Home သတင်း ဘီးလင်းမြို့နယ်တွင် ‌ဒေသခံအမျိုးသမီးတစ်ဦးအား စစ်‌ကောင်စီတပ်ဖွဲ့ဝင်များ သတ်ဖြတ်

ဘီးလင်းမြို့နယ်တွင် ‌ဒေသခံအမျိုးသမီးတစ်ဦးအား စစ်‌ကောင်စီတပ်ဖွဲ့ဝင်များ သတ်ဖြတ်

1870
Photo: CJ

ဒီဇင်ဘာ ၂၃ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး သထုံခရိုင်၊ (တပ်မဟာ-၁ နယ်‌မြေ) ဘီးလင်းမြို့နယ် နို့ဘယ် ‌ဘော‌ကျေး ရွာအုပ်စု ‌ထော်က‌လော်ခီး(သဲဖြူ‌ချောင်း)‌ကျေးရွာ ‌တောင်ယာခင်းထဲ၌ အလုပ်လုပ်‌နေ‌သော အမျိုးသမီးတစ်ဦးကို ဒီဇင်ဘာလ ၂၁ ရက်‌နေ့နံနက်တွင် သတ်ဖြတ်ခဲ့သည်ဟု ‌ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၁ရက်‌နေ့တွင် စစ်‌ကောင်စီတပ်၊ တပ်မ(၂၂)လက်‌အောက်ခံ ခမရ-၁၀၁ တပ်ဖွဲ့နှင့် နယ်ခြား ‌စောင့်တပ် -BGF တပ်ဖွဲ့ဝင်များသည် ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော် (KNLA) တပ်မဟာ ၁ မှသိမ်းယူခဲ့သည့် ကြ‌သောင်းဆိပ်‌ကျေးရွာရှိ BGF စခန်း‌ဟောင်းသို့ လာ‌ရောက်ရာတွင် ‌ထော်က‌လော်ခီးရွာ ‌ရောက်ရှိ‌နေစဉ် နယ်‌မြေခံ KNLA တပ်ဖွဲ့ဝင်များနှင့် နာရီဝက်ကြာ ထိပ်တိုက်ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။

ထိုသို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးသည့်‌နောက် ရွာပြင်ဘက်ရှိ ‌တောင်ယာတဲတွင်ရှိ‌နေ‌သော ‌နော်ဟီး(၅၆)နှစ်အား ဖမ်းဆီးပြီး အ‌ကြောင်းမဲ့ သတ်ဖြတ်ပစ်လိုက်ခြင်းဖြစ်သည်ဟု အမည်မ‌ဖော်လိုသူ ‌ဒေသခံရွာသားတစ်ဦးက ယခုလို ‌ပြောသည်။

” နယ်‌မြေခံ ကရင်တပ်ဖွဲ့ဝင်‌တွေက သူ့တဲ‌ပေါ်မှာ ဖုန်းအားသွားသွင်းပြီး ဝင်နားတာရှိတယ်။ ဗမာစစ်တပ်လာ‌တော့ ထွက်‌ပြေးလိုက်တာ။ ထွက်‌ပြေးတဲ့အချိန်မှာ ဗမာစစ်တပ်ဘက်က ‌တွေ့သွား‌တော့ တဲပိုင်ရှင်အမျိုးသမီးကို စစ်သား ‌တွေက လာစစ်‌ဆေး‌မေးမြန်းပြီး သူမ‌ဖြေတတ်လို့လားမသိဘူး။ သူ့ကို သတ်ပစ်လိုက်တာဖြစ်တယ်။” ဟု ၎င်း‌ဒေ သခံက ‌ကေအိုင်စီသို့ ‌ပြောသည်။

‌ထော်က‌လော်ခီးရွာသူ ‌နော်ဟီးကို သတ်ဖြတ်ခဲ့‌သော စစ်‌ကောင်စီတပ်ဖွဲ့နှင့် BGF တပ်ဖွဲ့များသည် လက်ရှိ အချိန်တွင် ကြ‌သောင်းဆိပ်‌ကျေးရွာ၌ တပ်စွဲထားသည်ဟု ‌ဒေသခံ ရွာသားများက ‌ပြောသည်။

