Home ဆောင်းပါး ကိုဗစ်မျိုးကွဲသစ် အိုမီခရွန် (Omicron) ကို ဘယ်လို ရင်ဆိုင်ကြမလဲ

ကိုဗစ်မျိုးကွဲသစ် အိုမီခရွန် (Omicron) ကို ဘယ်လို ရင်ဆိုင်ကြမလဲ

463
Photo: Internet
ကိုဗစ်မျိုးကွဲသစ် အိုမီခရွန် (Omicron) ကို ဘယ်လို ရင်ဆိုင်ကြမလဲ

မြတ်သုတ

(၂-၃-၂၀၂၂)

“တစ်ဦးချင်းစီမှာ အပြန်အလှန် ရှိသင့်တဲ့ ကျန်းမာရေးဆိုင် ရာ နိုးကြားတဲ့အသိနဲ့ နိုးကြားတဲ့သတိပါပဲ။ မိမိအပါအဝင် မိမိရဲ့မိသားစုနဲ့ ပတ်ဝန်းကျင်၊ ရပ်ရွာကို အလေးထား စောင့် ရှောက်လိုတဲ့ ကောင်းမြတ်တဲ့ စိတ်နေစိတ်ထားတွေပါပဲ။”

လေးစားအပ်ပါသော မိဘပြည်သူများနဲ့ ညီအစ်ကိုမောင်နှမများခင်ဗျား။
ဒီတစ်ပတ် ဆွေးနွေးအသိပေးပြောပြမျှဝေလိုတဲ့ ကိစ္စကတော့ အိုမီခရွန်(Omicron) အကြောင်းပါပဲ။ အိုမီခရွန် ကို ကျနော်တို့ ရပ်ထဲရွာထဲမှာတော့ “ဥမ္မာခင်” လို့ လူသိများနေပါတယ်။ အိုမီခရွန်(Omicron)ဟာ ကိုဗစ်-၁၉ ရဲ့ မျိုးကွဲ သစ်တစ်မျိုး ဖြစ်ပါတယ်။ ကျနော်တို့တိုင်းပြည် အပါအဝင် တစ်ကမ္ဘာလုံး ကူးစက်ပြန့်နှံ့နေပါတယ်။

ရပ်ထဲရွာထဲမှာ “ဥမ္မာခင်”လို့ ခေါ်နေ၊ပြောနေကြတဲ့ အိုမီခရွန်(Omicron)ဟာ ကိုဗစ်-၁၉ ရဲ့ မျိုးကွဲသစ်တစ်မျိုး ဖြစ်တာကြောင့် ကိုဗစ်-၁၉ ကာကွယ်ကုသနည်းတွေအတိုင်းပဲ အလေးထား လိုက်နာသွားကြရင် လုံလောက်ပါတယ်။ အိုမီခရွန်(Omicron)အတွက် သီးသန့်လိုက်နာစရာတော့ စည်းမျဉ်းစည်းကမ်းရယ်လို့တော့ မရှိပါဘူး။

အိုမီခရွန်(Omicron)နဲ့ပတ်သက်တဲ့ ထူးခြားမှုတချို့တော့ ရှိပါတယ်။ အဲဒါတွေက ဘာတွေလဲဆိုတော့ သူ့အ ရင်က ကူးစက်ပြန့်နှံ့ဖူးတဲ့ ကိုဗစ် – ၁၉ မျိုးကွဲသစ်တစ်ခုဖြစ်တဲ့ “ဒယ်လ်တာ” နဲ့ နှိုင်းယှဉ်ရင် ရောဂါခံစားရမှု မပြင်းထန် တာ၊ ဆေးရုံတင်ရတဲ့အထိ အသဲအသန်မဖြစ်တာ၊ သေဆုံးမှုနည်းပါးတာ ဆိုတဲ့ အချက်တွေပါပဲ။ ဒီလိုနှိုင်းယှဉ်ခြင်းအား ဖြင့် မတူညီတဲ့အချက်တွေရှိတာကြောင့် အိုမီခရွန်(Omicron) ကို ပေါ့ပေါ့ဆဆ သဘောမထားသင့်ပါဘူး။

