Home ဆောင်းပါး အခက်အခဲကြားက ကော်ဖီလုပ်ငန်း ရုန်းကန်ရပ်တည်နိုင်သူ “သံတောင်သူ”

အခက်အခဲကြားက ကော်ဖီလုပ်ငန်း ရုန်းကန်ရပ်တည်နိုင်သူ “သံတောင်သူ”

1580

အခက်အခဲကြားက ကော်ဖီလုပ်ငန်း ရုန်းကန်ရပ်တည်နိုင်သူ “သံတောင်သူ”

စောထူးကပေါ်

(မတ် ၁၇၊ ၂၀၂၂ခုနှစ်)

မတ်လဆန်းပိုင်းသာရှိသေးသော်လည်း ကရင်ပြည်နယ်၏ တစ်ခုတည်းသော တောင်ပေါ်မြို့လေးဖြစ်သည့် သံတောင် ကြီးမြို့နယ်၏ နေ့အပူချိန်က ၃၂ ဒီဂရီ စင်တီဂရိတ်ခန့်အထိ ပူသည်။ သို့သော် သံတောင်ကြီး ဒေသခံများ၏ နေအိမ်၊ ခြံဝန်းများအတွင်း အမျိုးမျိုးသော သစ်ပင်ကြီးများရှိသည့်အတွက် အရိပ်ရကာ နေ့အပူချိန်ကို သိသိသာသာ မခံစားရ။

သံတောင်ကြီးဌာနေဒေသခံများအနေဖြင့် ဥယျာဉ်ခြံစိုက်ပျိုးခြင်းကို အဓိက လုပ်ကိုင်ကြသည်ဖြစ်ရာ ယခုအချိန်အခါ သည် ဒေသတွင်း ကော်ဖီထွက်ရှိချိန်ဖြစ်သည့်အတွက် ကော်ဖီစိုက်တောင်သူများ၏ ခြံဝင်းများအတွင်း ကော်ဖီစေ့များ ကို နေလှန်းစင်များထိုးကာ နေလှန်းထားသည်များကို တွေ့ရသည်။

“ဒီရာသီကတော့ နေလှန်းတဲ့ ရာသီပေါ့နော်။ မိုးစောစော မကျရင် ကောင်းမယ်။ မတ်၊ ဧပြီလောက်သိမ်းနိုင်ရင် မိုးလွှတ် မယ်ပေါ့နော်။ လောလောဆယ်တော့ တောင်သူတွေက အဆင်ပြေတဲ့နေရာမှာ လှန်း အဲ့လိုမျိုးပေါ့။”ဟု ကော်ဖီစေ့ နေလှန်းနေသည့် တောင်သူတစ်ဦးက ဆိုသည်။

ဒေသတွင်း ကော်ဖီဈေးနှုန်းသည် ယခင်နှစ်များထက် ယခုနှစ်တွင် ဈေးကောင်းရနေကြောင်း ကော်ဖီစိုက်တောင်သူများ က ဆိုသည်။ ယခင်နှစ်က ရောင်းတန်းဝင် ကော်ဖီစေ့ တစ်ပိသာလျှင် ကျပ် ၄,၀၀၀စွန်းစွန်းသာဈေးရှိသော်လည်း ယခု နှစ်တွင် ကျပ် ၅,၀၀၀ မှ ၇,၀၀၀ထိ ဈေးကောင်းရသည်ဟု ကော်ဖီစိုက်တောင်သူများက ပြောဆိုနေကြသည်။

သံတောင်ကြီးဒေသထွက်ကော်ဖီသည် လက်ရှိအချိန်တွင် ပြည်တွင်းဈေးကွက်၌ နေရာတစ်ခုရရှိနေပြီးဖြစ်သလို ပြည်ပ သို့ တန်နှင့်ချီ တင်ပို့နိုင်သည့် အခြေအနေမျိုးဖြစ်လာသည်ဟု ဈေးကွက်အတွင်း လူသိများသည့် “သံတောင်သူ” သဘာ ဝအော်ဂဲနစ် ကော်ဖီအမှတ်တံဆိပ် ထုတ်လုပ်ဖြန့်ချိနေသူ သံတောင်သူ အမျိုးသမီးအဖွဲ့ ဒါရိုက်တာ နော်မာမာချိုထံမှ သိရသည်။

