Home သတင်း ပုလောကုန်းတိုက်ပွဲအပြီး သေဆုံးအလောင်းများ စစ်ကောင်စီ လာမကောက်သေး၊ ရွာချင်းဆက်လမ်းများ ပိတ်ဆို့ထားဆဲ

ပုလောကုန်းတိုက်ပွဲအပြီး သေဆုံးအလောင်းများ စစ်ကောင်စီ လာမကောက်သေး၊ ရွာချင်းဆက်လမ်းများ ပိတ်ဆို့ထားဆဲ

1198
Photo: CJ

မတ်လ ၁၇ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ

ယမန်နေ့က တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပုလောကုန်း ဒေသတွင် ဖြစ်ပွားခဲ့သည့် စစ်ကောင်စီ၊ ပျူစောထီး ပူးပေါင်းတပ်နှင့် ဒေသခံ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့(PDF) ပူးပေါင်းတပ်ဖွဲ့အကြား တိုက်ပွဲအပြီး ထိခိုက်သေဆုံးသွားသော စစ်ကောင်စီ တပ်ဖွဲ့ဝင်အလောင်းများ လာမကောက်သေးကြောင်းနှင့် ပျူစောထီးများမှ ရွာချင်းဆက် လမ်းမျာကို ပိတ်ထားကြောင်း ၎င်းဒေသခံ အမျိုးသမီး တစ်ဦးက ကေအိုင်စီ သို့ ပြောသည်။

ယမန်နေ့က ပုလောကုန်းဒေသတွင် ဒေသခံ ရွာသားများကို ခြိမ်းခြောက်နေသည့် ပျူစောထီးများကို ဒေသခံ PDF ပူးပေါင်း တပ်ဖွဲ့များမှ ဝင်ရောက် တိုက်ခိုက်ရာ စစ်ကူတက်လာသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ မိုင်းဆွဲ တိုက်ခိုက်ခံရပြီး အနည်းဆုံး အယောက် ၂၀ အထိ ကျဆုံးကာ အဆိုပါ ကျဆုံး အလောင်းများကို ယခု အချိန်ထိ လာမကောက်ရဲသေးကြောင်း PDF နှင့် နီးစပ်သူ ဒေသခံ အမျိုးသမီးက ယခုလိုပြောသည်။

၎င်းက “မနေ့က စစ်တပ်က အလောင်းတွေ လာမသယ်သေးဘူး။ တက်မလာရဲတာလားမသိဘူး။ အခု အလောင်းတွေက ရှမ်းဒွတ်ရွာဖျားလောက်မှာရှိတယ်။ မနေ့ကလည်း တံတား တစ်စင်း ပျက်တယ်။ ဒီဘက်က မိုင်းတွေ ထောင်ထားတော့ သူတို့ မလာရဲတာလည်း ဖြစ်မယ်။ ပြီးတော့ ပျူစောထီးက လမ်းတွေအကုန် ပိတ်ချထား တယ်။ ဆန်တောင် ပေးဖြတ်မသယ်ခိုင်းဘူး” ဟု ကေအိုင်စီ သို့ ပြောသည်။

လက်ရှိ မိချောင်းသိုက်၊ ရှမ်းဒွတ်၊ ကျောက်လိုက်၊ မင်းဝေး တို့ဘက်မှ ပုလောကုန်းဘက်သို့ ပျူစောထီးများမှ သွားလာမှု ပိတ်ထားသလို ပုလောကုန်းဘက်မှလည်း အဆိုပါ ဒေသဘက်သို့ သွားလာမှု မပြုထားသည့်အပြင် ကုန်စည်ဆန်များကိုပင် သယ်ယူခွင့် မပေးထားကြောင်း အဆိုပါ အမျိုးသမီးက ဆက်ပြောသည်။

ယမန်နေ့က နံနက် ၆ နာရီမှစ၍ ၉ နာရီကျော်ကြာအထိ ၃နာရီကျော်ကြာ နှစ်ဖက်တိုက်ပွဲအတွင်း PDF များ၏ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်သား ၂၀ ဦးထက်မနည်းသေဆုံးကြောင်းနှင့် ပုလောကုန်းရွာကို တိုက်ခိုက်စဉ် ပျူစောထီးဘက်မှ သေဆုံးစာရင်း အတည်မပြုနိုင်သေးကြောင်း ပုလော PDF သတင်းပြန်ကြားရေးက ယမန်နေ့က သတင်းထုတ်ပြန်ထားသည်။

ပျူစောထီးများ အခြေစိုက်ထားရာ ပုလောကုန်းကျေးရွာသို့ ပုလောမြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်မတော် -PPDF၊ KNU တပ်မဟာ (၄) လက်အောက်ခံ၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်ရင်း တပ်ဖွဲ့များ၊ ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့ PRDF၊ ကရင် PDF မဟာမိတ်တပ်ဖွဲ့များက ဝင်တိုက်ခဲ့ခြင်းဖြစ်ပြီး ပုလော PDF မှ ရဲဘော် ၁ ဦး လက်ဖျံတွင် ကျည်ဆံထိမှန်ကာ မစိုးရိမ် ဒဏ်ရာရခဲ့ကြောင်း ပုလော PDF က သတင်းထုတ်ပြန်သည်။

ပျူစောထီးအဖွဲ့သည် အာဏာသိမ်းစစ်တပ်က ကျောက်ထောက်နောက်ခံ ပြုထားပြီး အငြိမ်းစားနှင့် လက်ရှိ တာဝန်ထမ်းဆောင်ဆဲ တပ်မတော်ဝန်ထမ်းများ၊ တပ်မတော်ထောက်ခံသူများနှင့် တပ်မတော်ကေို ထောက်ခံသည့် နိုင်ငံရေးပါတီအချို့မှ ပါတီဝင်များဖြင့် ဖွဲ့စည်းထားသော အဖွဲ့ဖြစ်သည်ဟု သတင်းဌာနများကရေး သားဖော်ပြကြပြီး စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကမူ ပျူစောထီးဆိုသည့်အဖွဲ့ မရှိကြောင်း ငြင်းဆိုထားသည်။