မတ်လ ၅ ရက် ၂၀၂၂ခုနှစ်။ကေအိုင်စီ
ကရင်ပြည်နယ် မြဝတီ-ကော့ကရိတ် အာရှလမ်း ကွမ်းခြံကွေ့ကုန်းဆင်း နေရာတွင် ယနေ့ မွန်းလွဲ ၁ နာရီ အချိန်ခန့်က မှန်လုံယာဉ် နှင့် ကုန်တင်တွဲကား တိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ကော့ကရိတ်ဘက်မှ မြဝတီဘက်သို့ မောင်းနှင်လာသော ရွှေသလ္လာ မှန်လုံယာဉ်မှ လားရာတူ ကုန်တင်တွဲကားအား အနောက်မှ ဝင်တိုက်မိခြင်းဖြစ်သည်ဟု ဖြစ်စဉ်နေရာသို့ သွားရောက်ကူညီပေးခဲ့သည့် သင်္ဃန်းညီနောင် လူမှုကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
၎င်းက “ယာဉ်တိုက်မှုဖြစ်တာကတော့ ဒီနေ့လည် ၁ နာရီဝန်းကျင်လောက်မှာ ဖြစ်သွားတာ။ ကျနော်တို့က ၁ နာရီ မိနစ် ၄၀ အချိန်လောက်မှသိရတယ်။ သိတာနဲ့ ချက်ချင်းဖြစ်စဉ်နေရာကို သွားရောက်ခဲ့ပါတယ်။ ကျနော်တို့ ရောက်ရှိချိန်မှာတော့ ယာဉ်တိုက်မှုကြောင့် ခြေထောက်မှာ ပြင်းထန်ဒဏ်ရာရရှိထားတဲ့ မှန်လုံယာဉ်အကူ တစ်ဦးကိုသာ တွေ့ရှိလို့ မြဝတီခရိုင်ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်”ဟု သင်္ဃန်းညီနောင်လူမှုကယ်ဆယ်ရေး အဖွဲ့ တာဝန်ရှိသူက ပြောသည်။
အဆိုပါ ယာဉ်တိုက်မှု ဖြစ်သည့် အာရှလမ်း ကွမ်းခြံကွေ့ကုန်းဆင်း နေရာသည် မကြာခဏ ဖြစ်ပွားလေ့ရှိပြီး လူအသေအပျောက်
မှုများလည်းရှိခဲ့သည်။ ထိုနေရာတွင် ကုန်းအဆင်းရှည်သောကြောင့် ယာဉ်အန္တရာယ် မဖြစ်စေရန်အတွက် အရှိန်လျှော့၍ ဂီယာကြီးဖြင့် အတက်အဆင်းများ ပြုလုပ်ကြရန် ဆိုင်းဘုတ်များဖြင့် အသိပေး နှိုးဆော်ထားသည်။




















