Home သတင်း စစ်‌ကောင်စီတပ်ပစ်လိုက်သည့် လက်နက်ကြီး‌ကြောင့် ‌နေရပ်ပြန် အမျိုးသမီးတစ်ဦး ကျည်ထိမှန်‌သေဆုံး

စစ်‌ကောင်စီတပ်ပစ်လိုက်သည့် လက်နက်ကြီး‌ကြောင့် ‌နေရပ်ပြန် အမျိုးသမီးတစ်ဦး ကျည်ထိမှန်‌သေဆုံး

1550

ဇန်နဝါရီ ၄ ရက်၊ ၂၀၂၂ ခုနှစ်။ ‌ကေအိုင်စီ

မြဝတီ‌တောင်ဘက်ရှိ ‌လေး‌ကေ‌ကော်‌ဒေသတွင် ယမန်‌နေ့ ဇန်နဝါရီလ ၃ ရက် ည‌နေက စစ်‌ကောင်စီတပ်မှ ပစ်လိုက်သည့် လက်နက်ကြီး‌ကြောင့် ‌နေရပ်ပြန်သည့် အသက် ၄ဝ နှစ်ခန့် အရွယ် ဖလူးကြီး‌ဒေသခံ အမျိုးသမီးတစ်ဦး လက်နက်ကြီး ကျည်ထိမှန်‌သေဆုံးခဲ့သည်ဟု သိရသည်။

အမည်မ‌ဖော်လိုသူ စစ်‌ရှောင်ကူညီကယ်ဆယ်‌ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ” မ‌နေ့ ည‌နေ ၃ နာရီခွဲ ‌လောက်မှာ တိုက်ပွဲဖြစ်လို့ စစ်တပ်ပစ်လိုက်တဲ့ လက်နက်ကြီးနဲ့မှန်တာ။ အခု ဆုံးသွားတဲ့ အမျိုးသမီးက BGF ဗိုလ်မုတ်သုန်တို့ ‌နေရပ်ပြန်လို့ရပြီ ‌ပြောလို့ ပြန်သွားတဲ့ အမျိုးသမီးဖြစ်ပါတယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

‌လေး‌ကေ‌ကော်‌ဒေသ တိုက်ပွဲများ ဖြစ်ပွားချိန်တွင် နယ်ခြား‌စောင့်တပ် -BGF ၊ တပ်နယ် ၄ တပ်နယ်မှူး ဗိုလ်မှူး‌စောမုတ်သုန်ဦး‌ဆောင်သည့်အဖွဲ့များက စစ်‌ဘေး‌ရှောင်များ ယာယီ ခိုလှုံ‌နေသည့် ‌နေရာသို့ ‌ရောက်ရှိလာကာ စစ်‌ရှောင်များအ‌နေဖြင့် ‌နေရပ်ပြန်ရန် တိုက်တွန်းမှု‌ကြောင့် စစ်‌ရှောင်အချို့ ‌နေရပ်ပြန်လည်‌နေထိုင်ကြခြင်းဖြစ်သည်။

“အမှန်က လူထု‌တွေက လွတ်တဲ့‌နေရာကို ‌ရောက်ပါပြီ။ မှဲ့တစ်‌ပေါက်မှ မစွန်း‌စေရဘူးလို့ ‌ပြောတယ်။ ဗိုလ်မုတ်သုန်က ပြန်လာခိုင်းပြီး‌တော့ လူထုလုံခြုံ‌ရေးအတွက် ဘာတာဝန်ခံမှု၊ တာဝန်ယူမှမရှိ‌တော့ ဒီလိုဖြစ်သွားတာ‌ပေါ့။ “ဟု ‌နေရပ်ပြန်စစ်‌ရှောင်အသိုင်းအဝိုင်းထဲမှ ပြည်သူတစ်ဦီးက‌ပြောသည်။

ယခင်နှစ် ဒီဇင်ဘာလ ၁၅ ရက်‌နေ့မှ တိုက်ပွဲစတင်ဖြစ်ပွားသည့် KNU တပ်မဟာ ၆ နယ်‌မြေ၊ ‌လေး‌ကေ‌ကော်‌ဒေသတွင် ယ‌နေ့ ဇန်နဝါရီလ ၄ရက်‌နေ့အထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွား‌နေ ဆဲဖြစ်သည်။

ထို့အတူ ‌ကေအဲန်ယူ တပ်မဟာ ၆ နယ်‌မြေ ကြာအင်းဆိပ်ကြီး၊ ‌ကော့ကရိတ်၊ ဘုရားသုံးဆူ ‌ဒေသနှင့် မြဝတီ-‌ကော့ကရိတ် အာရှလမ်းမသစ် တစ်‌လျှောက်တွင်လည်း KNLA ပူး‌ပေါင်းတပ်ဖွဲ့နှင့် စစ်‌ကောင်စီတပ်များအကြား တိုက်ပွဲများ ရက်ခြား ဖြစ်ပွားလျက်ရှိသည်။

စစ်‌ကောင်စီတပ်များအ‌နေဖြင့် KNU တပ်မဟာ၆ နယ်‌မြေ အား တိုက်ခိုက်ထိန်းချုပ်ရှင်းလင်းနိုင်‌ရေး အတွက် ‌မြေပြင်စစ်‌ကြောင်း၊ လက်နက်ကြီးပစ်ကူ၊ ‌လေ‌ကြောင်းတိုက်ခိုက်မှုများ နှင့် ပစ်ခတ်တိုက်ခိုက် ‌နေသည့်အတွက် ‌နေရပ်စွန့်ခွာ ထွက်‌ပြေးရသည့် ‌ဒေသခံပြည်သူ နှစ်‌သောင်း‌ကျော် စစ်‌ဘေးလွတ်ရာ ‌ရှောင်တိမ်းခိုလှုံ‌နေရ‌ကြောင်း သိရသည်။