“သံတောင်သူ” အမှတ်တံဆိပ် ကော်ဖီမှုန့်သည် လက်ရှိပြည်တွင်းဈေးကွက်တွင် ဈေးကွက် အခိုင်အမာရှိကာ ပြည်နယ် တွင်းသာမက ရန်ကုန်ကဲ့သို့ မြို့ကြီးများအပြင် ထိုင်းနိုင်ငံသို့ တင်ပို့နေပြီးဖြစ်ကြောင်း သံတောင်သူအမျိုးသမီးထံမှ သိရ သည်။

“ကော်ဖီကတော့ ဒီနှစ်ကတော့ သီးပါတယ်။ ကျမတို့အဖွဲ့ကတော့ အမှည့်သီးလေးတွေပဲ သေချာ ရွေးခူးတယ်။ သီးလုံး ခြောက်ပဲ ပြောရမှာပေါ့။ ကျမတို့ဆီမှာ ရေရှားတော့ Wet process နဲ့မသွားဘူး။ ခူးပြီးတာတွေကို နေလှန်းတယ်။ နေလှန်းပြီး ခြောက်သွားတာတွေကို အခွံချွတ်တယ်။ အခွံချွတ်ပြီးရင် သန့်အောင် ပြာရတယ်။ လက်ရွေးစင်တွေ ရွေးရ တယ်။ သန့်လာတဲ့ကော်ဖီကိုမှ ကျမတို့တွေက Export ကိုသွားတယ်။ အဲဒီရဲ့ရလာတဲ့ အစိမ်းသီးတွေကို ကျမတို့ အမှုန့် ကြိတ်တယ်။ တစ်ဖက်ကလည်း အစိမ်းသီးကိုရောင်းသလို တစ်ဖက်ကလည်း ကော်ဖီသောက်တဲ့ အမှုန့်အထိ လုပ်တယ် ပေါ့နော်။”ဟု သံတောင်သူအမျိုးသမီးအဖွဲ့က ပြောသည်။

သံတောင်သူကော်ဖီ၏ ပြည်ပစျေးကွက်မှာ အဓိက ထိုင်းနိုင်ငံဖြစ်ပြီး ထိုင်းမှတဆင့် တရုတ်။ ထိုမှတဆင့် ဗီယက်နမ် ဘက်ကိုလည်း ထိုင်းကနေတဆင့် ပို့ဆောင်နေကြောင်း ကော်ဖီအစေ့ကိုမူ Grade-1, Grade-2 အဆင့်သတ်မှတ်ကာ ပြည်ပထုတ်ကုန်အဖြစ် ထုတ်လုပ်သလို အမှုန့်ကိုမူ ပြည်တွင်းထုတ်ကုန်အဖြစ် ရောင်းချနေသည်ဟု ဆိုသည်။

ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်တွင် ဖွင့်လှစ်ထားသည့် “မန်း၊ စော” ကရင်ရိုးရာ မုန့်ဟင်းခါးဆိုင်၌ပင် သံတောင်သူ ကော်ဖီ မှုန့်ကို အလွယ်တကူ ဝယ်ယူနိုင်ကြောင်း အဆိုပါဆိုင်၏ အင်တာနက်လူမှုကွန်ရက်စာမျက်နှာတွင် ကြော်ငြာထားသည် ကို တွေ့ရသည်။ ထို့အပြင် တနင်္သာတိုင်းရှိ ဘိတ်၊ ထားဝယ်၊ ကော့သောင်းတို့အပြင် ဧရာ၀တီတိုင်း၊ ရန်ကုန်တိုင်းနှင့် ကရင်ပြည်နယ်ရှိ အခြားမြို့နယ်များသို့လည်း ပို့ဆောင်ရောင်းချလျက်ရှိကြောင်း သိရသည်။

ယခုလို သံတောင်ကြီးဒေသထွက် ကော်ဖီမှုန့်ကို လူသိများ ကြိုက်နှစ်သက်လာပြီး ဈေးကွက်အတွင်း ခိုင်ခိုင်မာမာ ရပ် တည်လာနိုင်သည်မှာ ဆယ်စုနှစ်တစ်ခုအတွင်းသာရှိသေးသော်လည်း သံတောင်ကြီးကော်ဖီသည် ဟိုးယခင် ကိုလိုနီ ခေတ်ကတည်းက အင်္ဂလိပ်များက မြန်မာနိုင်ငံတွင် အကောင်းဆုံး ကော်ဖီမှုန့်ဖြစ်သည်ဟု လက်ခံခဲ့ဖူးသည်ဟု ဒေသခံ များက ဆိုသည်။

