Home သတင်း စာသင်ကျောင်းအနီး ပစ်ခတ်မှုများဖြစ်ခဲ့၍ စာမေးပွဲဖြေဆိုမှုကို နေရာပြောင်းရွှေ့ရန်စီစဉ်လိုက်ရ

စာသင်ကျောင်းအနီး ပစ်ခတ်မှုများဖြစ်ခဲ့၍ စာမေးပွဲဖြေဆိုမှုကို နေရာပြောင်းရွှေ့ရန်စီစဉ်လိုက်ရ

1340

မတ်လ ၁၈ ရက် ၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ် မြဝတီမြို့ အမှတ် ၃ ရပ်ကွက် နှင့် ရပ်ကွက် ၄ ကြား ကျောက်လုံးကြီးအနောက် စစ်မှုထမ်းဟောင်း မူလွန်ကျောင်း၏ အနီးဝန်းကျင်၌ ယနေ့ မတ်လ ၁၈ ရက် နေ့လည်ပိုင်းက ပစ်ခတ်မှုတစ်ချို့ရှိခဲ့၍ နောက်ရက် စာမေးပွဲဖြေဆိုမှုကို နေရာပြောင်းရွှေ့ဖြေဆိုရန် စီစဉ်ထားရကြောင်း သိရသည်။

ယနေ့ နေ့လည် ၁၂ နာရီအချိန်တွင် စာသင်ကျောင်းအနီး၌ လက်နက်ကြီး ၊ လက်နက်ငယ်များ ပစ်ခတ်မှုဖြစ်ပွားခဲ့၍ ကျောင်းဆရာ၊ ဆရာမနှင့် ကျောင်းသူကျောင်းသားများ၏ အသက်အန္တရာယ်စိုးရိမ်ရသည့်အတွက် စာမေးပွဲဖြေဆိုမှုကို ယခုလို နေရာရွှေ့ပြောင်းရန် စီစဉ်ရခြင်းဖြစ်သည်ဟု ၎င်းစာသင်ကျောင်းမှ ဆရာမ တစ်ဦးက ပြောသည်။

သူမက “ဒီကနေ့ နေ့လည် ၁၂ နာရီခွဲလောက်မှာ ဖြစ်သွားတာ။ ကျောင်းအနားမှာပဲ။ လက်နက်ကြီး ပစ်ခတ်သံ ၅ ချက်လောက် ကြားရပြီး လက်နက်ငယ်ပစ်ခတ်သံတွေပါ ထပ်ကြားရတယ်။ အသံတွေက နီးနီကပ်ကပ်ဘဲ ဆိုတော့ ခလေးတွေရော ဆရာ/ဆရာမတွေပါ ကြောက်သွားတာပေါ့။ ဖြစ်တဲ့ အချိန်က စာမေးပွဲ ဖြေဆိုပြီးချိန်မို့ တော်သေးတာပေါ့။ ဒါပေမယ့် ကျန်ရှိ နေသေးတဲ့ နောက်ရက် စာမေးပွဲဖြေဆိုမှုကိုတော့ ဒီကျောင်းမှာ မလုပ်တော့ဘူး။ နီးစပ်ရာ စာသင်ကျောင်း တစ်ခုခုမှာ ဖြေဆိုဖို့ စီစဉ်ထားတယ်။”ဟု ပြောသည်။

ယခုရက်ပိုင်းအတွင်း မြဝတီမြို့ပြင်နေရာများတွင် လက်နက်ကြီး လက်နက်ငယ် ပစ်ခတ်မှုများဖြင့် တိုက်ပွဲငယ်များ နေ့စဉ်လိုလို ရှိနေ၍ ဒေသခံ ပြည်သူ ၁,၀၀၀ ဝန်းကျင်ခန့်သည်လည်း နီးစပ်ရာ ဘုန်းကြီးကျောင်းများနှင့် မြို့တွင်းရှိ ဆွေမျိုးများထံ လာရောက် စစ်ရှောင်နေကြရသည်ဟု စစ်ရှောင်ကူညီရေး ဆောင်ရွက်နေသူများက ပြောသည်။