ဘာကြောင့် ပေါ့ပေါ့ဆဆ သဘောမထားသင့်သလဲဆိုတာ့ အိုမီခရွန်(Omicron)ကလည်း သူ့အတိုင်းအတာနဲ့ သူ ပြင်းထန်မှုနဲ့ အသက်အန္တရာယ်ပေးနိုင်ဆဲမို့ ဖြစ်ပါတယ်။ အမြောက်အမြားကို အမြန်ဆုံးနှုန်းနဲ့ ကူးစက်နေတာဟာ အိုမီခရွန်(Omicron)ရဲ့ မြင်သာထင်ရှားတဲ့ လက္ခဏာအချက်တစ်ခုဖြစ်ပါတယ်။ အမြို့မြို့ အနယ်နယ်တိုင်းက ရပ်ထဲရွာ ထဲမှာ လက်တွေ့ကြုံရတဲ့ အိုမီခရွန်(Omicron) လက္ခဏာအချက်တွေကတော့ အစဉ်လိုက်အားဖြင့် အဖျားတက်တာ၊ အသံပြောင်းသွားတာ၊ လည်ချောင်းနာတာ၊ ခေါင်းကိုက်တာနဲ့ ကိုက်လက်နာကျင်ကိုက်ခဲတာတွေပဲ ဖြစ်ပါတယ်။ အသက်ငယ်ရွယ်သူတွေနဲ့ ကာကွယ်ဆေး ၂ကြိမ်ထိုးထားပြီးသူတွေကတော့ ၇ရက် သို့မဟုတ် ၁၄ရက်တွင်း ပုံမှန် အနေအထား ပြန်ဖြစ်လာကြတာ တွေ့ရပါတယ်။

ဒီလိုအခြေအနေတွေက သူ့အရင်က မျိုးကွဲတစ်ခုဖြစ်တဲ့ ဒယ်လ်တာ(Delta)နဲ့ အိုမီခရွန်(Omicron)အကြားက မတူခြားနားချက်ပဲ ဖြစ်ပါတယ်။ ဒီအချက်အပေါ်မှာမူတည်ပြီး လူအများစုက အိုမီခရွန်ကို သိပ်ပြီးတော့ အလေးဂရုမပြု ကြတော့ပါဘူး။ ဒီလို ပေါ့ပေါ့ဆဆ သဘောထားတာ၊ အလေးဂရုမပြုကြတာဟာ အပြည့်အဝတော့ မမှန်ကန်ပါဘူး။ မိမိတို့မိသားစုနဲ့ မိမိပတ်ဝန်းကျင်က အသက်အရွယ်ကြီးရင့်သူတွေ၊ နှလုံးရောဂါ၊ သွေးတိုး၊ ဆီးချို၊ ကျောက်ကပ်၊ ပန်းနာရင်ကြပ်၊ ကင်ဆာ အစရှိတဲ့ နာတာရှည်ရောဂါခံ တစ်မျိုးမျိုးရှိနေသူတွေနဲ့ ကာကွယ်ဆေး အပြည့်အဝ မထိုးရ သေးသူတွေ၊ ၁၂အောက် ကလေးငယ်တွေအပေါ် လစ်လျူရှုသလို ဖြစ်နေပါလိမ့်မယ်။

ဒါကြောင့် အိုမီခရွန်(Omicron)နဲ့ ပတ်သက်လာရင်လည်း သက်ဆိုင်ရာ ကျန်းမာရေးဌာနတွေက ယခင်က သတ်မှတ်ထားတဲ့ ကိုဗစ်-၁၉ ကာကွယ်ကုသနည်းတွေအတိုင်းပဲ မပျက်မကွက် အလေးထားလိုက်နာကြဖို့ လိုအပ်ပါ တယ်။ အပြင်ထွက်တိုင်း နှာခေါင်းစည်း စနစ်တကျ တပ်ပါ။ အစာမစားမီနဲ့ အိမ်သာဝင်ပြီးတဲ့အခါတိုင်း၊ အပြင်ကပြန် လာတိုင်း၊ တစ်ခုခုကို ထိကိုင်ပြီးတိုင်း လက်ကို မကြာခဏ ဆေးကြောပါ။ မလိုအပ်ဘဲ လူစည်ကားတဲ့နေရာတွေကို မသွားပါနဲ့။ လိုအပ်လို့ မဖြစ်မနေ သွားရလာရတဲ့အခါမှာလည်း ကိုဗစ်-၁၉ ဆိုင်ရာသတ်မှတ်စည်းကမ်း နည်းလမ်းများ အတိုင်း လိုက်နာသွားလာသင့်ပါတယ်။ မိမိမှာ အဖျားရှိရင်၊ ပုံမှန်မဟုတ်တဲ့ ချောင်းဆိုးလာရင်၊ လည်ချောင်းနာလာရင် နီးစပ်ရာကို အချိန်မီအသိပေးပြီး ဆေးဝါးကုသမှု ခံယူဖို့ လိုအပ်ပါတယ်။