သံတောင်ကြီးမြို့နယ်သမိုင်းကို ပြန်ကြည့်မည်ဆိုလျှင် ၁၈၈၅ ခုနှစ်တွင် အင်္ဂလိပ်-မြန်မာ တတိယစစ်ပွဲအပြီးတွင် အင်္ဂလိပ်တို့ တောင်ငူမြို့ကို သိမ်းပိုက်ခဲ့သော်လည်း တောင်ပေါ်ဒေသဖြစ်သည့် သံတောင်ကြီးဒေသကို နှစ်အတန်ကြာမှ သိမ်းသွင်းနိုင်ခဲ့သည်။

ထိုစဉ်က တောင်ငူခရိုင်ရှိမြို့များအနက် သံတောင်မြို့ကို ၁၉၀၀ ပြည့်နှစ်တွင် ယခု ထုံးဘိုကြီးရွာတွင် စတင် ရုံးစိုက်ခဲ့ သည်။ ထိုနောက်ပိုင်းတွင် နွေရာသီအပန်းဖြေစခန်းအဖြစ် ၁၉၃၅ ခုနှစ်တွင် သံတောင်ကြီးသို့ ပြောင်းရွှေ့ ရုံးစိုက်ခဲ့ခြင်း ဖြစ်သည်။ ထိုအချိန်ကတည်းက သံတောင်ကြီးဒေသထွက် ကော်ဖီမှာ အရည်အသွေး ကောင်းမွန်ခဲ့သည်။

သို့သော် လွတ်လပ်ရေးရပြီးနောက်ပိုင်း ပြည်တွင်းစစ်ဒဏ်ကြောင့် သံတောင်ကြီးကော်ဖီကို ဈေးကွက်သို့ များများ တင်ပို့နိုင်ခြင်းမရှိသလို အများစုမှာ အိမ်တွင်း သောက်သုံးရန်နှင့် နီးစပ်ရာ မိတ်ဆွေများကို လက်ဆောင်ပေးခြင်းမျိုး ပြုလုပ်လေ့ရှိသည်ဟု ဒေသခံများထံမှ သိရသည်။

ထိုကဲ့သို့ မိရိုးဖလာ အိမ်သုံးကော်ဖီမှုန့်မှ ဈေးကွက်ဝင် အရည်အသွေးမြင့်ကော်ဖီဖြစ်ရန် သံတောင်သူအမျိုးသမီးအဖွဲ့က လွန်ခဲ့သည့် ၂၀၁၅ခုနှစ်ကတည်းက စတင် ကြိုးပမ်းလာခဲ့ခြင်းဖြစ်သည်။ ဒေသခံ အမျိုးသမီးများအတွက် ခိုင်မာသည့် ထုတ်ကုန် ထုတ်လုပ်နိုင်ရေး ရည်ရွယ်စဉ်းစားမိရာမှ ဒေသတွင်း ကော်ဖီကို ဈေးကွက်ထိုးဖောက်နိုင်ရေး စတင် လုပ် ဆောင်ခဲ့ခြင်းဖြစ်သည်။

ထို့အတွက် သံတောင်သူ အမျိုးသမီးအဖွဲ့အနေဖြင့် ဓာတ်မြေဩဇာ အသုံးပြုခြင်းမရှိဘဲ သဘာဝ အော်ဂဲနစ်ကော်ဖီကို “သံတောင်သူ” အမည်ဖြင့် စတင်ထုတ်လုပ်ခဲ့ပြီး အစပိုင်းတွင် ဈေးကွက်ရရှိရေး ကြိုးပမ်းခဲ့ရသည်။

ထုတ်လုပ်ရာတွင်လည်း အရည်အသွေးကောင်းသည့် ကော်ဖီစေ့များကို ဈေးကောင်းပေးဝယ်ကာ ခေတ်မှီ အမှုန့်ကြိတ် စက်များ အသုံးပြုပြီး အရည်အသွေးကောင်းမွန်အောင် စီစဉ်လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ တဖက်တွင်လည်း ကော်ဖီ စိုက်တောင်သူများအနေဖြင့် အရည်အသွေးကောင်းပါက ဈေးကောင်းရသည်ကို သိရှိလာပြီး အရည်အသွေးမြှင့်တင်ရန် ပိုမိုလုပ်ဆောင်လာသည်ဟု သံတောင်သူအမျိုးသမီးအဖွဲ့က ဆိုသည်။

