Home သတင်း ငြိမ်းချမ်းရေးလုပ်ငန်းတွင် လက်တွေ့ကျကျပါဝင်ရန် စစ်ကောင်စီ၏ မေတ္တာရပ်ခံချက်အပေါ် လက်ရှိ ပြဿနာကိုသာ ဖြေရှင်းရန် EAOs တုန့်ပြန်

ငြိမ်းချမ်းရေးလုပ်ငန်းတွင် လက်တွေ့ကျကျပါဝင်ရန် စစ်ကောင်စီ၏ မေတ္တာရပ်ခံချက်အပေါ် လက်ရှိ ပြဿနာကိုသာ ဖြေရှင်းရန် EAOs တုန့်ပြန်

1398

မတ်လ ၁ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ

တိုင်ရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ(EAOs)နှင့် သက်ဆိုင်သူများအားလုံးအနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို လက်တွေ့ကျကျ တိုးမြှင့်အကောင်အထည်ဖော် ပါဝင်ဆောင်ရွက်ရန် ယမန်နေ့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့က စစ်ကောင်စီ၏ မေတ္တာရပ်ခံထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး လက်ရှိအာဏာသိမ်းမှု ပြဿနာကိုသာ တာဝန်ခံ၍ ဦးစွာ ဖြေရှင်းရန်လိုအပ်ကြောင်း EAOs ဘက်က တုန့်ပြန်လိုက်သည်။

ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရ ငြိမ်းချမ်းရေးအတွက်ဟူ၍ ယမန်နေ့ ထုတ်ပြန်လိုက်သော စစ်ကောင်စီ၏ ကြေညာချက်တွင် EAOs နှင့် သက်ဆိုင်သူများအားလုံး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို လက်တွေ့ကျကျတိုးမြှင့်ဆောင်ရွက်နိုင်ရန် ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှ ပါဝင်ဆောင်ရွက်ရန် မေတ္တာရပ်ခံထားမှုနှင့်ပတ်သက်ပြီး ယခင် အပစ်ရပ်လက်မှတ်ရေးထိုးခဲ့သည့် ကရင်အမျိုးသားအစည်းအရုံး-KNU ဘက်က ယခုလို တုန့်ပြန်ပြောဆိုသည်။

KNU ၏ ပြောခွင့်ရ ပဒိုစောတောနီးက “Transitional justice လို့ခေါ်တဲ့ အသွင်ကူးပြောင်းရေး ကာလ တရားမျှတမှုအတွက် သူတို့(စကစ) ဘက်က တိတိကျကျ အာမခံချက်နဲ့ လက်ခံနိုင်ရမည်။ ဒါတွေမှ မရှိရင် ခံခဲ့ရတဲ့သူတွေအတွက်ဖြစ်စေ အကြမ်းဖက်လုပ်ရပ်တွေကနေ နေအိမ်တွေ ပျက်စီးခံခဲ့ရတဲ့သူတွေ အသတ်ခံခဲ့ရသူတွေ အများကြီးရှိတယ်။ အခု မတရားအာဏာသိမ်းမှ မဟုတ်ဘူး၊ ဟိုအရင်ကတည်းက ဒီလိုမျိုး သူတို့ ကျူးလွန်ခဲ့တာတွေ အများကြီးရှိတယ်။ ဒါတွေကို သူတို့ တာဝန်ယူ တာဝန်ခံရမယ်၊ အသေအချာရှိရမယ်။ ဒါကိုမှ လက်မခံနိုင်ရင် ပြောဆိုဆွေးနွေးဖို့ ဖြစ်လာစရာ အကြောင်းမရှိဘူး “ဟု ကေအိုင်စီသို့ ပြောသည်။

