Home သတင်း နယ်စပ်ဒေသ (၈)နေရာတွင် အလုပ်သမား ၃၀,၀၀၀ကျော် ခေါ်ယူရန် ထိုင်းအစိုးရ စီစဉ်

နယ်စပ်ဒေသ (၈)နေရာတွင် အလုပ်သမား ၃၀,၀၀၀ကျော် ခေါ်ယူရန် ထိုင်းအစိုးရ စီစဉ်

724
Photo-Saw Mort

ဖေဖော်ဝါရီ ၂၅ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ

ထိုင်းနိုင်ငံနှင့် ထိစပ်နေသည့် မြန်မာ၊ ကမ္ဘောဒီးယားနယ်စပ်ဒေသ (၈)နေရာတွင် အလုပ်လုပ်ရန် အလုပ်သမား ၃၀,၀၀၀ (သုံးသောင်း)ကျော် ခေါ်ယူရန်အတွက် ထိုင်းအလုပ်သမားဝန်ကြီးဌာနမှ စီစဉ်နေသည်ဟု အလုပ်သမား အရေး ဆောင်ရွက်သူများက ပြောသည်။

အလုပ်သမားခေါ်ယူမည့် နယ်စပ် (၈) နေရာတွင် မဲဆောက်-မြဝတီ၊ ရနောင်း-ကော့သောင်း၊ မယ်ဆိုင်-တာချီလိတ်နှင့် ကန်ချနဘူရီ-ဘုရားသုံးဆူ စသည့် ထိုင်း-မြန်မာနယ်စပ် (၄)နေရာနှင့် ထိုင်း-ကမ္ဘောဒီးယားနယ်စပ် (၄)နေရာ ပါဝင် သည်ဟု မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA)ဥက္ကဌ ဦးမိုးကြိုးက ကေအိုင်စီသို့ ပြောသည်။

၎င်းက “ဒီဟာက ပြောရမယ်ဆိုရင် ပတ်စ်ပို့မလိုဘူး။ နယ်စပ်မှာပဲအလုပ်ရမယ့် အလုပ်သမား။ စာအုပ်အပြာနဲ့ လုပ်ရ မယ်။ အဲဒီစာအုပ်အပြာက ရာသီအလိုက်အလုပ်သမားပေါ့။ အလုပ်ကြမ်း(၃)မျိုးလုပ်ရမယ်။ သဘောက ဘုရားသုံးဆူ လို၊ ကော့သောင်းလို အဲလိုနယ်စပ်တွေမှာရှိတဲ့လူတွေက ထိုင်းနိုင်ငံထဲ သူတို့နဲ့ နယ်စပ်ချင်းနီး ကပ်နေတဲ့ နယ်စပ်မြို့မှာ လာပြီး အလုပ်လုပ်ခွင့်ရှိတာ။ နယ်စပ်မြို့ကလွဲပြီး ထိုင်းနိုင်ငံမှာရှိတဲ့ ဘန်ကောက်တို့လို မြို့ကြီးပြကြီးတွေမှာသွားပြီး အလုပ်လုပ်ကိုင်ခွင့်မရှိဘူး။ အကန့်အသတ်တော်တော်ကြီးတယ်။”ဟု ပြောသည်။

အဆိုပါ ခေါ်ယူမည့် ရာသီအလိုက်အလုပ်သမား (တနည်းအားဖြင့် နယ်စပ်ဒေသအလုပ်သမား၊ အသွားအပြန် အလုပ်သ မား)များသည် နယ်စပ်တွင်သာ လုပ်ကိုင်ခွင့်ရပြီး မြို့ကြီးများတွင် သွားရောက် လုပ်ကိုင်ခွင့်မရသည့်အပြင် အလုပ်လုပ် မည့် အလုပ်ကြမ်း ၃မျိုးမှာ စိုက်ပျိုးရေးလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်းနှင့် အိမ်တွင်းမှုလုပ်ငန်းတို့ဖြစ်သည်ဟု ဦးမိုး ကြိုးက ဖြည့်စွက်ပြောသည်။

ရာသီအလိုက်အလုပ်သမား ခေါ်ယူရာတွင် ထိုင်းလုပ်ငန်းရှင်ဘက်မှ အလုပ်သမားဦးရေစာရင်းနှင့်အတူ ကိုဗစ်စစ်ဆေး ထားကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာနတွင် တင်ပြထားရခြင်း၊ ထိုင်းနိုင်ငံရှိဆေးရုံတစ်ခုခုတွင် ရောဂါစစ်ဆေးပြီး ကျန်းမာရေးအာမခံတင်ပြထားရခြင်း၊ ထိုင်းလဝကတွင် ၁လ သက်တမ်းရှိ ဗီဇာယူရခြင်း၊ ကိုဗစ်ကာကွယ်ဆေး ထိုးနှံပြီး ကြောင်း အထောက်အထားနှင့်တကွ Quarantine ဝင်ရခြင်းနှင့် (၃)လသက်တမ်းရှိ အလုပ်လုပ်ခွင့်လက်မှတ် Work permit ယူရခြင်း စသည့် လုပ်ငန်းစဉ်အဆင့် (၅)ဆင့်သတ်မှတ်ထားသည်ဟု အလုပ်သမားအရေးဆောင်ရွက်သူများက ပြောသည်။