ဒါကြောင့် အကောင်းဆုံးနည်းကတော့ “မိမိကစ ကာကွယ်ပါ”ဆိုတဲ့ ကျန်းမာရေး အသိနဲ့သတိလူတိုင်းမှာ ကိုယ်စီရှိနေကြဖို့ လိုအပ်ပါတယ်။ ပန်းခင်း၊ စိုက်ခင်းတွေနဲ့ နေအိမ်တွေကို ဝိုင်းပတ်ကာရံထားတာတွေကို ကြည့်ပါ။ တိုင်တစ်ချောင်းစီတစ်ချောင်း၊ အုတ်တစ်ခဲစီ ထပ်ပြီးကပ်ပြီး ကာရံထားတယ် မဟုတ်ပါလား။ အဲဒီတိုင်တစ်ချောင်းစီ၊ အုတ်တစ်ခဲစီကို သံ သို့မဟုတ် အင်္ဂတေနဲ့ ခိုင်မာတောင့်တင်းအောင် စနစ်တကျ ပူးတွဲဆွဲကပ်ထားတယ် မဟုတ်ပါ လား။ အဲဒီ တစ်ချောင်းစီ သော့တိုင်တွေ၊ တစ်ခဲစီသော အုတ်တွေဟာ လူတစ်ဦးချင်းတစ်ယောက်ချင်းပါပဲ။ သူတို့ကို စနစ်တကျ ပူးတွဲဆွဲကပ်ထားတဲ့ သံနဲ့ အင်္ဂတေတွေကတော့ တစ်ဦးချင်းစီမှာ အပြန်အလှန် ရှိသင့်တဲ့ ကျန်းမာရေးဆိုင် ရာ နိုးကြားတဲ့အသိနဲ့ နိုးကြားတဲ့သတိပါပဲ။ မိမိအပါအဝင် မိမိရဲ့မိသားစုနဲ့ ပတ်ဝန်းကျင်၊ ရပ်ရွာကို အလေးထား စောင့် ရှောက်လိုတဲ့ ကောင်းမြတ်တဲ့ စိတ်နေစိတ်ထားတွေပါပဲ။

ပန်းခင်းပန်းခြံတွေ၊ စိုက်ခင်းတွေ၊နေအိမ်တွေကို အထက်မှာတင်ပြခဲ့ တိုင်တွေ၊ အုတ်တွေနဲ့ကာရံထားမှ လုံခြုံ သလိုပါပဲ။ ယနေ့ ကမ္ဘာအနှံ့ ပြန့်ပွားကူးစက်နေတဲ့ ကိုဗစ်-၁၉ ကပ်ရောဂါကိုလည်း လူတစ်ဦးချင်းစီရဲ့ နိုးကြားတဲ့ အသိ၊ နိုးကြားတဲ့ သတိနဲ့ မိမိတစ်ဦးချင်းကစပြီး အားလုံး စုပေါင်းကာကွယ်သွားကြရမှာဖြစ်ပါတယ်။

အခုအခါမှာ လူတိုင်းလူတိုင်းဟာ ကိုဗစ်-၁၉ နဲ့ အတူယှဉ်တွဲ နေထိုင်သွားကြရတော့မှာပါ။ မိမိတို့လုပ်ဆောင် ကြရမယ့် နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး စတဲ့လုပ်ငန်းအဝဝကို ကိုဗစ်-၁၉ ကပ်ရောဂါကို ကျန်း မာရေးအသိနဲ့၊ ကျန်းမာရေးသတိနဲ့ အတူယှဉ်တွဲနေထိုင်ပြီး လုပ်ဆောင်သွားကြရတော့မှာပါ။ ဒါကြောင့် ကိုဗစ်-၁၉ ကပ်ရောဂါအတွက် သတ်မှတ်ထားတဲ့ ကာကွယ်ဆေးတွေကို စနစ်တကျ အပြည့်အဝထိုးခြင်း၊ သတ်မှတ်ထားတဲ့ ကျန်း မာရေးဆိုင်ရာ နိုးဆော်သတိပေးချက်တွေနဲ့ စည်းကမ်းချက်တွေကို တိတိကျကျ လေးစားလိုက်နာကြဖို့ပါပဲ။ ဖော်ပြပါ နည်းလမ်းတွေကလွဲပြီး အခြားရင်ဆိုင်စရာ သီးခြားနည်းလမ်းရယ်လို့ လောလောဆယ်မှာ မရှိသေးပါဘူး။ မပေါ်ပေါက် သေးပါဘူး။

