Home သတင်း KNU နှင့် တစ်နှစ်တာ တိုက်ပွဲအတွင်း စစ်‌ကောင်စီတပ်ဖွဲ့ဝင် ၂,၀၀ဝ ‌ကျော် ‌သေဆုံးပြီး ပြည်သူ ၅၀,၀၀ဝ ခန့် စစ်‌ရှောင်‌နေရ

KNU နှင့် တစ်နှစ်တာ တိုက်ပွဲအတွင်း စစ်‌ကောင်စီတပ်ဖွဲ့ဝင် ၂,၀၀ဝ ‌ကျော် ‌သေဆုံးပြီး ပြည်သူ ၅၀,၀၀ဝ ခန့် စစ်‌ရှောင်‌နေရ

1606

ဇန်နဝါရီ ၇ ရက်၊ ၂၀၂၂ခုနှစ်။ ‌ကေအိုင်စီ

၂၀၂၁ ခုနှစ်အတွင်း အာဏာသိမ်း စစ်‌ကောင်စီနှင့် ကရင်အမျိုးသားအစည်းအရုံး-KNU အကြား ထိ‌တွေ့ တိုက်ပွဲ‌ပေါင်း သုံး‌ထောင်‌ကျော်ဖြစ်ပွားခဲ့ရာ စစ်‌ကောင်စီ တပ်ဖွဲ့ဝင်‌ပေါင်း ၂၀၀ဝ (နှစ်‌ထောင်)‌ကျော် ‌သေဆုံး သွား‌ကြောင်း ယ‌နေ့ ဇန်နဝါရီလ ၇ ရက်‌နေ့တွင် ထုတ်ပြန်သည့် KNU ၏ နှစ်ချုပ် တိုက်ပွဲ အစီရင်ခံစာအရ သိရသည်။

KNU ထိန်းချုပ် နယ်‌မြေအသီးသီးဖြစ်‌သော တပ်မဟာ ၇ ခု အနက် တပ်မဟာ ၆ ခုတွင် နှစ်ဖက်ထိ‌တွေ့ တိုက်ပွဲ ‌ပေါင်း (၃,၁၅၂) ကြိမ်ဖြစ်ပွားခဲ့ကာ စစ်‌ကောင်စီဘက်မှ တပ်ဖွဲ့ဝင် ( ၂,၁၉ဝ ) ဦး‌သေဆုံးပြီး ( ၂,၀၄၈ )ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ထို့အတူ KNU ဘက်တွင်လည်း တပ်ဖွဲ့ဝင် ( ၄၂ ) ဦး ကျဆုံးပြီး ( ၁၃ဝ )ဦး ထိခိုက် ဒဏ်ရာရရှိခဲ့သည်ဟု ၎င်းနှစ်ချုပ်တိုက်ပွဲ အစီရင်ခံစာတွင် ‌ဖော်ပြထားသည်။

အဆိုပါ ထိ‌တွေ့တိုက်ပွဲများတွင် တပ်မဟာ-၁(ဒူးသထူခရိုင်) ထိန်းချုပ်နယ်‌မြေတွင် (၂၄၉) ကြိမ်၊ တပ်မဟာ-၂( ‌တောင်ငူ ခရိုင်) ထိန်းချုပ်နယ်‌မြေတွင် (၅၀)ကြိမ်၊ တပ်မဟာ-၃ (‌ညောင်‌လေးပင်ခရိုင်) ထိန်းချုပ်နယ်‌မြေတွင် (၁၀၀)ကြိမ်၊ တပ်မဟာ-၄ (ဘိတ်ထားဝယ်ခရိုင်) ထိန်းချုပ်နယ်‌မြေတွင် (၉) ကြိမ်၊ တပ်မဟာ-၅(မူ‌တြော်ခရိုင်) ထိန်းချုပ်နယ်‌မြေတွင် (၂,၆၉၆) ကြိမ်နှင့် တပ်မဟာ -၆ (ဒူးပလာယာခရိုင်) ထိန်းချုပ်နယ်‌မြေတွင် (၅၂) ကြိမ် ဖြစ်ပွားခဲ့‌ကြောင်းလည်း အ‌သေးစိတ်‌ဖော်ပြထားသည်။

ထို့အပြင် ၂၀၂၁ ခုနှစ်အတွင်း KNU ထိန်းချုပ်နယ်‌မြေရှိ ပြည်သူလူထုများ‌နေထိုင်ရာ ‌ကျေးရွာအတွင်းနှင့် လုပ်ငန်းခွင်များအတွင်းသို့ အာဏာသိမ်းစစ်‌ကောင်စီ တပ်များ နှင့် ၎င်းတို့၏ လက်‌အောက်ခံတပ်များမှ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှု‌ပေါင်း အလုံး‌ရေ ( ၁,၅၀ဝ ) ‌ကျော်ရှိခဲ့ပြီး တိုက်ပွဲများ‌ကြောင့် ‌ဒေသခံ အရပ်သား ( ၅၀,၀၀ဝ )ခန့် ထွက်‌ပြေးတိမ်း‌ရှောင်ခဲ့ရ‌ကြောင်းလည်း နှစ်ချုပ်အစီရင်ခံစာတွင် ဆက်လက်‌ဖော်ပြထားသည်။

အဆိုပါ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုများ‌ကြောင့် ပြည်သူလူထုများ ထိခိုက်‌သေဆုံးမှုများရှိခဲ့သည့်အပြင် ‌နေအိမ်နှင့် အိမ်‌မွေးတိရစာ္ဆန်များ ထိခိုက်ပျက်စီးခဲ့သည်။ ‌ညောင်‌လေးပင်ခရိုင် ၊ မူ‌တြော်ခရိုင်နှင့် ဒူးပလာယာ ခရိုင်များအတွင်းတွင်လည်း စစ်‌ကောင်စီဘက်မှ ‌လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး အဆိုပါ ဗုံးကြဲ ပစ်ခတ်မှုနှင့် လက်နက်ကြီးရမ်းသန်းပစ်ခတ်မှုတို့‌ကြောင့် အရပ်သားပြည်သူ(၃၁) ဦး‌သေဆုံးပြီး (၈၆) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု KNU က ‌ပြောသည်။

၂၀၂၁ခုနှစ်။ ‌ဖေ‌ဖော်ဝါရီလ ၁ရက်‌နေ့တွင် ဖြစ်ပွားခဲ့‌သော စစ်အာဏာသိမ်းမှုကို လက်မခံ‌ကြောင်း KNU မှ တရားဝင် ထုတ်ပြန်ခဲ့ပြီး‌နောက် KNU ထိန်းချုပ်နယ်‌မြေအသီးသီးတွင် ထိ‌တွေ့တိုက်ပွဲများ စတင်ဖြစ်‌ပေါ်ခဲ့ပြီး ယ‌နေ့ အချိန်ထိလည်း ဆက်လက် ဖြစ်ပွားလျက်ရှိရာ စစ်‌ဘေး‌ရှောင် ဒုက္ခသည်ပြည်သူအများစုလည်း ယ‌နေ့ အချိန်ထိ ‌နေရပ်မပြန်နိုင်‌သေး‌ကြောင်း သိရသည်။