“ဒီဟာက အကန့်အသတ်ကြီးမားတယ်။ ဗီဇာက (၁)လ၊ အလုပ်လုပ်ခွင့်လက်မှတ်က (၃)လပဲ ရတယ်။ ပြောရမယ်ဆို ရင် ထိုင်းဥပဒေပါ အခွင့်အရေးရဆိုရင် အပိုဒ်(၆၄) ရာသီအလိုက် အလုပ်သမား။ မြို့ကြီးပြကြီးတွေမှာ ကူးပြောင်းသွား လာခွင့်မရှိဘူး။ သူတို့ဘဝတစ်ခုလုံးကို အဲဒီက အလုပ်ရှင်လက်ထဲမှာ အပ်နှံထားရတယ်။ အလုပ်ရှင်က (၃)လမပြည့်လို့ မနှစ်သက်ဘူးဆိုရင် သက်တမ်းမတိုးဘဲနေလို့ရတယ်။ အဲဒီအခါကျတော့ အလုပ်သမားက ကိုယ့်နေရပ်ကို ပြန်ရမယ်ဆို တော့ အလုပ်သမားအခွင့်ရေးအရ တိတိကျကျမရှိဘူး။ ဥပမာ အလုပ်ထဲမှာ အလုပ်သမားတွေ ခြေပြတ်၊လက်ပြတ် အသက်ဆုံးရှုံးရင်လည်း နစ်နာကြေးတောင်းရတာ အင်မတန်ခက်တယ်။”ဟု JACBA ဥက္ကဌ ဦးမိုးကြိုးက ပြောသည်။

ထိုင်းနိုင်ငံ၏ အလုပ်သမားဥပဒေထဲတွင် ရက်ပေါင်း ၁၂၀ အလုပ်မလုပ်ရသေးပါက အလုပ်ရှင်၏ အမည်ရ အလုပ်သ မား မဖြစ်သေးကြောင်း ဥပဒေရှိသည့်အတွက် အဆိုပါရာသီအလိုက် အလုပ်လုပ်ခွင့် စာအုပ်သက်တမ်းသည် ရက်ပေါင်း ၉၀ရက်သာ ရှိသောကြောင့် လူ့အခွင့်အရေး၊ အလုပ်သမားအခွင့်အရေးကို ချိုးဖောက်နေသည့်အတွက် ရာသီအလိုက် အလုပ်သမားခေါ်ယူရေးနှင့်ပတ်သက်၍ ထိုင်းလူ့အခွင့်အရေးအဖွဲ့များက လွန်ခဲ့သည့် (၅)နှစ်ကတည်းက ကန့်ကွက် ထားခြင်းရှိခဲ့ကြောင်း သိရသည်။

လက်ရှိမြန်မာနိုင်ငံတွင် နိုင်ငံရေးမတည်ငြိမ်မှုကြောင့် ပြည်တွင်းရှိ လူထုသိန်းနှင့်ချီ အလုပ်လက်မဲ့ဖြစ်သွားကာ အလုပ် အကိုင်ရှားပါးမှုနှင့် ကြုံနေရသည့်အပြင် နီးစပ်ရာ ထိုင်းနိုင်ငံတွင် MOU စနစ်ဖြင့် တရားဝင် သွားရောက်လုပ်ကိုင်ခွင့် လည်း မရသည့်အတွက် လူငယ်လူရွယ်အချို့သည် တရားမဝင်နယ်စပ်ဖြတ်ကျော်ပြီး ထိုင်းနိုင်ငံထဲတွင် ဝင်ရောက်အ လုပ်ရှာသောကြောင့် မကြာခဏ ဖမ်းဆီးခံရလျက်ရှိသည်။

ထိုင်းနိုင်ငံတွင် ယခုလ (၁)ရက်နေ့မှ (၁၃)ရက်နေ့အထိ ဖမ်းဆီးခံရသည့် တရားမဝင် မြန်မာရွှေ့ပြောင်းအလုပ်သမား (၂၀၀၀)နီးပါးခန့်ရှိသည်ဟု အလုပ်သမားအရေး ဆောင်ရွက်သူများက ပြောသည်။