Home သတင်း သောင်ရင်းမြစ်ဘေး စစ်ရှောင်နေရာများ မြွေဆိုးနှင့်ကင်းခြေများကောင်ကြောင့် နေထိုင်ရေးအခက်ကြုံ

သောင်ရင်းမြစ်ဘေး စစ်ရှောင်နေရာများ မြွေဆိုးနှင့်ကင်းခြေများကောင်ကြောင့် နေထိုင်ရေးအခက်ကြုံ

774
Photo: CJ

မတ်လ ၁၇ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

မြဝတီမြို့တောင်ဘက်ရှိ လေးကေကော်ဒေသ စစ်ဘေးရှောင်များ ယာယီ ခိုလှုံနေ သည့် သောင်ရင်းမြစ်ဘေးတစ်လျှောက် နေရာများတွင် ယခုရက်ပိုင်းအတွင်း မြွေဆိုးနှင့် ကင်းခြေများကောင်များကြောင့် နေထိုင်ရေး အခက်အခဲကြုံနေရ ကြောင်း သောင်ရင်းမြစ်ကမ်းဘေးတစ်နေရာတွင် နေထိုင်သည့် စစ်ရှောင်များက ပြောသည်။

စစ်ရှောင်တစ်ဦးက” အခုတလောက နေပူချိန် မြင့်လာတယ်။ တာလပတ်တဲ တွေထဲ နေဘက်ဆို မနေနိုင်ဘူး၊ ခြုံပုတ်တွေ ငှက်ပျောရိုင်းပင်တွေဘက် သွားခိုနေကြ တယ်။ ညဘက်ရောက်တော့ သဲပူနေပူ ပြန်ချိန်အကောင်တွေ ထွက်လာပြီး လူတွေ နေတဲ့တဲထဲ ရောက်ရောက်လာတော့ အိပ်ရတာအဆင်မပြေဘူး၊ ဟိုကထွက်လာ ကိုက်မလား၊ ဒီကထွက်လာ ကိုက်မလားနဲ့ အခက်ကြုံရတယ်။ အခုရက်ထဲ ငန်း စောင်းမြွေ ၅ ကောင်လောက်တော့ ကျနော်တို့နေတဲ့ အစုဘက်မှာ ကြုံရတယ်။ ကင်းခြေများကောင်လည်း တချို့ ကိုက်ခံထိတယ်။ “ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် လေးကေကော်ဒေသ တကျောတွင် တိုက်ပွဲဆက်လက်ဖြစ်ပွားမည့် အခြေအနေများကြောင့် စစ်ရှောင်များ၏ ဘဝမှာ မြွေပူရာ ကင်းမှောက်ဖြစ်နေပြီဟု လည်း ၎င်း စစ်ရှောင်နေသူက ဖြည့်စွက်ပြောဆိုသည်။

အဆိုပါ လေးကေကော်ဒေသ အပါအဝင် ကျေးရွာ ၅ ရွာခန့်မှ ဒေသခံ ပြည်သူ စစ်ဘေးရှောင် ၆ ထောင်ကျော်မှာ အမိုးအကာ တာလပတ်တဲများဖြင့် ထိုင်း- မြန်မာ နယ်စပ် သောင်ရင်းမြစ်ဘေးနေရာများတွင် ကျေးရွာအစုအဖွဲ့အလိုက် ၇ နေရာခန့် စုဖွဲ့နေထိုင်နေကြရသည်မှာ ၃ လကျော်ကြာမြင့်လာနေပြီဖြစ်သည်။

ယခုရက်ပိုင်းတွင် လေးကေကော်မြို့သစ် တောင်ဘက် မိုင်(၂၀)ခန့် အကွာအဝေးရှိ ဆုံဆည်းမြိုင်-ကျောက်ခက်-ဝေါလေ-ကနဲလေးလမ်းပိုင်းသို့ စစ်ကောင်စီတပ်များ ဆက်လက် အင်အားတိုးချဲ့ လှုပ်ရှားလာသည့်အတွက် တိုက်ပွဲများဖြစ်ပွားလာပါက စစ်ဘေးထပ်ရှောင်ရန်အသင့် ပြင်ထားကြရန်အစုအဖွဲ့အလိုက် နိုးဆော်ထားသည်ဟုလည်း စစ်ရှောင်များက ပြောသည်။

ထို့အပြင် သေ့ဘောဘိုး၊ ကနဲလေးဒေသဘက်တွင်လည်း ပြီးခဲ့သည့် ရက်ပိုင်းမှစ၍ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်နှင့် စစ်ကောင်စီ တပ်ဖွဲ့တို့အကြား ပစ်ခတ်မှုများ နေ့စဉ်လိုလို ပြန်လည်ဖြစ်ပွားလျက်ရှိရာ စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးရမ်းသမ်း ပစ်ခတ်မှုများကြောင့် ဒေသခံရွာ သားများမှာ ၎င်းတို့နေအိမ်တွင် မနေရဲတော့ဘဲ အသက်ဘေးလွတ်ရာသို့ ထပ်မံတိမ်းရှောင်နေကြရသည်ဟု စစ်ရှောင်ကူညီသူများက ပြောသည်။