ဇန်နဝါရီ ၂၄ ရက်၊ ၂ဝ၂၂ ခုနှစ်၊ ကေအိုင်စီ
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် တောင်စွန်းရွာ အခြေစိုက် တပ်စခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင် များသည် ညစဉ်ညတိုင်း သေနတ်ရမ်းသမ်းပစ်ဖောက်မှုများလုပ်ဆောင်သည့်အတွက် ရွာသားများမှာ စိုးရိမ်ကြောက်လန့်ကြ၍ ထွက်ပြေးပုန်းရှောင်နေကြရသည်ဟု သိရသည်။
အဆိုပါ တောင်စွန်းစခန်းတွင် စစ်ကောင်းစီတပ် ခြေလျင်တပ်ရင်း-ခလရ ၂၈၃ မှ နေထိုင်ကြပြီး ည ၇ နာရီဝန်းကျင်အချိန်တွင် စခန်းဝင်းမှ ကျေးရွာအတွင်းသို့ သေနတ်ရမ်းသမ်းပစ်ဖောက်မှု ညစဉ် ပြုလုပ်သည့်အတွက် ရွာသားအများစုမှာ နေအိမ်တွင် မနေရဲကြတော့ဘဲ ရွာကိုစွန့်ခွာထွက်ပြေးတိမ်း ရှောင်နေကြရသည်ဟု ဒေသခံရွာသားတစ်ဦးက ကေအိုင်စီသို့ပြောသည်။
“ သူတို့ကို ဘယ်သူမှလာမပစ်လည်း သူတို့စခန်းကနေ ညတိုင်းသေနတ်ပစ်ဖောက်ကြတယ်။ ဘယ်သူမှမနေရဲတော့ဘူး။ ရွာထဲရမ်းသမ်းပစ်ကြတော့ ကြောက်တယ်ပေါ့နော်။ သူတို့ရှိနေတော့ လုပ်ကိုင်စားသောက်ရတာ လုံးဝမလွယ်ဘူး။ တောထဲခြံထဲသွားလို့လည်း မရဲဘူး။ အခုပုန်းရှောင် နေရတယ်” ဟု အမည်မဖော်လိုသူ ရွာသားတစ်ဦးက ကေအိုင်စီသို့ ပြောသည်။
ကရင်အမျိုးသားအစည်းအရုံး-KNU ဝင်းရေးမြို့နယ် အုပ်ချုပ်မှုနယ်မြေတွင်ရှိသည့် တောင်စွန်း စစ်ကောင်စီတပ်စခန်းသည် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်မှုများ မကြာခဏ လုပ်ဆောင်လေ့ရှိသလို စခန်းရှေ့ဖြတ်သန်းသွားလာသူများလည်း စစ်ဆေးမေးမြန်းရိုက်နှက်ခံရမှု များရှိခဲ့သည်ဟု ရွာသားများထံမှ သိရသည်။
ယခင် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလတွင် ၎င်းစခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် သတ်မှတ်နယ် မြေကျော် လွန်လာသည့်အတွက် နယ်မြေခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်ဖွဲ့ နှင့်ပစ်ခတ်မှုဖြစ်ခဲ့ပြီးနောက် နယ်ခြားစောင့်တပ်-BGF နှင့် စစ်ကောင်စီတပ်တို့ပူးပေါင်းပြီး သံဖြူဇရပ်-ဘုရားသုံးဆူ လမ်းမဝဲယာတစ်လျှောက်တွင် တပ်စွဲနေထိုင်လာသည့်အတွက် အနီးရှိရွာသားများမှာ ပုန်းရှောင်ထွက်ပြေးနေရသည်ဟု ရွာသားများထံမှ သိရသည်။