မတ်လ ၉ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ – ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေ အုပ်ချုပ်နယ်မြေတွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလ တစ်လတာဖြစ်ပွားခဲ့သော ပစ်ခတ်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်နှင့် နယ်ခြားစောင့်တပ် -BGF တပ်ဖွဲ့ဝင် ၃၁၁ ဦးသေဆုံးပြီး ၂၂၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ကေအဲန်ယူက ယနေ့ ရက်စွဲဖြင့် သတင်းထုတ်ပြန်ထား သည်။
ကေအဲန်ယူ၏ သတင်းထုတ်ပြန်ချက်တွင် “၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ တစ်လတာအတွင်းတွင် ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော် KNLA ၊ ကရင်အမျိုးသားကာကွယ်ရေးတပ် -KNDO နှင့် အာဏာသိမ်းစစ် ကောင်စီ၏တပ်၊ နယ်ခြားစောင့်တပ် -BGF တို့အကြား ထိတွေ့ပစ်ခတ်တိုက်ခိုက်မှုပေါင်း (၄၂၁) ကြိမ်ဖြစ်ပွားခဲ့ကာ အာဏာသိမ်းစစ်ကောင်စီ၏ တပ်နှင့် နယ်ခြားစောင့်တပ် -BGF တို့ဘက်မှ (၃၁၁) ယောက်သေဆုံးပြီး (၂၂၈) ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။”ဟု ပြောဆိုထားသည်။
၎င်းအပြင် အာဏာသိမ်းစစ်ကောင်စီ၏ကား ၃၅ စီးကိုလည်း ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော် -KNLA နှင့် ကရင်အမျိုးသားကာကွယ်ရေးတပ် -KNDO တို့ ဖျက်ဆီးနိုင်ခဲ့သည်ဟု ကေအဲန်ယူဘက်က ပြောသည်။
ထို့အတူ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA နှင့် ကရင်အမျိုးသားကာကွယ်ရေးတပ်- KNDO တို့ဘက်တွင်လည်း ၁၆ ဦးကျဆုံးပြီး ၂၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ကေအဲန်ယူ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ တစ်လတာအတွင်း စစ်ကောင်စီတပ်နှင့် BGF တပ်တို့ သည် ပြည်သူလူထုများ နေထိုင်ရာကျေးရွာများနှင့် လုပ်ငန်းခွင်များအတွင်းသို့ လက်နက်ကြီးများအလုံးရေ ၄၀၀ ကျော် ပစ်ချခဲ့သည့်အပြင် မူတြော်ခရိုင် တပ်မဟာ-၅ နယ်မြေအတွင်း၌ စစ်ကောင်စီတပ်က လေယာဉ်ဖြင့် နှစ်ကြိမ် လာရောက်ပစ်ခတ်ခဲ့ရာတွင် နေရာ ၅ နေရာသို့ ဗုံး ၁၀ လုံးကျဲသွားခဲ့သည်ဟု ကေအဲန်ယူ ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။
အဆိုပါ စစ်ကောင်စီတပ်၏ ပြည်သူလူထုများနေထိုင်ရာကျေးရွာများနှင့် လုပ်ငန်းခွင်များအတွင်းသို့ လက်နက်ကြီးများပစ်ချမှုနှင့် လေယာဉ်ဖြင့်ပစ်ခတ်တိုက်ခိုက်မှု ကြောင့် အရပ်သားပြည်သူ ၇ ဦး သေဆုံးခဲ့ရပြီး ၂၆ ဦး ထိုက်ဒဏ်ရာရရှိခဲ့သည်ဟု ကေအဲန်ယူ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
စစ်ကောင်စီတပ်များ စစ်ရေးလှုပ်ရှားမှုများပြုလုပ်သဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သောကြောင့် ကေအဲန်ယူ – ဒူးသထူ(သထုံ)ခရိုင် ၊ ညောင်လေးပင်ခရိုင် ၊ ဘိတ်-ထားဝယ်ခရိုင် ၊ မူတြော်(ဖာပွန်)ခရိုင် နှင့် ဒူးပလာယာခရိုင်မှ အရပ် သားပြည်သူ ၇၀၀၀၀ (ခုနှစ်သောင်း) ကျော်သည် ကျေးရွာများကို စွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု ကေအဲန်ယူ၏ ထုတ်ပြန်ချက်အရ သိရသည်။