လက်ရှိ ကော်ဖီဈေးကွက်တွင် ကော်ဖီစေ့များကို အဆင့်ခွဲခြားထားကာ အလုံးကောင်းမွန်သည့် Grade -1 ကော်ဖီစေ့ တစ်ပိဿာလျှင် ကျပ် ၇၀၀၀ထိပေါက်ဈေးရှိသလို ကော်ဖီမှုန့် ပြန်ကြိတ်မည့်သူများအနေဖြင့် အနိမ့်ဆုံး Grade-2 ကော်ဖီစေ့များကိုသာ ဝယ်ယူလေ့ရှိပြီး Grade-3 ကော်ဖီစေ့များကိုမူ ကော်ဖီဆပ်ပြာကဲ့သို့သော် အခြားကော်ဖီထုတ် ကုန်များ ထုတ်လုပ်ရာတွင် ပြန်အသုံးပြုကြသည်။

“သံတောင်သူ ကော်ဖီအမှတ်တံဆိပ် ဈေးကွက်နေရာရအောင် အနောတို့ စထိုင်ခဲ့တာ ၂၀၁၅ ဆိုတော့ အနည်းဆုံး ၅ နှစ်ပေါ့နော်။ အစကတော့ ဈေးကွက်ရှာရတာပေါ့နော်။ ၂၀၂၀ခုနှစ်လောက်မှာ တော်တော်လေး သိသွားတာပေါ့နော်။ ၂၀၂၁၊ ၂၀၂၂ ခုနှစ်မှာတော့ ဈေးကွက် ခိုင်မာတည်ငြိမ်သွားပြီးပေါ့နော်။ အခုချိန် ဒီလိုခက်ခဲတဲ့ကာလမှာတောင်မှ တော် တော်လေး ရောင်းရပါတယ်။”ဟု နော်မာမာချိုက ပြောသည်။

“သံတောင်သူ” ကော်ဖီအမှတ်တံဆိပ်သည် သံတောင်သူအမျိုးသမီးအဖွဲ့၏ ထုတ်ကုန်ဖြစ်သည်နှင့်အညီ ထိုကော်ဖီမှုန့် ရောင်းရသည့် အမြတ်များထဲမှ အချိုးကျစနစ်ဖြင့် အမျိုးသမီးများဖွံ့ဖြိုးရေးဆိုင်ရာ လိုအပ်ချက်များတွင် ပြန်လည်အသုံး ပြုသည်ဟု အဖွဲ့တာဝန်ရှိသူက ပြောသည်။

သူမက “ဆက်လက်ပြီးတော့ အရည်အသွေးမကျအောင် ထိန်းသိမ်းနေတာပေါ့နော်။ ကိုယ့်ဖောက်သည်တွေ ယုံကြည်မှု ရှိအောင်လည်း လုပ်ရတယ်။ ဒီနှစ်က ဈေးလေးလည်း ကောင်းတယ်။ အော်ဒါတွေလည်း တော်တော်များတယ်။ ခက်ခဲ တဲ့ကြားက ဒီလိုပဲ ရုန်းကန် ရပ်တည်ရတာပဲ။”ဟု ဆက်ပြောသည်။

ယခုလို သံတောင်ဒေသထွက် ကော်ဖီကို ခိုင်မာသည့် ဈေးကွက်ရပြီး ကရင်ပြည်နယ် ထုတ်ကုန်တစ်ခုအဖြစ် ထုတ်လုပ် လာသည့်နည်းတူ ပြည်နယ်အတွင်းရှိ အခြားဒေသထွက်များဖြစ်သော လက်ဖက်ခြောက်၊ မျှစ်ခြောက်ထုတ်ကုန်များ၊ ကရင်တာလပေါဟင်းအတွက် အသင့်ချက်ပြုတ်နိုင်သည့် ကုန်ခြောက်များ ပါဝင်သော ထုတ်ပိုးကုန်စည်များ ထွက်ရှိ လာရေး စွန့်ဦးတီထွင်လုပ်ကိုင်ကြရန် ဒေသခံများအတွက် အခွင့်အလမ်းများစွာ ရှိနေပါသေးသည်။