Home သတင်း သီတင်း နှစ်ပတ်ကျော်အတွင်း ထိုင်းပြန်မြန်မာလုပ်သားများထဲမှ ကိုဗစ်ပိုးတွေ့လူနာ ၅၀၀ နီးပါးရှိခဲ့

သီတင်း နှစ်ပတ်ကျော်အတွင်း ထိုင်းပြန်မြန်မာလုပ်သားများထဲမှ ကိုဗစ်ပိုးတွေ့လူနာ ၅၀၀ နီးပါးရှိခဲ့

1184
Photo: CJ

ဖေဖော်ဝါရီ ၂၅ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ် မြဝတီနယ်စပ် ထိုင်း-မြန်မာအမှတ် (၂) တံတားမှတဆင့် ယခုလ သီတင်း နှစ်ပတ်အတွင်း ဝင်ရောက်လာသည့် ထိုင်းပြန်မြန်မာ လုပ်သားများထဲမှ ကိုဗစ်ပိုးတွေ့လူနာ ၅၀၀ နီးပါးခန့် ရှိခဲ့ကြောင်း သိရသည်။

ယခုလ ဖေဖော်ဝါရီ ၅ ရက်မှ ၂၂ ရက်နေ့အထိ သီတင်း နှစ်ပတ်ကျော် အတွင်း ဝင်ရောက်လာသည့် ထိုင်းပြန်မြန်မာလုပ်သားများထဲမှ ကိုဗစ်ပိုးတွေ့လူနာ ၅၀၀ ဝန်းကျင်ခန့် ရှိခဲ့သည်ဟု မြဝတီနယ်စပ် အမှတ် ၂ ချစ်ကြည်ရေးတံတားတွင် နေရပ်ပြန် ကြိုဆိုရေး ဆောင်ရွက်နေသူတစ်ဦးက ပြောသည်။

“ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၅ ရက်နေ့က ဝင်ရောက်လာတဲ့ထိုင်းပြန်မြန်မာလုပ်သား ၁၉၉ ဦးကို ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ စစ်ဆေးရာ ၁၀၁ ဦးမှာ ကိုဗစ်ပိုးတွေ့ခဲ့ပါတယ်။ အဲဒီအပြင် ၂၂ ရက်နေ့က Quarantine ဝင်နေသူများကို စစ်ဆေးခဲ့ရာမှာလည်း ၇၂ ဦးမှာ ကိုဗစ်ပိုးတွေ့ခဲ့တယ်လေ။ ဒါကတော့ တစ်ရက်တည်း အတူပြန်လာသူတွေ ထဲမှာရောဂါပိုးတွေ့ရှိမှု အများဆုံး ရက်တွေပေါ့။ ဒီကြားရက်တွေထဲမှာလည်း ပိုးတွေ့လူနာ ၁၀ ယောက်နှင့်အထက် နေ့စဉ်လိုလို ပါလာတာဆိုတော့ ယခု သီတင်း ၂ ပတ်ကျော်အတွင်း နေရပ်ပြန်ထဲမှာ ကိုဗစ်ပိုးတွေ့လူနာ ၅၀၀ နီးပါးခန့် ရှိလာတာဖြစ်ပါတယ်”ပြောသည်။

Photo: CJ

ကိုဗစ်လူနာများအား ဆေးကုသမှူပေးနေသည့် မြဝတီမြို့ အမှတ် ရပ်ကွက်ရှိ ရွှေမြဝတီ ကိုဗစ်စင်တာတွင် ဆေးကုသမှု ပေးလျက်ရှိရာ ဖေဖော်ဝါရီလ ၂၂ ရက်နေ့က ရောဂါကင်းစင်သူ ၈၄ ဦး နေရပ်ပြန်ခွင့်ရခဲ့သဖြင့် လက်ရှိတွင် ကိုဗစ်လူနာ အမျိုးသား ၂၂၄ ဦး နှင့် အမျိုးသမီး ၁၇၃ ဦး စုစုပေါင်း ၃၉၇ ဆက်ရှိနေသေးကြောင်း ရွှေမြဝတီ ကိုဗစ်စင်တာ တာဝန်ခံ ဒေါက်တာ စောဌေးမြင့်ထံမှ သိရသည်။

ယခု ကာလအတွင်း ထိုင်းပြန်မြန်မာလုပ်သားများကို မြဝတီနယ်စပ် ထိုင်း-မြန်မာ အမှတ် ၂ ချစ်ကြည်ရေးတံတားမှတဆင့် တစ်ပတ်လျှင် ၃ ရက်၊ တစ်ရက်လျှင် လူဦးရေ ၂၀၀ နှုန်းဖြင့် စစ်ကောင်စီ တာဝန်ရှိသူများက လက်ခံကြိုဆိုပေးခြင်းဖြစ်သည်။

ထိုသို့ပြန်လာသူများကို မြဝတီမြို့တွင် ဖွင့်လှစ်ထားသည့် Quarantine Center များတွင် ၁၀ ရက်ခန့် ထားရှိပြီး ရက်အလိုက် ဆေးစစ်ခြင်းများ ပြုလုပ်ကာ ကိုဗစ်ရောဂါပိုး ရှိသူများကို ဆေးဝါးကုသမှုပေးပြီး ရောဂါပိုး ကင်းစင် သူများကိုမူ ၎င်းတို့ ပြန်လိုသည့် ပြည်နယ်နှင့်တိုင်းအလိုက် သီးသန့်ကားအစီအစဉ်ဖြင့် ပြန်လည် ပို့ဆောင်ပေး လျက်ရှိကြောင်း သိရသည်။