ဇန်နဝါရီ ၂၁ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ
မြဝတီတောင်ပိုင်းလေးကေကော်ဒေသမှာ တိုက်ပွဲဂယက်ကြောင့် အသက်ဘေးမှ ကင်းလွတ်ရာ အိုးအိမ်စွန့်ခွာ တိမ်းရှောင်နေရသော ပြည်သူများမှာ စစ်ဘေးဒဏ်အပြင် သူခိုးဓါးပြဘေးပါ ထပ်မံကြုံတွေ့ နေရကြောင်း သိရ သည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၁၅ ရက်နေ့မှစ၍ မြဝတီတောင်ခြမ်း လေးကေကော်ဒေသတွင် ရက်ပေါင်း ၃ဝ ကျော်ကြာ ဖြစ်ပွားလျက်ရှိသော ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA ပူးပေါင်းအဖွဲ့နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဂယက်ကြောင့် အနီးဝန်းကျင်မှ ကျေးရွာပေါင်း ၁ဝ ရွာကျော်မှ ဒေသခံပြည်သူ တစ်သောင်းခွဲဝန်းကျင်မှာ နေအိမ်စွန့်ခွာ၍ ဘေးလွတ်ရာသို့ စစ်ရှောင်ခဲ့ကြရသည်။
ယခုရက်ပိုင်းတွင် နှစ်ဘက်ပစ်ခတ်မှုများ မရှိချိန်ဖြစ်၍ စစ်ရှောင်ပြည်သူ တစ်ချို့မှာ ၎င်းတို့၏ မူလနေအိမ်အား သွားရောက်ကြည့်ရှုခြင်းများ ပြုလုပ်လာကြသလို ပြောင်းရွှေ့နေထိုင်ခြင်း တစ်ချို့ ရှိလာသည်။
ထိုသို့ စစ်အေးချိန် နေအိမ်သို့ ပြန်လာခဲ့သည့် ပြည်သူများ၏ နေအိမ်တစ်ချို့မှာ ဖောက်ထွင်းခိုးယူ ခံရမှုများ ကြုံနေရကြောင်း ထီးမယ်ဝါးခီးရွာမှ လုံခြုံရေးအရ အမည်မဖော်လိုသူ စစ်ရှောင်ပြည်သူတစ်ဦးက ကေအိုင်စီသို့ ယခုလို ပြောသည်။
” ကျမတို့နေတဲ့ ထီးမယ်ဝါးခီးဘက်မှာ တိုက်ပွဲတွေဖြစ်တော့ ရုတ်တရက် စစ်ရှောင်ရတဲ့အခြေအနေမှာ အရေးကြီးတဲ့ ပစ္စည်းတွေ မယူခင်လိုက်ဘူး။ ဒီရက်ထဲ ပစ်ခတ်မှုတွေ မရှိတဲ့အတွက် နေအိမ်ကို ပြန်သွား ကြည့်ခဲ့ပါတယ်။ အိမ်ထဲမှာ ဖောက်ထွင်း မွှေနှောက်ထားသလို ရှုပ်ပွနေတယ်။ ကျမတို့ တသက်လုံးစုဆောင်း ထားတဲ့ ရွှေထည်လက်ဝတ်လက်စား ၂ဝ သား၊ ကားတစ်စီးရယ် ငွေသားတစ်ချို့ရယ် စုစုပေါင်း ကာလတန်ဘိုး ကျပ်သိန်း(၅၀ဝ ) ဖိုးခန့် ဖောက်ထွင်းခိုးယူ ခံလိုက်ရတယ်”ဟု ၎င်းက ပြောသည်။
ထို့အပြင် မယ်ထော်သလေးကျေးရွာဘက်တွင်လည်း စစ်ရှောင်ပြည်သူ တစ်ချို့၏ နေအိမ်များရှိ ကားများနှင့် ဆိုင်ကယ်များကို စစ်ကောင်စီတပ်မှ ညပိုင်းတွင်းတွင် ခိုးယူသယ်ဆောင်မှုများ ပြုလုပ်လေ့ရှိသည် ဟု ဒေသခံများက ပြောသည်။
