မတ်လ ၁၈ ရက်၊ ၂၀၂၂ခုနှစ် ။ ကေအိုင်စီ
မြဝတီနယ်စပ် ကုန်သွယ်ရေးဇုန်သို့ ဝင်ရောက်စစ်ဆေးခံရန် စောင့်ဆိုင်းနေသည့် ကုန်တင်ယာဉ် အစီးရေ ၃၀၀ ကျော်ခန့်မှာ လမ်းတစ်ခြမ်းရပ်ထား၍ မြဝတီမြို့ပြင် မြေနီကုန်းလမ်းဆုံမှ ကုန်သွယ်ရေးဇုန်အထိ ယာဉ်ကြောပိတ်ဆို့မှု ဖြစ်ပွားလျှက် ရှိကြောင်းသိရသည်။
ယာဉ်ကြောပိတ်ဆို့မှုအခြေအနေနှင့်ပတ်သက်၍ မြဝတီဒေသခံ ကိုသိန်းရွှေ က “အခုလို ယာဉ်ကြောပိတ်ဆို့မှု ဖြစ်တာက ဒီနေ့နဲ့ပါဆို ၂ ရက်လောက် ရှိပြီးဗျ။ မနေ့ကလည်း မြေနီကုန်းလမ်းဆုံကနေ ကုန်သွယ်ရေးဇုန်အထိ ၃ မိုင် လောက်ရှိမယ်။ လမ်းတစ်ခြမ်းမှာ ကုန်တင်ကား အစီး ၃၀၀ ကျော် လမ်းတခြမ်းရပ်ထားလို့ အဲ့ဒီနေရာမှာ သွားလာရခက်ခဲပြီးယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပွားခဲ့တယ်”ဟု ပြောသည်။
အဆိုပါ ကုန်တင်ယာဉ်များမှာ မြဝတီနယ်စပ်ကတဆင့် နိုင်ငံတဝှမ်းသို့ တင်ပို့မည့်ထိုင်းသွင်းကုန်ပစ္စည်းများကို မြဝတီကုန်သွယ်ရေးဇုန်တွင် အခွန်သွင်းရန်နှင့် စစ်ဆေးမှုခံယူရန် စောင့်ဆိုင်းနေကြခြင်းဖြစ်သည် ဟု မြဝတီနယ်စပ် ကုန်သည်တစ်ဦးက ဆိုသည်။
၎င်းက”ယခင်ရက်များက မြဝတီ-ကော့ကရိတ် အာရှလမ်း ပိတ်ထားခြင်းကြောင့် ကုန်ပစ္စည်းများကို တင်သွင်းခွင့် လိုင်စင်နှင့် အခွန်ဆောင်ခြင်း စတဲ့ စာရွက်စာတမ်းများကို ကြိုတင်မဆောင်ရွက်ထားသည့်အတွက် ယခုလို လမ်းပြန်ဖွင့်သည့် အခါမှာတော့ စာရွက်စာတမ်းများကို ပြုလုပ်နေရ၍ ယခုလို စောင့်ဆိုင်းနေရခြင်းဖြစ်ပါတယ်။”ဟု မြဝတီနယ်စပ်ကုန်သည်တစ်ဦးက ပြောသည်။
ပြီးခဲ့သည့် မတ်လ ၁၁ ရက်နေ့ ညနေပိုင်းက မိုင်းခွဲခံရသော အာရှလမ်း တောနော်ရေတံခွန်အနီး တံတားနေရာတွင် ဘေလီတံတား ထိုးကာ ပြင်ဆင်နေသလို မတ်လ ၁၂ ရက်နေ့ နံနက်ပိုင်းက မှန်လုံယာဉ်အပါအဝင် ကုန်တင်ကား ၅ စီး ခန့် မှာ ပစ်ခတ်မီးရှို့ခံရမှု ဖြစ်ပွားခဲ့သေးသည်။
ထိုသို့ ဖြစ်ပွားမှုအပြီး နောက်ဆက်တွဲဂယက်အဖြစ် ထိုလမ်းပိုင်းနှင့် အနီးဝန်းကျင်တို့၌ စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA ပူးပေါင်းအဖွဲ့တို့ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့၍ ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်မှု၏ အဓိကလမ်းကြောင်းဖြစ်သော မြဝတီ-ကော့ကရိတ် အာရှလမ်းအား ၄ ရက်ခန့် ပိတ်သွားခဲ့ပြီး ယမန်နေ့ မတ်လ ၁၇ ရက်နေ့မှစ၍ ပြန်လည် ဖွင့်ပေးခဲ့ကြောင်း သိရသည်။




