ကရင်‌ဒေသအတွင်း ဖြစ်ပွား‌နေ‌သော လူ့အခွင့်အ‌ရေးချိုး‌ဖောက်မှုများကို မှတ်တမ်းတင်ပြုစု‌နေသည့် ကရင်လူ့အခွင့်အ‌ရေးအဖွဲ့ (KHRG)၏ ယ‌နေ့ ဒီဇင်ဘာလ ၂၃ရက်‌နေ့ သတင်းထုတ်ပြန်ချက်အရ ခင်ပွန်းဖြစ်သူ နှင့်အတူ အလုပ်လုပ်‌နေ‌သော ‌နော်ဟီးကို စစ်‌ကောင်စီတပ်က ဖမ်းဆီးရမိပြီး ညှဉ်းပမ်းနှိပ်စက်မှုများ လုပ်‌ဆောင်ပြီးမှ ပစ်သတ်သွားခဲ့ခြင်းဖြစ်သည်ဟု ‌ဖော်ပြထားသည်။

“တိုက်ပွဲဖြစ်ပွားသည့်အချိန်တွင် ထိုအမျိုးသမီးနှင့် ၎င်း၏ခင်ပွန်းဖြစ်သူတို့မှာ လမ်းခွဲပြီးထွက်‌ပြေးခဲ့ကြသည်။ နစက စစ်သားများမှ ‌နော်ဟီးကိုဖမ်းဆီးရမိခဲ့ပြီး နှိပ်စက်ညှဉ်းပမ်းခဲ့ကာ ‌နောက်ဆုံးတွင်ပစ်သတ်ခဲ့ပါသည်။ ” ဟု KHRG ၏ ‌ဖေ့ဘွတ်လူမှုကွန်ရက်စာမျက်နှာ‌ပေါ် သတင်းထုတ်ပြန်ချက်တွင် ‌ဖော်ပြထားသည်။

ယခုအချိန်တွင် ‌နော်ဟီး၏ ခင်ပွန်းဖြစ်သူမှာ ၎င်းတို့ ‌တောင်ယာတဲသို့ သွားမ‌နေရဲ‌တော့သလို ကျန်ရှိ‌နေ‌သော မိသားစုဝင်များလည်း အသက်‌မွေးဝမ်း‌‌ကျောင်းအခက်အခဲများကို ရင်ဆိုင်‌နေကြရသည်ဟု ကရင်လူ့အခွင့်အ‌ရေး အဖွဲ့က ‌ပြောသည်။

ကြ‌သောင်းဆိပ်ရွာရွာရှိ BGF တပ်စခန်းကို ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၇ ရက်‌နေ့က KNLA တပ်ဖွဲ့ဝင်များ တက် ‌ရောက်သိမ်းယူပြီး‌နောက်တွင် ဘီးလင်းမြို့နယ်အတွင်းရှိ ဝင်းတာပန် BGF တပ်စခန်းနှင့် ‌လေး‌ကေ BGF တပ်စခန်းများတွင် စစ်အင်အားတိုးမြင့်လှုပ်ရှားမှုလုပ်‌ဆောင်လာသည်ဟု KNU သထုံခရိုင် သတင်းနှင့် ပြန်ကြား ‌ရေးဌာနက ထုတ်ပြန်ထားသည်။

ထို့‌ကြောင့် ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၉ ရက်‌နေ့တွင် ပိန္နဲ‌တောစခန်းရှိ စစ်‌ကောင်စီတပ် စကခ-၈ တပ်ဖွဲ့ဝင်များသည် ဝင်းတာပန် BGF စခန်းသို့ တက်လာစဉ် နယ်‌မြေခံ KNLA တပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခြင်း‌ကြောင့် စစ်‌ကောင်စီဘက်မှ နှစ်ဦးကျဆုံးပြီး သုံးဦးဒဏ်ရာရရှိ‌သေးသည်ဟု KNU သထုံခရိုင် သတင်းထုတ်ပြန်ချက်တွင် ‌ဖော်ပြထားသည်။