စစ်တပ်အနေဖြင့် တိုင်းပြည်နှင့် ပြည်သူအပေါ် စစ်မှန်သည့် သဘောထား ယခင်ကတည်းကရှိခဲ့လျှင် လက်ရှိတိုင်းပြည်အနေဖြင့် ဖွံ့ဖြိုးတိုးတက်နေပြီးဖြစ်သော်လည်း ယခုတွင် အတင်းအဓမ္မ အာဏာသိမ်းယူပြီး အကြမ်း ဖက်နည်းလမ်းကို လုပ်ဆောင်နေသေးသည့်အပေါ် ၎င်းတို့နှင့် ဆွေးနွေးစရာအကြောင်းမရှိကြောင်းလည်း ပဒိုစောတောနီးက ဆက်ပြောသည်။

ရဲဘော်မျိုးဝင်း ( Photo-NCA_S EAO)

ယခုလို တုန့်ပြန်လိုက်ခြင်းသည်လည်း ကေအဲန်ယူအနေဖြင့် နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းဖြင့် မဆွေးနွေးလိုသည့် သဘောထားမဟုတ်ဘဲ ယခင်နည်းလမ်းဟောင်းများအတိုင်း ထပ်မံမကြုံတွေ့ စေရန်နှင့် ပြည်သူ လူထုများ၏ တောင်းဆိုချက်အတိုင်း စစ်တပ်တစ်ခုလုံးအနေဖြင့် နိုင်ငံရေးမှ လုံးဝ ထွက်ခွာပေးရမည်ဖြစ်ပြီး ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်မည့် ၎င်းတို့၏ သဘောထားကိုလည်း အပြောထက် လက်တွေ့ လုပ်ဆောင်ပြရမည်ဖြစ်ကြောင်းလည်း ကေအဲန်ယူပြောခွင့်ရသူက ထပ်မံပြောဆိုသည်။

ယမန်နေ့ စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင် တစ်နိုင်ငံလုံး ထာဝရ ငြိမ်းချမ်းရေး ရရှိရေး၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို တိုးမြှင့်ဆောင်ရွက်နိုင်ရေးနှင့် ကိုဗစ်ကာကွယ်ထိန်းချုပ်ကုသရေးအတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် နိုင်ငံတော် ကာကွယ်ရေးနှင့် အုပ်ချုပ်မှုဆိုင်ရာ ကိစ္စများအပြင် နိုင်ငံတော် အစိုးရ၏ လုံခြုံရေးနှင့် အုပ်ချုပ်ရေး ယန္တရားများအား နှောင့်ယှက်ထိပါး တိုက်ခိုက်ချိန်မှအပ တပ်မတော်၏ စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများကို ယခုနှစ် ၂၀၂၂ ခုနှစ် မတ်လ ၁ ရက်နေ့မှ နှစ်ကုန်အထိ အပစ်ရပ်စဲမှုသက်တမ်း တိုးမြှင့်လိုက်ကြောင်း ဖော်ပြထားသည်။

၎င်းအပြင် တပ်မတော်အနေဖြင့် ၂၀၁၈ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ အပစ်ရပ်ကြေညာချက် အကြိမ် ၂၀ ထုတ်ပြန်ပြီးခဲ့သလို ပြီးခဲ့သည့် စိန်ရတု ပြည်ထောင်စုနေ့ အခမ်းအနားတွင်လည်း အပစ်ရပ် NCA လက်မှတ်ရေးထိုးထားသည့် EAOs ၇ ဖွဲ့ နှင့် လက်မှတ်မရေးထိုးရသေးသည့် EAOs ၄ ဖွဲ့ တက်ရောက်ခဲ့ပြီး ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များကိုလည်း ဆွေးနွေးနိုင်ခဲ့ကြောင်း စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင် ဆက်လက် ဖော်ပြပြောဆိုသည်။