ထိုသို့ တိုက်ပွဲဧရိယာအတွင်းရှိ လေးကေကော်ဒေသအနီးနှင့် ကျေးရွာများရှိ ဒေသခံပြည်သူများမှာ အသက်အန္တရာယ်အတွက် နေအိမ်စွန့်ခွာ စစ်ဘေးရှောင်နေရစဉ် ၎င်းတို့၏နေအိမ်များမှာဖောက်ထွင်း ခိုးယူခံရမှုများ ကြုံတွေ့နေရခြင်းဖြစ်သည်။
၎င်းအခြေအနေနဲ့ပတ်သက်၍ ဒေသခံတစ်ဦးက “ဒါက ဘာနဲ့အလားသဏ္ဍာန်တူသလဲဆိုတော့ ငယ်စဉ်က ကြည့်ရတဲ့ ဗွီဒီယိုဇာတ်ကား တွေထဲကလိုပဲ။ ရွာကို ဓါးပြတွေ ဝင်တိုက်တဲ့အခါ ရွာထိပ်ကနေ သေနတ်ပစ်ဖောက်ပြီးခြိမ်းခြောက်တဲ့အခါ ရွာကလူတွေ ကြောက်ရွံ့ပြီး ကစဉ့်ကလျား ပြေးကြတာပေါ့။ အဲ့ဒီ အချိန်မှာ ဓားပြတွေက ရွာကိုဝင်စီးပြီး ပြည်သူတွေရဲ့ နေအိမ်တွေမှာရှိတဲ့ အဖိုးတန်ပစ္စည်းတွေကို ခိုးယူ လုယူ ကြသလိုပါပဲ။”ဟု ပြောသည်။
ဆက်လက်၍ “လက်ရှိ လေးကေကော်ဒေသအနီး မြေပြင်အနေမှာတော့ တိုက်ပွဲကာလ အတွင်း စစ်ကောင် စီတပ်က လက်နက်ကြီးတွေ၊ လေယာဉ်တွေနဲ့ အကြမ်းပေါင်းများစွာမှာ ဦးတည်ရာမဲ့ အချက်ပေါင်းများစွာ ပစ်ခတ်တယ်။ ဒါကြောင့် ပြည်သူတွေမှာ နေအိမ်စွန့်ခွာကာကြောက်လန့်တကြား ထွက်ပြေးကြရတယ်။ အဲ့ဒီ အချိန်မှာ စစ်အုပ်စုက ရွာကိုဝင်စီးပြီး ပြည်သူတွေရဲ့ နေအိမ်ထဲ ဖောက်ထွင်း ဝင်ရောက်ပြီး ပစ္စည်းဥစ္စာတွေ ခိုးယူ နေကြတဲ့ အခြေအနေပါ။” ဟု ၎င်းက ဆက်ပြောသည်။
လေးကေကော်ဒေသအတွင်း ဖြစ်ပေါ်နေသည့် ယခုဖြစ်စဉ်အပေါ် ဗွီဒီယိုဇာတ်ကားများထဲက သာမန်ဓားပြများ ထက် ပိုဆိုးသော စစ်ဓားပြလုပ်ရပ်ဖြစ်ကြောင်း၊ ထိုဒဏ်ကို နိုင်ငံတဝှမ်းရှိ စစ်ဘေးသင့်သည့် ဧရိယာတွင်ရှိသော ဒေသခံပြည်သူများ ကြုံတွေ့နေကြရလိမ့်မည်ဟု ကရင်ပြည်နယ်ရှိ နိုင်ငံရေး၊ စစ်ရေး လေ့လာသုံးသပ်သူတစ်ဦးက သုံးသပ်သည်။
ထိုသို့ တိုက်ပွဲဂယက်များကြောင့် မိမိတို့၏ အသက်အန္တရာယ်အတွက် ဘေးလွတ်ရာသို့ စစ်ရှောင်နေရကြရသော ပြည်သူများအနေဖြင့် ၎င်းတို့၏ ဘဝတစ်သက်စာမှာစုဆောင်းထားသည့် ပစ္စည်းဥစ္စာများ ယခုလို ခိုးယူခံနေရခြင်း ကြောင့် တစ်ပူပေါ် နှစ်ပူဆင့်၍ များစွာပူဆွေးသောက ရောက်နေကြရကြောင်း စစ်ရှောင်များက ပြောဆိုနေကြ သည်။