ဇန်နဝါရီ ၂၁ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ
စစ်ကောင်စီမှ စစ်ရေးအရ လေကြောင်းတိုက်ခိုက်မှုအပြင်းအထန်လုပ်ဆောင်နေသည့် မြန်မာနိုင်ငံတွင် စစ်ရေးအရ လေယာဉ်မပျံသန်းရဇုန် ကြေညာခြင်းအပြင် အရပ်သားများကို အကာအကွယ်ပေးနိုင်သည့် လုံခြုံရေးနေရာများကို သတ်မှတ်ကြေညာပေးရန် နိုင်ငံတကာ၊ အာဆီယံနှင့် UN တို့ကို ကရင်၊ ကရင်နီ (ကယား)နှင့် ချင်းတိုင်းရင်းသား လက်နက်ကိုင် (EAOs)သုံးဖွဲ့က ဇန်နဝါရီလ ၂ဝ ရက် နေ့စွဲဖြင့် ထုတ်ပြန် တောင်းဆိုလိုက်သည်။
မြန်မာနိုင်ငံတွင် လူသားချင်းစာနာထောက်ထားမှု အကူအညီအရေးတကြီးပေးပို့နိုင်ရန် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အထူးသံကိုယ်စားလှယ်၏ အဆိုပြုချက်အပေါ် ကြိုဆိုထောက်ခံပြီး တုန့်ပြန်ကြေညာရာတွင် ယခုလို စစ်ရေးအရ လေယာဉ်မပျံသန်းရ ဇုန်အပြင် လုံခြုံရေးနေရာသတ်မှတ် ကြေညာပေးရန် EAO သုံးဖွဲ့ ဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကရင်နီတိုးတက်ရေးပါတီ (KNPP)နှင့် ချင်းအမျိုးသားတပ်ဦး (CNF)တို့က ယခုလို တောင်းဆိုထားခြင်းဖြစ်သည်။
ထုတ်ပြန်ချက် ပြောခွင့်ရ ပဒိုစောတောနီးက “ထွက်ပြေးတိမ်းရှောင်ရမှုတွေ ရှိလာရင် လူသားချင်းစာနာ ထောက်ထားမှု အကူအညီတွေက ဝိုင်းဝန်းကူညီပေးနေကြတာတွေက အကောင်းဆုံးလုပ်ဆောင်ကြ တာပဲ။ ဒါပေမဲ့ ဒီလူတွေအတွက် လိုအပ်နေတာတစ်ခုက သူတို့အတွက် လုံခြုံရေးဖြစ်စေ အကာအကွယ် ပေးမှုဖြစ်စေတဲ့ နည်းလမ်းတွေ မရှိဘူးဆိုရင် လူမှုရေးလိုအပ်ချက်တွေကို လုပ်ဆောင်တဲ့နေရာမှာ သူတို့ နေထိုင်စားသောက်ဖို့အတွက်က ဘာအာမခံချက်မှ ရှိမှာမဟုတ်ဘူး။ ဒါကြောင့် နောက်ဆက်တွဲ လိုက်ပါ ဆောင်ရွက်ရမှာက သူတို့အတွက် အကာအကွယ်ပေးဖို့အတွက် စဉ်းစားပေးရမှာဖြစ်တယ်” ဟု ကေ အိုင်စီသို့ ပြောသည်။
ဇန်နဝါရီလ ၁၃ ရက်နေ့က လက်ရှိ အာဆီယံခေါင်းဆောင် ကမော္ဘဒီးယား ဝန်ကြီးချုပ် ဟွန်ဆန် နှင့် ကုလအထူး သံကိုယ်စားလှယ်တို့ တွေ့ဆုံအပြီး ထုတ်ပြန်ကြေညာလိုက်သည့် ကုလသံအထူးကိုယ် စားလှယ်ရုံး၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် လူသားချင်းစာနာထောက်ထားမှု အကူအညီများ အရေးတကြီးပေးပို့နိုင်ရန်အတွက် အဆိုပြုချက်တွင် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု အပြင် Humanitarian Plus ချဉ်းကပ်မှု ညွှန်းဆိုချက်အပေါ် ယခုလို တောင်းဆိုလိုက်ခြင်း လည်းဖြစ်သည်။
၎င်းတို့၏ တောင်းဆိုချက်တွင် စစ်ရေးအရ လေယာဉ်မပျံသန်းရဇုန်ကို ကြေညာပြီး လိုက်နာမှုရှိစေရန် နိုင်ငံတကာမှ တာဝန်ယူစောင့်ကြပ်ရန်နှင့် နိုင်ငံတကာအာမခံမှုဖြင့် အရပ်သားပြည်သူများကို အကာ အကွယ်ပေးနိုင်သည့် လုံခြုံသောနေရာ (Safe Zone) အဖြစ် နေထိုင်နိုင်ရန် စစ်ရှောင်စခန်းများ၊ ကျေးရွာ များ၊ ဆေးရုံဆေးခန်းများနှင့် စာသင်ကျောင်းကဲ့သို့သောနေရာများကို အတိအကျသတ်မှတ် ပေးရန်ပါရှိ သည်။