” ပစ်ခတ်မှုကတော့ တွေကတော့ မြဝတီမြို့နဲ့ အနီးဝန်းကျင်မှာရှိတဲ့ ကျောက်လုံးကြီးအနောက်၊ မေတ္တာလင်းမြိုင် လက်ခတ်တောင် တဝိုက်နဲ့ ပွင့်လင်းအေးမြိုင်ကျေးရွာ အနီးဝန်းကျင် အစရှိတဲ့ ရွာတွေဘက် ဖြစ်နေတာပါ။ ဒီလိုပစ်ခတ်မှုများနှင့် ထိတွေ့တိုက်ပွဲငယ်များ ရှိနေတာကြောင့် အဲဒီဒေသက ပြည်သူတွေက သူတို့နေအိမ်တွင် မနေဝံ့တော့ဘဲ အိုးအိမ်စွန့်ခွာ၍ နီးစပ်ရာ ဘုန်းကြီးကျောင်း နဲ့ မြဝတီမြို့မှာရှိတဲ့ ဆွေမျိုးထံ လာရောက် စစ်ရှောင်နေကြရတယ်”ဟု စစ်ဘေးရှောင်ကူညီရေး ဆောင်ရွက်နေသည့် လူမှုအဖွဲ့အစည်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မြဝတီမြို့ နှင့် ၉ မိုင်ခန့်အကွာ လေးကေကော်ဒေသတွင် ယခင်နှစ် ဒီဇင်ဘာလ ၁၅ ရက်မှစ၍ စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်မဟာ (၆) မဟာမိတ်ပူးပေါင်းအဖွဲ့တို့ ဖြစ်ပွားလျက်ရှိသော တိုက်ပွဲသည် ယခုကာလအားဖြင့် ၃ လနီးပါးရှိလာပြီးဖြစ်သည်။

သို့ဖြစ်၍ ထိုဒေသရှိ စစ်ရှောင်ပြည်သူများ အေးချမ်းစွာ နေရပ်ပြန်လည် နေထိုင်နိုင်ရေးအတွက် ယင်းဒေသတွင် တပ်စွဲထား သည့် စစ်ကောင်စီတပ်များအား မတ်လ ၉ ရက်နေ့ နောက်ဆုံးထား၍ (၃)ရက်အတွင်း တပ်ဆုတ်ရုပ်သိမ်းပေးရန် KNU ဒူးပလာယာခရိုင်က စစ်ကောင်စီ အရှေ့တောင်တိုင်း စစ်ဌာနချုပ်ထံ လိပ်မူ၍ ပြီးခဲ့သည့် မတ်လ ၇ ရက်နေ့စွဲဖြင့် စာထုတ်အသိပေးထားသည်။

သို့သော် စစ်ကောင်စီတပ်မှ မတ်လ ၁၀ ရက်နေ့တွင် လေးကေ့ကော်ဒေသအား လေယာဉ်ဖြင့် လာရောက်ပစ်ခတ်ခဲ့သလို မြေပြင်တွင် လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်ခဲ့သည်။ ထိုသို့ ပစ်ခတ်မှုများ၏ နောက်ဆက်တွဲ အနေဖြင့် မတ်လ ၁၁ ရက်နေ့မှစ၍ မြဝတီ-ကော့ကရိတ် အာရှလမ်းနှင့် ကော့ကရိတ်တောင်ပိုင်းတို့တွင်လည်းကောင်း ၊ မြဝတီမြို့အနီး တောင်ဘက်ကျေးရွာတစ်ချို့တွင် ယနေ့ထိ လက်နက်ကြီးပစ်ခတ်မှုများနှင့် တိုက်ပွဲငယ်များ နေ့စဉ်လိုလို ရှိနေကြောင်း သိရသည်။