Home သတင်း နယ်စပ်ကုန်သွယ်မှု ဘတ်နှင့်ကျပ်ငွေ တိုက်ရိုက်ပေးချေလျှင် ဒေါ်လာငွေသုံးစွဲမှု လျော့ကျနိုင်

နယ်စပ်ကုန်သွယ်မှု ဘတ်နှင့်ကျပ်ငွေ တိုက်ရိုက်ပေးချေလျှင် ဒေါ်လာငွေသုံးစွဲမှု လျော့ကျနိုင်

1562

မတ်လ ၄ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ

ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်မှုတွင် ထိုင်းဘတ်ငွေနှင့် မြန်မာကျပ်ငွေ တိုက်ရိုက် အသုံးပြုပေးချေခွင့် အမှန်တကယ် ရှိလာပါက ဈေးကွက်အတွင်း အမေရိကန် ဒေါ်လာငွေသုံးစွဲမှု လျော့ကျလာနိုင်သည်ဟု မြဝတီနယ်စပ်ကုန်သည်ကြီး များအသင်း ဥက္ကဌ ဒေါ်သင်းသင်းမြတ်က သုံးသပ်ပြောဆိုသည်။

သူမက “နယ်စပ်ကုန်သွယ်မှုမှာ တချို့သွင်းကုန်တွေဆိုရင် ဒေါ်လာငွေနဲ့ ပေးချေရတာတွေရှိတယ်။ ဥပမာ လောင်စာဆီ တို့ဆိုရင် ဒေါ်လာနဲ့ပေးရတာပေါ့။ အခုလို မြန်မာငွေနဲ့ ဘတ်ငွေ တိုက်ရိုက်အသုံးပြုပေးချေခွင့် အမှန်တကယ် ရှိလာရင် တော့ ဒေါ်လာငွေ သုံးစွဲမှု လျော့ကျလာနိုင်တယ်။”ဟု ဆိုသည်။

ထိုင်း-မြန်မာ နှစ်နိုင်ငံနယ်စပ်ဒေသတွင် ဘတ်ငွေနှင့် ကျပ်ငွေ တိုက်ရိုက် အသုံးပြုပေးချေခွင့်ပြုကြောင်း မြန်မာနိုင်ငံ ဗဟိုဘဏ်က မတ်လ ၃ရက် ယမန်နေ့က ထုတ်ပြန်ကြေညာထားသည်။

အဆိုပါထုတ်ပြန်ချက်နှင့်ပတ်သက်၍ ဒေါ်သင်းသင်းမြတ်က “ဗဟိုဘဏ်ရဲ့ ထုတ်ပြန်ချက်အရဆိုရင်တော့ ကျမတို့နယ် စပ်ကုန်သွယ်မှုက ပိုမိုမြန်ဆန်ပြီး လွယ်ကူစေမှာပါ။ ဒါ့အပြင် ကုန်သည်တွေအနေနဲ့ နှစ်နိုင်ငံနယ်စပ်မှာ ထိုင်းဘတ်ငွေနဲ့ မြန်မာကျပ်ငွေတွေကို အကန့်အသတ်မရှိ တရားဝင် ကိုင်ဆောင်ခွင့်လည်း ရလာမယ်လို့ ထင်ပါတယ်။ ဒီလိုအခွင့်အ လမ်းတွေ ရှိလာမယ်ဆိုရင် မလိုလားအပ်တဲ့ ပြဿနာတွေလည်း နည်းသွားမယ်။”ဟု ၎င်းက ဆက်ပြောသည်။

ယမန်နေ့က ဗဟိုဘဏ်၏ ထုတ်ပြန်ချက်တွင် ASEAN Financial Integration ၏ ရည်ရွယ်ချက်များနှင့်အညီ ပြည်တွင်း ငွေကြေးသုံးစွဲမှုကို တိုးမြှင့်ရန်အတွက် ရည်ရွယ်၍ ထိုင်း-မြန်မာနှစ်နိုင်ငံ နယ်စပ်ဒေသတွင် ဘတ်/ကျပ် တိုက်ရိုက်အသုံး ပြုပေးချေမှုကို ဆောင်ရွက်ခွင့်ပြုလိုက်ကြောင်း ဖော်ပြပါရှိသည်။

ထိုသို့ ဘတ်/ကျပ် တိုက်ရိုက် ငွေပေးချေမှုကို ဆောင်ရွက်ခွင့်ရသည့်ဘဏ်(Designated Bank)များတွင် နယ်စပ်ကုန် သွယ်မှု ဆောင်ရွက်မည့် သွင်းကုန်တင်သွင်းသူများနှင့် ပို့ကုန်တင်ပို့သူများ၏ ဘတ်စာရင်း ဖွင့်လှစ်ခွင့်ပြုသည်ဟု အဆို ပါထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှုတွင် ဘတ်/ကျပ် တိုက်ရိုက် အသုံးပြုပေးချေရေး လုပ်ငန်းစဉ်များဆိုင်ရာ လမ်းညွှန်ချက် လိုက်နာဆောင်ရွက်ရန်ဖြစ်ပြီး ၎င်းအမိန့်စာထုတ်သည့်နေ့မှစ၍ အကျိုးသက်ရောက်စေရမည်ဟု စစ်ကောင်စီ၏ ဗဟို ဘဏ်က ထုတ်ပြန်ထားခဲ့သည်။