Home သတင်း စိုက်ပျိုးစရိတ် မြင့်မားလာခြင်း‌ကြောင့် လယ်/သီးနှံစိုက်‌တောင်သူများ စိန်‌ခေါ်မှုကြီးလာ

စိုက်ပျိုးစရိတ် မြင့်မားလာခြင်း‌ကြောင့် လယ်/သီးနှံစိုက်‌တောင်သူများ စိန်‌ခေါ်မှုကြီးလာ

747

ဇန်နဝါရီ ၂၄ ရက်၊ ၂၀၂၂ ခုနှစ်။ ‌ကေအိုင်စီ

လတ်တ‌လော ပြည်တွင်း စိုက်ပျိုးစရိတ် မြင့်မားလာခြင်း‌ကြောင့် ဧရာဝတီတိုင်း‌ဒေသရှိ မြို့နယ်အချို့တွင် လယ်ယာ သီးနှံစိုက်‌တောင်သူများအတွက် စိုက်ပျိုး‌ရေး အသုံးစရိတ် စိန်‌ခေါ်မှုများကြီးမားလာ‌ကြောင်း ‌ဒေသခံ ‌တောင်သူများက ‌ပြောသည်။

လယ်ယာသီးနှံများ စိုက်ပျိုးချိန် လိုအပ်သည့် ဓာတ်‌မြေဩဇာ၊ ‌ပေါင်းသတ်‌ဆေးများနှင့် ‌ရေရယူသုံးစွဲမှုအတွက် လိုအပ်‌သော ‌လောင်စာဆီများ အဆမတန် ‌ဈေးတက်လာခြင်း‌ကြောင့် လယ်ယာ စိုက်‌တောင်သူများ အ‌နေဖြင့် အခက်အခဲများ ကြုံ‌တွေ့‌နေရ‌ကြောင်း ပန်းတ‌နော်မြို့နယ်ရှိ လယ်ယာစိုက် ‌တောင်သူတစ်ဦးက ယခုလို ‌ပြောသည်။

“အခု ရက်ပိုင်း ‌ဈေးပိုတက်လာတယ်။ အခု ‌ရေနံဆီ‌ဈေးက ၇ ‌ထောင်‌ကျော်သွားပြီး။ ဓါတ်ဆီဆိုလည်း အရင်က ၂ ‌ထောင်‌ကျော်‌လောက်ဆိုရင် တစ်ရက်လုံး‌မောင်းလို့ရတယ်။ အခုက တစ်ရက်ကို တစ်‌သောင်းခွဲ‌လောက် ကုန်တယ်။ ဝင်‌ငွေကလည်း မရှိနဲ့ ကုန်‌ဈေးနှုန်း‌တွေက တက်‌နေ‌တော့ ကျမတို့ ‌တောင်သူ‌တွေ အ‌တော်‌လေး လန့်‌နေရတယ်။” ဟု ‌ကေအိုင်စီ သို့ ‌ပြောသည်။

အလားတူ လက်ရှိ စပါး‌ဈေးမရှိ‌သော်လည်း ဆန်‌ဈေးမှာ အဆမတန် ‌ဈေးတက်‌နေသလို စိုက်ပျိုး‌ရေး စရိတ် ‌ချေး‌ငွေများမှာလည်း ပုံမှန်မရရှိကြ‌တော့သည့်အပြင် ပုဂ္ဂလိက ‌ငွေ‌ချေးယူရာတွင်လည်း ‌ငွေအလွတ်‌ချေးယူမှု မရ‌တော့ဘဲ ‌ရွှေသား‌ပေါင်နှံ‌ချေးယူကြရ‌ကြောင်းလည်း ထို‌တောင်သူက ဆက်‌ပြောသည်။

လယ်ယာစိုက်ပျိုးမှုကို အဓိက အားထား‌နေရသည့် အဆိုပါ ‌တောင်သူလယ်သမားများအ‌နေဖြင့် ယခုလို ကုန်‌ဈေးနှုန်းမြင့်လာမှုများရှိ‌နေ‌သော်လည်း စိုက်ပျိုးထုတ်လုပ်မှုများကို ဆက်လက်လုပ်‌ဆောင်ရန်သာရှိ ‌ကြောင်း နှင့် ကုန်ထွက်သီးနှံ‌ဈေးကွက်အတွက်လည်း စိုးရိမ်မှုများရှိ‌နေ‌ကြောင်း ‌တောင်းသူလယ်သမားများက ဆိုသည်။

အလားတူ ‌မြောင်းမြမြို့နယ် ‌တောင်သူတစ်ဦးက “‌ဒေါ်လာ‌ဈေး‌တွေတက်‌တော့ ဆီ‌ဈေး‌တွေက တက်‌နေတာ။ အခုအချိန်က ‌ဆောင်းစပါး ‌ရေတင်‌နေရတဲ့ အချိန်ဖြစ်‌တော့ တချို့လယ်‌တွေက ‌ရေမတင်နိုင်ကြ‌တော့ဘူး။ ဒီဇယ်‌ဈေးက အာဏာမသိမ်းခင်ထက် အခုအာဏာသိမ်းတဲ့ ‌နောက်ပိုင်းက နှစ်ဆ‌ကျော်တက်လာတာ။ ဓါတ် ဆားဆိုလည်း တရုတ်‌ဈေးကွက်က ဝင်လာတဲ့ဟာ‌တွေ မရှိ‌တော့ အခု ဓါတ်ဆား‌ဈေးက နဂိုက တစ်‌သောင်း ရှစ်‌ထောင်ဆို အခုက ‌လေး‌သောင်းနှစ်‌ထောင်‌လောက်တက်တယ်။” ဟု ‌ကေအိုင်စီ သို့ ‌ပြောသည်။

