Home သတင်း ထောက်လှမ်းမှုလာလုပ်သည့် စစ်ကောင်စီ ရဟတ်ယာဉ်တစ်စင်း ပစ်ခတ်ပျက်ဆီးခဲ့သည်ဟု KNU ထုတ်ပြန်

ထောက်လှမ်းမှုလာလုပ်သည့် စစ်ကောင်စီ ရဟတ်ယာဉ်တစ်စင်း ပစ်ခတ်ပျက်ဆီးခဲ့သည်ဟု KNU ထုတ်ပြန်

977
Photo: KNLA

မတ်လ ၂၆ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေ တပ်မဟာ(၅)တွင် ယမန်နေ့ မတ်လ (၂၅) ရက်နေ့က စုံစမ်းထောက်လှမ်းမှုများ လာရောက်လုပ်ဆောင်သည့် စစ်ကောင်စီ ရဟတ်ယာဉ်တစ်စင်းပစ်ခတ်ခံရ၍ ပျက်စီးသွားခဲ့သည်ဟု KNU မူတြော်ခရိုင် သတင်းစဉ်က သတင်းထုတ်ပြန်ထားသည်။

မူတြော်ခရိုင် ဒွယ်လိုးမြို့နယ် မယ်ဝိုင်ကျေးရွာအုပ်စုများပေါ်တွင် စစ်ကောင်စီ ရဟတ်ယာဉ်တစ်စင်းနှင့် ကင်းထောက်လေယာဉ်နှစ်စင်းသည် ယမန်နေ့ မတ်လ ၂၅ရက်နေ့ မနက် (၈)နာရီဝန်းကျင်တွင် တစ်ကြိမ်၊ မွန်းလွဲ (၂)နာရီဝန်းကျင်တွင် တစ်ကြိမ်နှင့် ညနေ (၄) နာရီဝန်းကျင်တွင်တစ်ကြိမ် တစ်ရက်အတွင်း (၃)ကြိမ်တိုင် သွားရောက်စုံစမ်းထောက်လှမ်းမှုများပြုလုပ်ရာတွင် KNLA ဘက်က ပြန်လည်ပစ်ခတ်နေသည့်အတွက် ရဟတ်ယာဉ်တစ်စီးမှာ ပျက်စီးသွားခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

KNLA တပ်ရင်း(၁၀၂)က ပစ်ခတ်၍ ထိမှန်သည့် ၎င်းရဟတ်ယာဉ်မှာ ထိုနေရာတွင် ပျက်ကျခြင်းမရှိသော်လည်း လေတပ်ဌာနချုပ်ပြန်လည်ရောက်ရှိချိန်တွင် စက်ချို့ယွင်းပြီး ပျက်စီးသွားသည်ဟု စစ်ကောင်စီ တောင်ပိုင်း တိုင်းစစ်ဌာနချုပ်နှင့်နီးစပ်သူ၏ သတင်းပေးပို့ချက်အရ သိရသည်ဟု ကေအဲန်ယူ မူတြော်ခရိုင်သတင်းစဉ်က ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် မတ်လ (၂၄) ရက်နေ့တွင်လည်း ကေအဲန်ယူတပ်မဟာ(၅)တွင် နယ်မြေခံ KNLA တပ်ဖွဲ့ဝင်များမှ နယ်မြေအတွင်း ဝင်ရောက်တပ်စွဲနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား တစ်ရက်အတွင်း (၅)ကြိမ်တိုင် ဝင်ရောက်တိုက်ခိုက်ရာတွင် စစ်ကောင်စီတပ်ဘက်မှ လူထုများနေထိုင်သည့် ကျေးရွာများတွင် အမြှောက်လက်နက်ကြီး(၂၀)လုံးနှင့် လက်နက်ငယ် အချက် (၈၀၀)ကျော်ခန့် ပြန်လည် ရမ်းသမ်းပစ်ခတ်ကြောင်းလည်း မူတြော်သတင်းစဉ်ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

အလားတူ မတ်လ (၂၃)ရက်နေ့တွင်လည်း ထိုဒေသတွင် နယ်မြေတိုးချဲ့တပ်ချလာသည့် စစ်ကောင်စီတပ်များကို နယ်မြေခံ KNLA ဘက်မှ (၃) ကြိမ်တိုင်ဝင်ရောက်တိုက်ခိုက်ရာတွင် စစ်ကောင်စီဘက်မှ ပြည်သူလူထုများ နေထိုင်သည့် ကျေးရွာများဘက်သို့ လက်နက်ကြီး (၁၈) လုံးနှင့် လက်နက်ငယ် အချက်ပေါင်း (၁၀၀၀) ကျော်ခန့် ပြန်လည်ရမ်းသမ်းပစ်ခတ်သည်ဟု မူတြော်ခရိုင်သတင်းစဉ်က ထုတ်ပြန်ထားသည်။

ကေအဲန်ယူ မူတြော်ခရိုင်တွင် ဒေသခံလူထုများ နေထိုင်သည့် ကျေးရွာများအတွင်း စစ်ကောင်စီတပ်က ယခုလို လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများပြုလုပ်ခဲ့သဖြင့် ဒေသခံလူထုများအား မကြခဏ ထိမှန်သေဆုံးမှုရှိသလို ကေအဲန်ယူ ဒူးပလာယာခရိုင် တပ်မဟာ(၆)နယ်မြေတွင် စစ်ကောင်စီတပ်က အလားတူ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုများလုပ်ဆောင်သည့်အတွက် အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုနှင့် နေအိမ်အဆောက်အဦး ထိခိုက်ပျက်စီးမှုများရှိသည်ဟု သိရသည်။