ဇန်နဝါရီ ၁၆ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ
တိုက်ပွဲများ ဖြစ်ပွားနေသည့် KNU-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ ၆ နယ်မြေ ကော့ကရိတ်မြို့ တောင်ဘက်ဒေသတွင် ယနေ့ ဇန်နဝါရီလ ၁၆ ရက်နေ့အထိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA နှင့် အာဏာသိမ်းစစ်ကောင်စီတပ်တို့အကြား ထိတွေ့တိုက်ပွဲများ ပြင်းထန်နေပြီး နှစ်ဖက်တပ်ဖွဲ့ဝင်များ ထိခိုက်ကျဆုံးမှုရှိသည်ဟု မြေပြင်သတင်းအရင်းအမြစ်များအရ သိရသည်။
အာဏာသိမ်း စစ်ကောင်စီတပ် စစ်ကြောင်းများ ဝိုင်းပတ်ပိတ်ဆို့ခံနေရသဖြင့် လေယာဉ်ပစ်ကူလက်နက်ကြီး ပစ်ကူဖြင့် KNU တပ်မဟာ ၆ နယ်မြေ ကော့ကရိတ်မြို့ တောင်ဘက်ရှိ နယ်မြေအား ထိုးစစ်ဆင်တိုက်ခိုက် နေသည်မှာ ၄ ရက်တာ ကြာမြင့်လာပြီဖြစ်ပြီး စစ်ကောင်စီဘက်မှ အကျ အဆုံးနှင့် ထိခိုက်ဒဏ်ရာရရှိသူများပြားနေကြောင်း KNLA ပူးပေါင်းတိုက်ပွဲဝင်နေသူများ၏ ပြောစကားအရ သိရသည်။
ပြီးခဲ့သည့် ဇန်နဝါဝီလ ၁၃ ရက်နေ့တွင် အင်အားအလုံးအရင်းဖြင့် ကော့ကရိတ် မြို့တောင်ဘက် အံဖကြီးကျေးရွာအုပ်စု ကမိုင်ကုန်း၊ မြို့ဟောင်းကျေးရွာ လမ်းမကြီးအတိုင်း နယ်ကျော်ဝင်ရောက်လာသည့် အာဏာသိမ်းစစ်ကောင်စီတပ်များအား မိကသိန်ကုန်းကျေးရွာ ဘုရားကုန်းအနီးတစ်ဝိုက်နေရာတွင် KNLA ပူးပေါင်းတပ်များမှ ဝိုင်းပတ်ပိတ်ဆို့ပစ်ခတ်တိုက်ခိုက်မှုများကြောင့် စစ်ကောင်စီတပ်များဘက်မှ ၃ဝ ဦးထက်မနည်းကျဆုံးကာ ဒဏ်ရာရရှိသူအများအပြားရှိခဲ့သည်ဟု KNLA ဘက်က ပြောသည်။
အဆိုပါ စစ်ကောင်စီတပ်စစ်ကြောင်းပိတ်မိနေသဖြင့် ကော့ကရိတ်မြို့ အမှတ် ၉၇ တပ်ရင်း နေပူခံအမြှောက်ကုန်း၊ ချောင်းတောင်ရပ်ကွက်၊ ကရင်နှစ်သစ်ကူးကွင်း ယာယီလက်နက်ကြီးပစ်စင်နှင့် ကော့ကရိတ်မြို့အထွက် လှိုင်ဝအမြှောက်ကုန်းတို့မှ တာဝေးပစ်လက်နက်ကြီးများဖြင့် နေ့၊ ည ပစ်ကူပေးပစ်ခတ်နေပြီး လေကြောင်းမှလည်း ရဟတ်ယာဉ် ၂ စီးဖြင့် လာရောက် ပစ်ခတ်ဗုံးကြဲနေသည်မှာ ၃ ကြိမ်ရှိပြီဖြစ်ကြောင်း တိုက်ပွဲအတွင်း ပါဝင်တိုက်ခိုက်နေသည့် KNLA တပ်ဖွဲ့ တာဝန်ရှိသူများထံမှ သိရှိရသည်။