လက်ရှိတွင်လည်း အစိုးရ‌ချေး‌ငွေများ၊ ဖွံ့ဖြိုး‌ရေး‌ချေး‌ငွေများ မရရှိကြ‌တော့သလို လယ်သမားများအ‌နေဖြင့်လည်း ပြန်မဆပ်နိုင်ကြ‌တော့ဘဲ ပုဂ္ဂလိကများထံ ‌ငွေ‌ချေးယူရာတွင်လည်း အတိုးအဆမတန် ‌ပေး‌ချေ‌နေရသလို ‌ရွှေသား ‌ပေါင်နှံ၍ ‌ငွေ‌ချေးယူရာတွင်လည်း အတိုးများစွာ ‌ပေးရ‌ကြောင်းလည်း အဆိုပါ ‌တောင်သူက ဆက်‌ပြောသည်။

“စပါး‌ဈေးက ‌ရောင်းရတာ အခုက‌ဘေးကျားစပါးဆိုရင် ၁ဝ သိန်း‌ဈေးပဲရှိ‌တော့တယ်။ စပါးလိုင်‌နေတဲ့အချိန်က ဆိုရင် ၁၂ သိန်း‌ဈေး‌ပေါက်တယ်။ အခုက မိုးစပါး‌နောက်ကျ ‌ရောင်းရတဲ့သူ‌တွေက ၁ဝ သိန်း‌ဈေးပဲ ရှိ‌တော့တယ်။ စပါး‌ရောင်းပြီး ဆန်ပြန်ဝယ်စားတဲ့အချိန်မှာ ဆန်‌ဈေးက နဂို တစ်အိတ် ၃ ‌သောင်းရှိတဲ့‌ဈေးက အခုဆို ၄‌သောင်းခွဲ ‌လောက်ရှိ‌နေပြီး။ ကျန်တဲ့ကုန်‌ဈေးနှုန်း‌တွေလည်း အကုန်တက်‌နေတယ်။” ဟု ‌မြောင်းမြမြို့နယ်‌နေ ‌တောင်သူ တစ်ဦးက ဖြည့်စွက်‌ပြောသည်။

စစ်အာဏာသိမ်းယူပြီး‌နောက် နိုင်ငံတွင်း ပဋိပက္ခများ ပိုမိုကြီးထွားလာ‌နေသလို တစ်ဖက်တွင်လည်း နိုင်ငံ၏ စီးပွား‌ရေး မတည်ငြိမ်မှု၊ ‌ငွေ‌ကြေးတန်ဖိုး ကျဆင်းလာမှုများ‌ကြောင့် အလုပ်သမား၊ လယ်သမား များအ‌နေဖြင့် စားဝတ်‌နေ‌ရေး အခက်အခဲများအတွက် စိန်‌ခေါ်မှု ကြီးမားလာပြီး လယ်ယာ‌မြေ‌ပေါင်နှံ‌ရောင်းချပြီး နိုင်ငံခြား ထွက် အလုပ်လုပ်ကိုင်‌နေကြသည့် လူငယ်များလည်း ပိုမိုတိုးလာ‌ကြောင်းသိရသည်။

အာဏာသိမ်းမှု‌နောက်ပိုင်း ပြည်တွင်း ‌ရွှေ‌ဈေး နှင့် ‌ဒေါ်လာ‌ဈေးများ အဆမတန်မြင့်တက်သွား‌သော‌ကြောင့် ပြည်တွင်း ‌ဈေးကွက်အတွင်း ကုန်‌ဈေးနှုန်းမြင့်တက်လာ‌သော်လည်း ထွက်ကုန်‌ဈေးကွက်များ ကျဆင်းသွားခြင်း ‌ကြောင့် သီးနှံစိုက်ပျိုး ထုတ်လုပ်သူများအ‌နေဖြင့် ပိုမိုအခက်အခဲ ဖြစ်လာကြပြီး စိုက်ပျိုးထုတ်လုပ်ရန် အတွက်လည်း စိန်‌ခေါ်မှုများ ကြီးမားလာကြခြင်းဖြစ်သည်။

အလားတူ ယခုနှစ်အတွင်း မြန်မာနိုင်ငံရှိ မြို့ပြ‌နေလူတန်းစား၏ ဆင်းရဲမွဲ‌တေမှုနှုန်းသည် ၃ ဆမြင့်တက်သွား မည်ဖြစ်‌ကြောင်း ကုလသမဂ္ဂဖွံ့ဖြိုးတိုးတက်‌ရေးအစီအစဉ်-UNDP က ခန့်မှန်းထားပြီး တနိုင်ငံလုံးအတိုင်း အတာဖြင့် မြန်မာနိုင်ငံတွင် ‌နေထိုင်သူလူဦး‌ရေ ၂၅ သန်းသည် ဆင်းရဲမွဲ‌တေမှုကို ခံစားကြရမည်ဖြစ်သလို ဆင်းရဲမွဲ‌တေသူ ၄၈.၂ ရာခိုင်နှုန်းရှိလာလိမ့်မည်ဟု ဆိုထားသည်။