ဒါကြောင့် ကိုဗစ်-၁၉ ကပ်ရောဂါနဲ့သက်ဆိုင်တဲ့ လူတိုင်းသိသင့်သိထိုက်တဲ့ ကျန်းမာရေးအသိပေးချက်၊ ကျန်း မာရေး သတိပေးနှိုးဆော်ချက်တွေကို မိမိကိုယ်တိုင်နဲ့ မိမိပတ်ဝန်းကျင်မှာ သိရှိနားလည်သဘောပေါက်ထားနိုင်ဖို့ မဖြစ် မနေ လိုအပ်ပါတယ်။ ကျန်းမာရေးဆိုင်ရာ အသိပေးချက် သတိပေးနှိုးဆော်ချက်တွေဟာ မှန်ကန်တိကျ ရှင်းလင်းပြီး လူတိုင်း အလွယ်တကူ သိရှိနားလည်နိုင်တဲ့ အရေးအသားနဲ့ ပြောဆိုတင်ပြ မျှဝေမှုတွေဖြစ်ဖို့လည်း အင်မတန်မှ လိုအပ် ပါတယ်။ တစ်ပြိုင်နက်ထဲမှာ မှားယွင်းတဲ့ ပုံကြီးချဲ့ ခြောက်လှန့်ထားတဲ့ အချက်တွေကိုလည်း မိမိပတ်ဝန်းကျင်မှာ ကြား ရ၊ ကြုံရ၊ သိရှိရတဲ့အခါမှာ စနစ်တကျ ချေဖျက်ရှင်းလင်းပြီး အမှန်ကို မပျက်မကွက် ဆော်ဩညွှန်ပြပေးဖို့ လိုအပ်ပါ တယ်။

Photo: Internet

ဥပမာအားဖြင့် “ကာကွယ်ဆေးထိုးရင် သေတတ်တယ်၊ ကာကွယ်ဆေးထိုးလည်း ကူးမှာပဲ၊ မထိုးလည်း ကူးမှာ ပဲ။ ဒါကြောင့် မထိုးဘူး” စတဲ့ လွဲမှားနေတဲ့ သိနားလည်မှုမျိုးတွေပေါ့။ ဒီလိုပြောဆိုချက်တွေဟာ ကာကွယ်ဆေးနဲ့ ပတ် သက်ပြီး မှန်မှန်ကန်ကန်၊ တိတိကျကျ သိရှိနားလည်ခြင်း မရှိသေးတာကို ဖော်ပြနေပါတယ်။

ကာကွယ်ဆေးထိုးမယ့်သူဟာ သူ့မှာ မည်သည့်ရောဂါအခံရှိနေကြောင်း သို့တည်းမဟုတ် ကိုယ်ဝန်ရှိနေ ကြောင်း မပျက်မကွက် ကြိုတင်အသိပေးဖို့ လိုအပ်ပါတယ်။ ကာကွယ်ဆေးထိုးပြီးလည်း ကူးစက်နိုင်ပါတယ်။ ကာ ကွယ်ဆေးမထိုးလည်း ကူးစက်နိုင်တယ်ဆိုတာဟာ အမှန်ပါပဲ။

ဒါပေမယ့် ဒီမှာ တစ်ဆက်တည်းပြောရမှာက ကာကွယ်ဆေး ထိုးထားပြီးသူမှာ ကူးစက်ခံရတာနဲ့ ကာကွယ် ဆေးထိုးမထားသေးတဲ့သူမှာ ရောဂါကူးစက်ခံရရင် မတူညီတဲ့အချက်ပါပဲ။ ကာကွယ်ဆေးထိုးထားပြီးသူတွေမှာ ကူးစက်ခံရတဲ့အခါ ဆေးရုံတင်ရသည်အထိ အထူးကြပ်မတ်ကုသဆောင်(ICU)ထဲ ရောက်တဲ့အထိ ပြင်းထန်စွာ ရောဂါ ခံစားရမှုဘေးကနေ ကင်းဝေးတယ်ဆိုတဲ့ အချက်ပါပဲ။ လိုရင်းအချက်ကတော့ ဆေးထိုးထားသူဟာ အသက်ဆုံးရှုံးမယ့် ဘေးကနေ ကင်းဝေးနိုင်တယ်။ ကာကွယ်ဆေးမထိုးရသေးသူကတော့ အသက်အန္တရာယ်ထိခိုက်ဖို့ အလားအလာ ရာခိုင် နှုန်း ပိုများတယ်ဆိုတဲ့အချက်ကို သိနားလည်ထားဖို့ပါပဲ။