တိုက်ပွဲအတွင်းပါဝင်နေသူ တစ်ဦးက ” သူတို့ အခု မိကသိန်ကုန်း နေရာဘက်မှာ ပိတ်မိနေတော့ လက်နက်ကြီး တောက်လျှောက်ပစ်တယ်၊ ရဟတ်ယာဉ် ပုဇင်းကောင်(ရဟတ်ယာဉ်)နဲ့လည်းလာလာပစ်တဲ့အခါကျတော့ တိုက်ပွဲက ပိုကြီးလာတာ ၄ ရက်ရှိပြီပေါ့။ ညက တစ်ညလုံးပဲ သူပစ်၊ ကိုယ်ပစ် ဖြစ်နေတာ။ အခုလည်းအလုံးကြီးသက်သက်ပစ်ထုတ်နေတယ်။ ” ဟု ကေအိုင်စီသို့ ပြောသည်။

၎င်းနှစ်ဘက် တိုက်ပွဲကြောင့် ကော့ကရိတ် တောင်ပိုင်း အံဖကြီးကျေးရွာ အုပ်စု အတွင်းရှိ ကျေးရွာပေါင်း ၁၄ ရွာ မှ ဒေသခံ ပြည်သူ ၅၀၀ဝ (ငါးထောင်)ဝန်းကျင်ခန့်မှာ လက်နက်ကြီး ပစ်ခတ်မှုနှင့် လွတ်ရာနေရာများတွင် အစုအဖွဲ့ အလိုက် ခိုလှုံနေကြရပြီး စားသောက်စရာနှင့် နေရာထိုင်ခင်း အခက်အခဲများ၊ သက်ကြီးရွယ်အိုများ ကျန်းမာရေးဆိုင်ရာ အခက်အခဲများ ကြုံတွေ့နေရသည်ဟု မြို့ဟောင်းကျေးရွာ ကရင်လူငယ်ကွန်ရက်အဖွဲ့ထံမှ သိရသည်။
အဆိုပါ စစ်ရေးအရှိန်မြှင့် တိုက်ခိုက်နေသည့် တိုက်ပွဲကြောင့် ကော့ကရိတ်မြို့အတွင်း ရပ်ကွက်လူနေအိမ် များဘက်သို့ လက်နက်ကြီးကျရောက် ပေါက်ကွဲမှု ၂ ကြိမ်ထက် မနည်းရှိခဲ့ပြီး ကမိုင်ကုန်းကျေးရွာ၊ ကော့နွဲကျေး ရွာ၊ မြို့ဟောင်းကျေးရွာဘက်တွင် လူနေအိမ်များ၊ ဈေးဆိုင်များ၊ ဘုန်းကြီးကျောင်းများပျက်စီးခဲ့သလို အရပ်သား ၂ ဦးသေဆုံးကာ ၈ ဦး ထိခိုက်ဒဏ်ရာရရှိထားသည်ဟု သိရသည်။
ထို့အတူ KNLA ပူးပေါင်းတပ်ဖွဲ့များဘက်မှလည်း ၂ ဦးကျဆုံးပြီး ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု မြေပြင်သတင်းအရင်းအမြစ်များက ပြောသည်။
ယနေ့ ဇန်နဝါရီလ ၁၆ ရက်နေ့အထိဆိုလျှင် KNU တပ်မဟာ ၆ နယ်မြေဖြစ်သော လေးကေကော်ဒေသ နှင့် ကော့ကရိတ်တောင်ပိုင်းဒေသများဘက်သို့ အာဏာသိမ်းစစ်ကောင်စီတပ်၏ စစ်ဆင်ရေးအသွင်ဖြင့် နယ်ကျော်ဝင်ရောက် ချေမှုန်းတိုက်ခိုက်နေမှုမှာ တစ်လကြာရှိလာနေပြီဖြစ်သည်။
လတ်တလောတွင်လည်း စစ်ကောင်စီတပ်များဘက်မှ မြဝတီ-ဝေါလေဒေသ ၊ ကော့ကရိတ်-ကျိုက်ဒုံ-ကြာအင်းဆိပ်ကြီး-ဘုရားသုံးဆီ ဒေသအထိ ဝိုင်းပတ်ကာ နယ်မြေစိုးမိုး၊ သိမ်းပိုက်အုပ်ချုပ်နိုင်ရန် စစ်ဆင်ရေး အသွင်ဖြင့် တိုက်ပွဲအရှိန်မြှင့် တိုက်ခိုက်လာနေပြီဖြစ်ကြောင်း နယ်မြေခံ ကရင်ပူးပေါင်းတပ်ဖွဲ့များက ပြော သည်။



















