Home သတင်း ဖလူးတိုက်ပွဲ ပြင်းထန်လာ၍ စစ်ဘေးရှောင် တစ်ထောင်ကျော် ထိုင်းဘက် ညအချိန်ထွက်ပြေး ခိုလှုံနေရ

ဖလူးတိုက်ပွဲ ပြင်းထန်လာ၍ စစ်ဘေးရှောင် တစ်ထောင်ကျော် ထိုင်းဘက် ညအချိန်ထွက်ပြေး ခိုလှုံနေရ

1027

မတ်လ ၂၆ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

တိုက်ပွဲဖြစ်ပွားနေသည့် ဖလူးဒေသ တိုက်ပွဲအတွင်း ယမန်နေ့တွင် စစ်ကောင်စီ တပ် ဘက်မှ လက်နက်ကြီး အဆက်မပြတ် ညဘက်အထိ ပစ်ခတ်တိုက်ခိုက်လာမှု ကြောင့် ထိုင်း-မြန်မာနယ်စပ်သောင်ရင်းမြစ်ဘေးတွင် စစ်ရှောင်နေကြရသည့် စစ်ဘေးရှောင် တစ်ထောင်ကျော်ခန့်မှာ ထိုင်နိုင်ငံဘက်အခြမ်း မဲ့ကိုကင်း ကျေးနယ် အပိုင် နွားမွေးမြူရေးခြံများနှင့် စိုက်ပျိုးရေးခြံများဘက်သို့ ထွက်ပြေး ခိုလှုံနေကြရ ကြောင်း သိရသည်။

စစ်ရှောင်ဒုက္ခသည်တစ်ဦးက “လက်နက်ကြီးက တော်တော်လေး များများ ပစ်ထုတ်လာတော့ စစ်ရှောင်တွေ လူတစ်ထောင်လောက် ထိုင်းဘက်ပြေးပြီး ရှောင်ကြတယ်။ ညဘက်ကြီးဆိုတော့ တစ်ညလုံး မအိပ်ကြရဘူး၊ အခု မနက်လည်း ဆက်ပစ်နေတော့ ပြန်မကူးရဲကြသေးဘူး။ တချို့လည်း မြစ်ကမ်းဘေးနေနေကြ တယ်။ စားစရာ၊ နေရာထိုင်ခင်းအရေးပေါ် လိုအပ်နေတယ်။”ဟု ပြောသည်။

အဆိုပါ ထိုင်းဘက်ခြမ်းရောက်ရှိနေသည့် စစ်ရှောင်ဒုက္ခသည်များသည် ထိုင်းဒေသ အာဏာပိုင်များက ကျေးရွာထဲသို့ ဝင်ခွင့်မပေးဘဲ သောင်ရင်းမြစ်ကမ်း စပ်နား နေရာနှင့် စိုက်ပျိုးရေးခြံများတွင် တဲထိုးပြီးအဆင်ပြေသလို နေထိုင်ကြကြောင်း၊ တိုက်ပွဲသံငြိမ်သွားပါက မြန်မာဘက်ခြမ်းကို ပြန်ကူးရန် ထိုင်းနယ်ခြားစောင့်တပ် ဘက် လာရောက်အသိပေးပြောဆိုမှုများရှိကြောင်းလည်း ၎င်းစစ်ရှောင်က ပြောသည်။

ယနေ့ မတ်လ ၂၆ ရက်နံနက်မှစတင်ကာ ဖလူးကျေးရွာ (ယခင် DKBA ဗိုလ်စလုံး စခန်း)ဘက်တွင် နေရာယူစစ်ကြောင်းတက်လာသော စစ်ကောင်စီတပ်များအား နယ်မြေခံ KNLA တပ်များအကြား တိုက်ပွဲဖြစ်ပွားနေပြီး လေးကေကော်အမြောက် ကုန်းနှင့် ဖလူးဘုရားကုန်းနေရာမှ စစ်ကောင်စီတပ်များလည်း မြေပြင် တိုက်ပွဲဖြစ် ပွားနေရာဘက်သို့ လက်နက်ကြီး ပြိုင်တူပစ်ခတ်ပေးနေသည်ဟု သိရသည်။

“ကရင်တပ်တွေကတော့ ဖလူးကနေ သူတို့ ကျောက်ခက် ၊ ဝေါ်လေဘက် မတက် နိုင်အောင်တော့ တိုက်ခိုက်နေတယ် ။ အပေါ် သေ့ဘောဘိုးနဲ့ ဝေါ်လေ၊ ကနဲလေး ဘက်မှာလည်း တိုက်ပွဲ ဖြစ်နေတယ်ကြားတယ်၊ ဖြစ်စဥ်တွေတော့ တိတိကျကျ မသိ ရသေးဘူး”ဟု စစ်ရှောင်ကူညီရေးလုပ်ဆောင်နေသူတစ်ဦးက ပြောသည်။

ဝေါလေ-မော်ခီး စစ်ကောင်စီစခန်းအား ပြန်လည်သိမ်းပိုက်ရန် စစ်ကူ ပေးရန်တက် လာသည့် စစ်ကြောင်းအား အပစ်ရပ် NCA လက်မှတ် ထိုးထားသည့် ဒီမိုကရေစီအ ကျိုးပြု ကရင်တပ်မတော်-DKBA မှ ဗိုလ်မှူး စိုင်းကျော်လှနှင့် အဖွဲ့များဘက်က ဝေါ်လေ၊ ကျောက်ခက်၊ ဆုံဆည်းမြိုင်လမ်းပိုင်းတစ်လျှောက်ရှိ DKBA ကင်းစခန်းများ ၎င်းအဖွဲ့များနှင့် တိုက်ပွဲ မဖြစ်ပွားလိုသည့်အတွက် တောင်ပေါ် ကင်းစခန်းများအား ယာယီရုပ်သိမ်းပေးထားကြောင်း စစ်ရေးသတင်းအရင်းအမြစ်ပြောစကားအရ သိရသည်။