Home သတင်း ဖာပွန်ဒေသတွင် ယခုလဝက်အတွင်း တိုက်ပွဲပေါင်း တစ်ရာကျော်ဖြစ်ပွား၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၉၀ ကျော်ထိခိုက်သေဆုံး

ဖာပွန်ဒေသတွင် ယခုလဝက်အတွင်း တိုက်ပွဲပေါင်း တစ်ရာကျော်ဖြစ်ပွား၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၉၀ ကျော်ထိခိုက်သေဆုံး

1095
Photo: KNLA

မတ်လ ၁၆ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ

ကရင်အမျိုးသားအစည်းအရုံး-KNU မူတြော်(ဖာပွန်) ခရိုင် တပ်မဟာ (၅) နယ်မြေအတွင်း ယခုမတ်လ လယ်အထိ စစ်ကောင်စီ၊ နယ်ခြားစောင့်တပ်(BGF)နှင့် KNU လက်အောက်ခံ တပ်ဖွဲ့ဝင်များအကြား တိုက်ပွဲပေါင်း တစ်ရာကျော် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ ၉၀ ကျော် ထိခိုက်သေဆုံးကြောင်း KNU တပ်မဟာ(၅) ဘက်က ယနေ့ သတင်းထုတ်ပြန်ထားသည်။

ယခုမတ်လဆန်းတစ်ရက်နေ့မှ ယနေ့ ၁၆ ရက်နေ့အထိ စစ်ကောင်စီတပ်အပါအဝင် ၎င်း၏ လက်အောက်ခံ BGF တပ်ဖွဲ့နှင့် KNU တပ်မဟာ(၅) လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်ဖွဲ့ဝင် များအကြား တိုက်ပွဲပေါင်း (၁၆၇) ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီနှင့် BGF ဘက်မှ ၅၄ဦးသေဆုံးကာ ၄၀ဦး ထိခိုက် ဒဏ်ရာ ရခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

အလားတူ အဆိုပါ တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ ထိခိုက်ကျဆုံးမှုများသလို KNLA ဘက်တွင်လည်း ၇ ဦး ကျဆုံးကာ ၁၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် နှစ်ပတ်ကျော်ကြာ တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ လေယာဉ်အသုံးပြု၍ ဗုံးကြဲတိုက်ခိုက်မှု များပြုလုပ်ခဲ့သေးပြီး ဗုံးသီးပေါင်း ၁၇ လုံး ဝင်ရောက် ပစ်ချခဲ့သလို လက်နက်ကြီးပေါင်း ၁၈၉ လုံးလည်း ပစ်ခတ်ခဲ့ပြီး ၎င်းလေယာဉ်နှင့် လက်နက်ကြီး ပစ်ခတ်မှုများကြောင့် အရပ်သား ၁၅ ဦး သေဆုံးခဲ့ရကာ ၄ ဦး ဒဏ်ရာရရှိခဲ့သည်။

ထို့အတူ စစ်ကောင်စီ၏ စစ်သုံးယာဉ် ၁၂ စီးအား ဖျက်ဆီးနိုင်ခဲ့ကြောင်း နှင့် စစ်သုံးမြင်းလား ၂ ကောင်လည်း သုတ်သင်ရှင်းလင်းနိုင်ခဲ့ကြောင်းလည်း ထုတ်ပြန်ချက်၌ ဖော်ပြပါရှိသည်။