အပစ်ရပ် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST) အနေဖြင့်လည်း NCA ကို အခြေခံသည့် နိုင်ငံရေး ဆွေးနွေးမှုများကို ရပ်ဆိုင်းကြောင်း အာဏာသိမ်းပြီးချိန်မှစ၍ ထုတ်ပြန်ကြေညာထားပြီးဖြစ်သလို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ထက် ၂၀၂၀ ရွေးကောက်ပွဲရလဒ်မှ ဖြစ်ပေါ်လာသည့် နိုင်ငံရေးအကြပ်အတည်းကို ဦးစွာဖြေရှင်းသွားရန် လိုအပ်ကြောင်း PPST ၏ ပြောခွင့်ရ ရဲဘော်မျိုးဝင်းက ယခုလိုပြောသည်။

” တစ်တိုင်းပြည်လုံး အပစ်အခတ်ရပ်စဲရေးဆိုတာက ကျနော်တို့ PPST အပါအဝင် EAOs တွေ အားလုံး ကိုင်စွဲထားတဲ့မူဖြစ်တယ်။ ဒါပေမဲ့ လက်တွေ့ကျကျ ပြောချင်တာက တကယ်နိုင်ငံရေးအရ အနှစ်သာရရှိတဲ့ တစ်တိုင်းပြည်လုံး အပစ်အခတ်ရပ်စဲရေးမဖြစ်ဖူးလို့သာပေါ့။ တစ်ဖက်မှာ ကြေညာပေမဲ့လည်း လက်နက်ကိုင်ပဋိပက္ခဆက်ရှိနေမယ်ဆိုရင် အနှစ်သာရမရှိတဲ့ အပစ်အခတ်ရပ်စဲရေးပဲ ဖြစ်မှာပေါ့နော်။ “ဟု သူက ကေအိုင်စီသို့ ပြောသည်။

ဆက်လက်၍ စစ်ကောင်စီနှင့် NCA အခြေခံအရ နိုင်ငံရေး ဆွေးနွေးမှုကို ရပ်ဆိုင်းထားသော်လည်း လက်ရှိ နိုင်ငံရေးအကြပ်အတည်းကို ဆွေးနွေးနိုင်ရန် သက်ဆိုင်ရာအားလုံးနှင့် ဆွေးနွေးသွားမည့် မူ PPST အနေဖြင့်ရှိသော်လည်း မည်သို့ မည်ပုံ၊ မည်သည့်အစုအဖွဲ့နှင့် ဆွေးနွေးရမည့် လုပ်ငန်းစဉ်များကို PPST အထဲတွင် ဆွေးနွေးနေဆဲဖြစ်ကြောင်းလည်း ရဲဘော်မျိုးဝင်းက ဆက်ပြောသည်။

စစ်ကောင်စီ အနေဖြင့် ယခင်ကာလများတွင် ပုံစံမျိုးစုံဖြင့် အပစ်ရပ်ကြောင်းနှင့် နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးရန် ထုတ်ပြန်ကြေညာခဲ့သော် လည်း နိုင်ငံအတွင်း လက်နက်ကိုင်ပဋိပက္ခမှာ ပိုတိုးမြှင့် လာနေသလို တစ်နိုင်ငံလုံးနီးပါး နှစ်ဖက်ထိတွေ့တိုက်ပွဲများ ဆက်လက်ဖြစ်ပေါ်လျက်ရှိသည်။

အဆိုပါ ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခများကြောင့် ထောင်နှင့်ချီသည့် အရပ်သား ပြည်သူများလည်း သေဆုံးခဲ့ရကာ ရွာလုံးကျွတ်မီးတင်ရှို့ခံရမှု၊ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခံရမှု၊ အရပ်သားအပေါ် လူသားဒိုင်းအဖြစ် အသုံးပြုမှုများကို စစ်ကောင်စီဘက်မှ ဆက်လက် ကျူးလွန်နေဆဲဖြစ်သည်ဟု လူ့အခွင့်အရေးချိုးဖောက်မှုများကို စောင့်ကြည့်နေသည့်အဖွဲ့များ၏ ထုတ်ပြန်ချက်အရ သိရသည်။