မိမိဟာ အသက်အရွယ်ငယ်ရွယ်သူမို့ ကိုယ်ခံအားရှိတယ်။ ပင်ကိုယ်ခံနိုင်ရည်ရှိတယ်၊ ကာကွယ်ဆေးမထိုးလို ဘူး ဆိုတဲ့ တလွဲစဉ်းစားနည်းကလည်း အသက်အရွယ်ကြီးရင့်တဲ့၊ ရောဂါခံတစ်မျိုးမျိုး ရှိနေနိုင်တဲ့ မိမိဘိုးဘွားများနဲ့ မိမိ မိဘတွေနဲ့ ကလေးငယ်တွေရဲ့ အသက်ဘေးအန္တရာယ်ကို လျစ်လျူရှုသလိုဖြစ်တတ်ပါတယ်။ ဒါကြောင့် “မိမိကစ – ကာကွယ်ပါ” လို့ ဆိုရတာပါ။

(Prevention is the Best Medicine) ကြိုတင်ကာကွယ်ခြင်းဟာ အကောင်းဆုံး ဆေးဝါးကုသခြင်းပဲ ဆိုတဲ့ အဆို အမိန့်အတိုင်းပါပဲ။ ကိုဗစ်-၁၉ ကူးစက်ရောဂါကာကွယ်ဆေးကို စနစ်တကျ အပြည့်အဝထိုးကြပါ။ ကိုဗစ်-၁၉ ဆိုင် ရာ စည်းကမ်းချက်များကို တိကျစွာလိုက်နာပါ။ သန့်ရှင်းလတ်ဆတ်တဲ့ အစားအစာများကို စားပါ။ သန့်ရှင်းတဲ့ရေ များ များသောက်ပါ။ အိပ်ရေးဝဝအိပ်ပါ။ ကိုယ်လက်လေ့ကျင့်ခန်း မှန်မှန်ပြုလုပ်ပါ။ ကွမ်းယာ၊ဆေးလိပ်၊ အရက်ဘီယာ သောက်ရှူ/ သုံးစွဲမှု လျှော့ချပါ။ မလိုအပ်ဘဲ၊ ဆရာဝန်နဲ့ ဆေးဝါးဆိုင်ရာ ကျွမ်းကျင်သူများရဲ့ ညွှန်ပြမှုမပါဘဲ ကိုယ့် သဘောနဲ့ကိုယ် ဆေးထိုးခြင်း၊ ဆေးသောက်ခြင်း မပြုပါနဲ့။ ဆရာဝန်နဲ့ဆေးဝါးဆိုင်ရာ ကျွမ်းကျင်သူများရဲ့ ညွှန်ပြမှုအ တိုင်းသာ ဆေးသောက် ဆေးထိုးခြင်း ပြုလုပ်ပါ။ အသုံးပြုပြီး နှာခေါင်းစည်းများ၊ ကိုဗစ် -၁၉ ကူးစက်မှုရှိ/မရှိ စမ်းသပ် သည့် ပစ္စည်းကိရိယာများ၊ မိမိခန္ဓာကိုယ်မှထွက်သော အညစ်အကြေးများကို သတ်မှတ်ထားတဲ့စည်းကမ်းအတိုင်း စနစ် တကျ စွန့်ပစ်ပါ။

လေးစားအပ်ပါသော မိဘပြည်သူများနဲ့ ညီအစ်ကိုမောင်နှမများအနေနဲ့ ကိုဗစ်-၁၉ ကပ်ရောဂါကို ဘေးကင်း လုံခြုံစွာ အတူယှဉ်တွဲ နေထိုင်နိုင်ပြီး မိမိတို့ရဲ့ နိုင်ငံရေး၊ စီးပွားရေး၊စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပညာရေး၊ ယဉ်ကျေးမှု၊ လူမှုရေး အစရှိတဲ့ လုပ်ဆောင်ဖွယ်ရာများကို အရှိန်အဟုန်မပျက် ဆက်လက် လုပ်ကိုင်ဆောင်ရွက်နိုင်ပါစေလို့ ဆုမွန် ကောင်းတောင်းအပ်ပါတယ်။

ကိုဗစ် – ၁၉ ကပ်ဆိုးရောဂါကို စုပေါင်းအားနဲ့ ရင်ဆိုင်ကာကွယ် ကျော်လွှားကြပါစို့။

လေ၊ မြေ၊ ရေ သန့်ရှင်းသာယာပြီး ကျန်းမာပျော်ရွှင်တဲ့ လူ့ကမ္ဘာလောကကြီးကို စုပေါင်းအားနဲ့ တည်ဆောက် ကြပါစို့။