ထို့အပြင် နိုင်ငံတကာအတိုင်းအတာဖြင့် ညှိနှိုင်းထားသော ပိတ်ပင်တားဆီးမှု မရှိ အကူအညီ လက်ခံရယူနိုင်သည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလမ်းကြောင်းကို ကြေညာပေးရန် လိုကြောင်းနှင့် အဆိုပါ လမ်းကြောင်းများမှတဆင့် နယ်စပ်ဖြတ်ကျော်ခြင်းနှင့် နိုင်ငံအတွင်း အဓိက ကျသောနေရာများမှတဆင့် အကူအညီပေးရေး အဖွဲ့အစည်းများနှင့် အလိုအပ်ဆုံးသော နေရာများကို သွားရောက်ပံ့ပိုးပေးရန်လည်း တောင်းဆိုထားသည်။
အာဏာသိမ်းပြီးနောက် တိုင်းရင်းသား နယ်မြေများဖြစ်သည့် ကရင်နီ(ကယား)၊ ချင်း၊ ကချင်၊ ရှမ်း နှင့်ကရင်ဒေသများအပြင် မြန်မာပြည်အလယ်ပိုင်းဒေသ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း ဒေသတို့တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် တော်လှန်ရေး လက်နက်ကိုင် အင်အားစုအကြား တိုက်ပွဲများ ပြင်းထန်စွာဖြစ် ပေါ်ခဲ့ပြီး မြေပြင်စစ်ရေးအရ အရေးနိမ့်လာသည့် စစ်ကောင်စီဘက်မှ လေကြောင်းတိုက်ခိုက်မှုများကို အသုံးပြု၍ တိုက်ခိုက်လာခဲ့ပြီး အရပ်သားထိခိုက်သေဆုံးမှု အများအပြားဖြစ်ပေါ်ခဲ့သည်။
ထို့အပြင် တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရသူများအနေဖြင့် အရေးပေါ် စားနှပ်ရိက္ခာများ လိုအပ်ချက်အပေါ် ကူညီထောက်ပံ့မှုများရှိသော်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် အဆိုပါ ကူညီထောက်ပံ့ရေးလမ်းကြောင်းများအပေါ် ဟန့်တားနှောင့်ယှက်မှုများရှိသလို စစ်ဘေးရှောင်ပြည်သူ များအတွက် ကူညီထောက်ပံ့ပေးသူများကိုလည်း ဖမ်းဆီးချုပ်နှောင်မှုများ ပြုလုပ်ခဲ့ကြသည်။
လက်ရှိ တိုင်းပြည်အတွင်း ရင်ဆိုင်နေရသည့် လူသားချင်းစာနာထောက်ထားမှု အကျပ်အတည်းသည် မြန်မာနိုင်ငံ၏ နိုင်ငံရေးပြဿနာတစ်စိတ်တစ်ပိုင်းသာဖြစ်ပြီး ၎င်းတို့ကို ဖြေရှင်းနိုင်ရန် နိုင်ငံတကာပါဝင် သည့် နိုင်ငံရေးဆွေးနွေးဖြေရှင်းမှုများ အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်သွားရန်လည်း ပဒို စောတောနီးက ဆက်ပြောသည်။
အာဏာသိမ်းချိန်မှစ၍ ယနေ့အချိန်ထိ စစ်ကောင်စီမှကျူးလွန်နေသည့် အကြမ်းဖက်မှုလုပ်ရပ်များကို အဆိုပါ EAO သုံးဖွဲ့မှ အပြင်းအထန်ရှုတ်ချထားပြီး နိုင်ငံတကာမှအာမခံမှုပြုထားသည့် လုံခြုံသော နေရာများ၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာလမ်းကြောင်းများကို မြန်မာ့အိမ်နီးချင်း တိုင်းပြည် များနှင့် နိုင်ငံတကာ တိုင်းပြည်များအနေဖြင့် ပူးပေါင်းဖော်ဆောင်ပေးရန်လည်း ၎င်းတို့၏ ထုတ်ပြန် ချက်တွင် ဆက်လက်တောင်းဆိုထားသည်။
ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလတွင်လည်း လေးကေ့ကော်မြို့သစ်ဒေသတွင် ဖြစ်ပေါ်ခဲ့သည့် လေကြောင်း တိုက်ခိုက်မှုနှင့်ပတ်သက်ပြီး လေယာဉ်ပျံသန်းမဲ့ဇုန်သတ်မှတ်ပေးရန် KNU က ထုတ်ပြန်တောင်း ဆိုထားသေးသည်။