Home သတင်း စစ်အာဏာသိမ်းမှု‌နောက်ပိုင်း စစ်‌ကောင်စီ‌ကြောင့် သတင်းသမား ၃ ဦး ‌သေဆုံးခဲ့ရ

စစ်အာဏာသိမ်းမှု‌နောက်ပိုင်း စစ်‌ကောင်စီ‌ကြောင့် သတင်းသမား ၃ ဦး ‌သေဆုံးခဲ့ရ

1981

ဇန်နဝါရီ ၁၁ ရက်၊ ၂၀၂၂ခုနှစ်။ ‌ကေအိုင်စီ

ယခင်နှစ် ‌ဖေ‌ဖော်ဝါရီလ ၁ရက်‌နေ့ စစ်အာဏာသိမ်းမှု ‌နောက်ပိုင်း ယ‌နေ့အချိန်အထိ စစ်‌ကောင်စီ၏ အကြမ်းဖက် လုပ်ရပ်များ‌ကြောင့် ချင်းပြည်နယ်အ‌ခြေစိုက် Khonumthung(ခိုနူမ်းသုန်) သတင်းဌာန တည်‌ထောက်သူ Pu Tuidim အပါအဝင် သတင်းသမား ၃ ဦးခန့် ‌သေဆုံးသွားခဲ့ရပြီးဖြစ်‌ကြောင်း သတင်းမှတ်တမ်းများအရ သိရသည်။

ယခုလ ၆ ရက်နှင့် ၇ ရက်‌နေ့က ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ မတူပီ-ဟားခါးလမ်း‌ပေါ်ရှိ ကီလွန်းနှင့် လုံ‌လှော ‌ကျေးရွာတွင် အရပ်သား ၁၁ ဦး စစ်‌ကောင်စီ၏ ဖမ်းဆီးခံရပြီး လူသားဒိုင်းအဖြစ် အသုံးပြုပြီး‌နောက် ၈ ရက်‌နေ့ တွင် သတ်ဖြတ်ခံခဲ့ရမှုတွင် Khonumthung(ခိုနူမ်းသုန်) သတင်းဌာန တည်‌ထောက်သူ Pu Thidim လည်း ပါဝင်ခဲ့‌ကြောင်း Khonumthung သတင်းဌာနက အတည်ပြု တည်ပြန်‌ကြေညာခဲ့သည်။

Khonumthung (ခိုနူမ်းသုန်) အယ်ဒီတာချုပ် စန်သဲ က “Tuidim က ချင်းမီဒီယာအတွက်‌တော့ ဝါရင့် သတင်း သမား ‌ရှေ့‌ဆောင်လမ်းပြခဲ့သူ‌ပေါ့။ အသက်ဆုံးရှုံးလိုက်တဲ့အတွက် မိသားစုနဲ့ ထပ်တူ ဝမ်းနည်း‌ကြေကွဲရတယ်။ အဓိကက‌တော့ အာဏာသိမ်း စစ်‌ကောင်စီ လက်‌အောက်မှာ ဘယ်သူမှ မလုံခြုံဘူး။ သတင်းသမား‌တွေကိုလည်း သတ်တာ‌တွေ ၃ ဦးရှိ‌နေပြီးဆို‌တော့ အားလုံးအတွက်ကို အသက်အန္တရာယ် ခြိမ်း‌ခြောက်‌နေတဲ့ အ‌နေအထား ကို ‌ရောက်ရှိ‌နေတယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အလားတူ ပြီးခဲ့သည့် ဒီဇင်ဘာ ၁ဝ ရက်‌နေ့က ပြုလုပ်ခဲ့‌သော ရန်ကုန်မြို့ရှိ အသံတိတ် သပိတ် Silent Strike ‌နေ့တွင် သတင်း ဓါတ်ပုံ ရိုက်ယူခဲ့သူ အလွတ်တန်း ဓာတ်ပုံသတင်း‌ထောက် ကိုစိုးနိုင်လည်း စစ်‌ကောင်စီ၏ ဖမ်းဆီးခြင်း ခံခဲ့ရပြီး‌နောက် စစ်‌ကြော‌ရေးတွင် ‌သေဆုံးသွားခဲ့သည်။

၎င်းအပြင် အဆိုပါ ဒီဇင်ဘာလ ၂၅ ရက်‌နေ့တွင်လည်း ကရင်ပြည်နယ်၊ ‌လေး‌ကေ့‌ကော်မြို့သစ်တွင် ဖြစ်‌ပေါ်ခဲ့သည့် စစ်‌ကောင်စီ၏ လက်နက်ကြီး ပစ်ခတ်မှု‌ကြောင့် Federal News ဂျာနယ် အယ်ဒီတာဖြစ်သူ ကိုစိုင်းဝင်း‌အောင် (ခ)‌အေစိုင်း‌ကေလည်း ‌သေဆုံးသွားခဲ့ရသည်။

စစ်အာဏာသိမ်းမှု ‌နောက်ဆက်တွဲ ဖြစ်‌ပေါ်လာသည့် ဆိုးကျိုးများတွင် သတင်းသမား အများအပြား ဖမ်းဆီးခံရသလို အများစုလည်း လွတ်‌မြောက်နယ်‌မြေရှိရာ နယ်စပ်‌ဒေသများနှင့် နိုင်ငံခြားတိုင်းပြည်တချို့တွင် ထွက်‌ပြေး ခိုလှုံခဲ့ကြရ သည်။

စစ်အာဏာသိမ်းပြီး‌နောက်ပိုင်း သတင်းသမား ၁၅၅ ဦးအဖမ်းဆီးခံခဲ့ရသည့်အနက် လက်ရှိတွင် ၄၄ ဦး ထိန်းသိမ်း ထားဆဲဖြစ်ကာ အများစုကို ၅၀၅ (က) ပုဒ်မဖြင့် တရားစွဲဆို ခံထားရပြီး ၁၅ ဦးကိုလည်း အဆိုပါ ပုဒ်မ ဖြင့် စီရင်ချက်ချ ပြစ်ဒဏ်‌ပေးထားသည်။ ထို့အပြင် သတင်းဌာန ၁၂ ခုကိုလည်း ၅၀၅(က)ဖြင့် တရားစွဲဆိုခံရခြင်း၊ လိုင်စင်ရုပ်သိမ်းခြင်းတို့ကို စစ်‌ကောင်စီဘက်က ပြုလုပ်ခဲ့သည်။