Home သတင်း ထိုင်းသို့ MoU စနစ်ဖြင့် လုပ်သား စေလွှတ်ခြင်းကို ဧပြီလ တတိယပတ် ထဲမှာ စတင်နိုင်မည်ဟု ဆို

ထိုင်းသို့ MoU စနစ်ဖြင့် လုပ်သား စေလွှတ်ခြင်းကို ဧပြီလ တတိယပတ် ထဲမှာ စတင်နိုင်မည်ဟု ဆို

1184

မတ်လ ၁၆ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

ထိုင်းနိုင်ငံသို့ နှစ်နိုင်ငံသဘောတူညီမှုစာချွန်လွှာ-MoU စနစ်ဖြင့် တရားဝင် လုပ်သားစေလွှတ်ခြင်းကို လာမည့် သင်္ကြန်ကာလအပြီး ဧပြီလ တတိယပတ်အတွင်းစတင်စေလွှတ်ခွင့်ရရှိနိုင်ကြောင်း မြန်မာရွှေ့ပြောင်းလုပ်သားများ စောင့်ကြည့်လေ့လာသူများထံမှ သိရသည်။

ထိုင်းသို့ လုပ်သားများစေလွှတ်ရန် နှစ်ဖက်ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီများနှင့် ထိုင်းသို့သွားမည့် လုပ်သားများ စာချုပ်ချုပ်ဆိုခြင်းကို မတ်လ ၁၇ ရက် သို့မဟုတ် ၁၈ ရက်နေ့တွင် စတင်မှာဖြစ်ပြီး သင်္ကြန် ကာလအပြီး လာမည့် ဧပြီလ တတိယပတ်အတွင်း စတင်စေလွှတ်နိုင်မည်ဖြစ်ကြောင်း မြဝတီနယ်စပ် ရွှေ့ပြောင်းလုပ်သားများ စောင့်ကြည့်လေ့လာရေးအဖွဲ့(MMG) အဖွဲ့ခေါင်းဆောင် ဦးအောင်မြတ်က ပြောသည်။

၎င်းက “ထိုင်းသို့ MoU စနစ်နဲ့ လုပ်သားစေလွှတ်ဖို့အတွက် မတ်လ ၁၇ ၊ ၁၈ ရက်လောက်မှာ သက်ဆိုင်ရာ အေဂျင်စီများနဲ့ အလုပ်သမား စာချုပ်ချုပ်တာတွေ စလုပ်ဖို့ရှိတယ်။ အဲ့ဒီရက်တွေမှာစာချုပ်ချုပ်ပြီးတဲ့ သူတွေကို တော့ သင်္ကြန်အပြီး ဧပြီလ တတိယပတ်အတွင်းမှာ မြဝတီ နဲ့ ကော့သောင်းနယ်စပ်မှတဆင့် ထိုင်းကို စတင်စေ လွှတ်ခွင့်ပြုသွားမယ်လို့ အလုပ်သမားဝန်ကြီဌာနမှ အေဂျင်စီများကို အကြောင်းကြား ထားတယ်။” ဟု ဦးအောင်မြတ်က ပြောသည်။

လက်ရှိ ထိုင်းသို့ လုပ်သားစေလွှတ်ရန် အေဂျင်စီ ၃၀ ကျော်ခန့်မှ စာချုပ်ချုပ်ရန်ပြင်ဆင်ထားသည့် လုပ်သားဦးရေ ၁၅,၀၀၀ ဝန်းကျင်ခန့် ရှိနေပြီး ယခုလို စာချုပ်ချုပ် ခွင့်ပြုရာတွင်လည်း စက်ရုံအလုပ်ရုံ လုပ်ငန်းခွင်များအတွက် သာဖြစ်ကာ ဆောက်လုပ်ရေး လုပ်ငန်းခွင်များကို ခွင့်မပြုသေးကြောင်း ဦးအောင်မြတ်က ဆက်ပြောသည်။

ထိုသို့ MoU စနစ်ဖြင့် ထိုင်းနိုင်ငံသို့ လုပ်သားစေလွှတ်ရာတွင် မြဝတီနယ်စပ်မှတဆင့် တစ်ရက်လျှင် လူဦးရေ ၅၀၀ ဦးနှင့် ကော့သောင်းနယ်စပ်မှတဆင့် တစ်ရက်လျှင် လူဦးရေ ၄၅၀ ဦး သာ ခွင့်ပြုသွားမည်ဟု သိရသည်။

လက်ရှိ MoU စနစ်ဖြင့် တရားဝင် လုပ်သားစေလွှတ်ခွင့်ရသည့် ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီ ၂၆၀ နီးပါးရှိပြီး ထိုအထဲမှ စည်းကမ်းဖောက်ဖျက်သည့် အေဂျင်စီ ၇ ခုအား လုပ်ကိုင်ခွင့် ပိတ်သိမ်းသည်အထိ အရေး ယူဖွယ်ရှိကြောင်း ပြည်ပအလုပ်အကိုင် ရှာဖွေရေး အေဂျင်စီများအဖွဲ့ချုပ်(MOEAF) နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ထို့အပြင် ထိုင်းသို့ MoU စနစ်ဖြင့် လုပ်သားစေလွှတ်ရာတွင် ဝန်ဆောင်ခ အနေဖြင့် လုပ်သားတစ်ဦးလျှင် ၃ သိန်း ကျပ်သာ ကောက်ခံရန် အလုပ်သမားဝန်ကြီးဌာနက အေဂျင်စီများအပေါ် ညွှန်ကြားထားသော်လည်း လက်တွေ့ တွင်မူ လုပ်သားတစ်ဦးလျှင် ကျပ်ငွေ ၁၀ သိန်း မှ ၁၅ သိန်းအထိ ဝန်ဆောင်ခ ပေးနေရကြောင်း သိရသည်။