ ပြန်ဝင်တော့ အိမ်တိုင်းလိုလို အဖောက်ခံထားရတယ်။ ပွင့်နေတယ်။ အိမ်တိုင်းလိုလိုလည်း ပစ္စည်းတွေ မွှေနှောက်ခံထားရတယ်။ ကျမအိမ်ကျတော့ မီးရှို့ခံထားရတယ်။ ဘာဆိုဘာမှ မရှိတော့ဘူး။ တချို့ အိမ်ဆိုရင်တော့ လက်နက်ကြီး လက်နက်ငယ်တွေ ထိထားတာတွေရှိတယ်။” ဟု ကေအိုင်စီ သို့ ပြောသည်။

ယခုလို နေအိမ်ဖောက်ထွင်းမှုနှင့် မီးရှို့ခံထားရမှုကြောင့် စိတ်ထိခိုက်ရကြောင်း နှင့် ဒေသခံအများစုမှာ နေစရာ နေအိမ်လည်းမရှိတော့သဖြင့် လတ်တလော ဖြစ်ပွားနေသည့် စစ်ပွဲကိုလည်း အမြန်ဆုံးအဆုံးသတ် စေလိုပြီးဖြစ်ကြောင်း အဆိုပါ အမျိုးသမီးက ဆက်ပြောသည်။

မြဝတီမြို့တောင်ဘက် ၉ မိုင်ခန့် အကွာအဝေးရှိ လေးကေ့ကော် ဒေသတိုက်ပွဲ စတင်ဖြစ်ပွားသည့် ယခင်နှစ် ဒီဇင်ဘာလလယ်မှ ယခုမတ်လအထိ ၃ လကျော် ကြာမြင့်လာပြီဖြစ်ပြီး လက်ရှိကျေးရွာ ၅ ရွာခန့်နှင့် လေးကေကော်မြို့သစ် ရပ်ကွက်များတွင် နေထိုင်ခဲ့သူများအပါအဝင် စစ်ရှောင်နေရသူ ၆၀၀၀ (ခြောက် ထောင်)ကျော် နေရပ်မပြန် နိုင်သေးဘဲ ဘေးလွှတ်ရာ စစ်ရှောင်နေရာများတွင် ခိုလှုံနေကြဆဲဖြစ်သည်ဟု သိရသည်။

တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သောကြောင့် စစ်ရှောင်နေရသော လေးကေ့ကော် ပြည်သူများ ၎င်းတို့နေအိမ်သို့ မပြန်နိုင်ကြသေးသည့်အပေါ် အခွင့်အရေးယူပြီး နေအိမ်ဝင်ရောက် ဖောက်ထွင်းမှုများ ပြုလုပ်လာကြခြင်းဖြစ်သည်။