Home သတင်း ကျေးရွာထဲ လက်နက်ကြီးများကျရောက်သဖြင့် တောင်ကြာအင်းဒေသခံအချို့ တိမ်းရှောင်နေရ

ကျေးရွာထဲ လက်နက်ကြီးများကျရောက်သဖြင့် တောင်ကြာအင်းဒေသခံအချို့ တိမ်းရှောင်နေရ

1375
ပုံစာ-စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်တစ်လုံး - Photo-CJ

မတ်လ ၁၆ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင် ကျုံဒိုးမြို့နယ်(ကော့ကရိတ်မြို့နယ်)ရှိ တောင်ကြာ အင်းကျေးရွာထဲတွင် စစ်ကောင်စီတပ်က လက်နက်ကြီးများရမ်းသမ်းပစ်ခတ်မှုများလုပ်ဆောင်သည့်အတွက် ဒေသခံလူထုအချို့မှာ ကျေးရွာထဲတွင် မနေရဲတော့ဘဲ ဘေးလွတ်ရာသို့ တိမ်းရှောင်နေရသည်ဟု သိရသည်။

ပြီးခဲ့သည့် မတ်လ ၁၁ ရက်နေ့တွင် အဆိုပါ တောင်ကြာအင်းကျေးရွာ၌ စစ်ကောင်စီနှင့် နယ်မြေခံ ကရင်အမျိုး သားကာကွယ်ရေးတပ်ဖွဲ့-KNDO ပူးပေါင်းတပ်ဖွဲ့တို့အကြား ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်ကောင်စီ တပ်ဘက်မှ ကျေးရွာထဲသို့ လက်နက်ကြီး အမြောက်အများ ရမ်းသမ်းပစ်ခတ်မှုလုပ်ဆောင်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

တောင်ကြာအင်းကျေးရွာရှိဒေသခံတစ်ဦးက “ သားသမီးတွေကိုတော့ တစ်ခြားရွာမှာပို့လိုက်တယ်။ အခြေအနေက ဘယ်လိုဖြစ်လာမလဲ မသိဘူး။ တိုက်ပွဲပြင်းထန်လာမှာကိုလည်း စိုးရိမ်ရတယ်။ ရွာမှာ လက်နက်ကြီးတွေနဲ့က ခဏခဏပစ်တာ ။ အခုလည်း လေယာဉ်ခေတ်စားတော့ လေယာဉ်နဲ့ လာပစ်မှာလည်း ကြောက်ရတယ်။ ရွာထဲကို လက်နက်ကြီးနဲ့ ခဏခဏပစ်ရင် ရွာမှာ ဘယ်လိုမှ အေးအေးဆေးဆေး မနေရဲဘူး၊ ရှောင်နေရတာပေါ့။” ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် ယမန်နေ့ မတ်လ ၁၅ရက်နေ့ညတွင်လည်း မြောက်ကြာအင်းကျေးရွာ ဓာတ်လောင်းတောင်ပေါ်တွင် တပ်စွဲနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် တောင်ကြာအင်းကျေးရွာထဲသို့ လက်နက်ကြီး (၅)လုံးထက်မနည်း ထပ်မံပစ်ခတ်နေသည့်အတွက် တောင်ကြာအင်းဒေသခံအချို့မှာ ညတွင်းချင်း ထပ်မံတိမ်းရှောင်နေရသည် ဟုလည်း သိရသည်။

စစ်ကောင်စီတပ်များ၏ ထိုသို့ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုများကြောင့် တောင်ကြာအင်းကျေးရွာအပါအဝင် မြောက်ကြာအင်းကျေးရွာ၊ လောင်းကိုင်၊ နောင်တလာနှင့် ဖားကျ စသည့် ကျေးရွာများရှိ သေခံလူထု တချို့လည်း အခြားကျေးရွာများသို့ သွားရောက်တိမ်းရှောင်နေရသည်ဟုလည်း ဒေသခံများက ပြောသည်။

“မနေ့ညက ရွာထဲကို လက်နက်ကြီးတွေနဲ့ ပစ်တဲ့အဖွဲ့က တောင်ကြာ အင်းရွာမှာရှိတဲ့နေတဲ့အဖွဲ့မဟုတ်ဘူး။ သူတို့လူက ဟိုဘက်ကမ်းမှာ လည်းရှိတယ်။ အဲဒီဓာတ်လောင်း တောင်ပေါ်မှာရှိတဲ့ တစ်ဖွဲ့က ပစ်တာ။ အခု ဒေသခံအချို့က တစ်ခြားရွာက သူတို့ဆွေးမျိုးတွေဆီမှာ ခဏသွားရှောင်တာတို့ရှိတယ်”ဟု ကေအဲန်ယူ ကျုံဒိုးမြို့နယ် ဥက္ကဌ မန်းကြာညိုက ကေအိုင်စီသို့ပြောသည်။

တောင်ကြာအင်းကျေးရွာတွင် ယခင်က စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးကျော်ရှိရာမှ လက်ရှိတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၅၀ ဦးဝန်းကျင်ခန့် အင်အားတိုးချဲ့ထားသည်ဟု ဒေသခံရွာသားများ၏ ပြောပြချက်အရ သိရသည်။