Home သတင်း မြန်မာဘက်ကပစ်သည့် လက်နက်ကြီး ကျည် (၇) လုံး ထိုင်းဘက်သို့ကျပြီး သီးနှံစိုက်ခင်းများပျက်စီး

မြန်မာဘက်ကပစ်သည့် လက်နက်ကြီး ကျည် (၇) လုံး ထိုင်းဘက်သို့ကျပြီး သီးနှံစိုက်ခင်းများပျက်စီး

1091
Photo: ကရင်အမျိုးသားမီဒီယာ

ဒီဇင်ဘာ ၂၄ ရက် ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

ယ‌နေ့ ဒီဇင်ဘာ ၂၄ ရက် နံနက်ပိုင်းကတည်းက ဖြစ်ပွားလျက်ရှိ‌သော မြဝတီ‌တောင်ဘက်ခြမ်း ‌လေး‌ကေ‌ကော်‌ဒေသ တိုက်ပွဲမှ မြန်မာဘက်ကပစ်သည့် လက်နက်ကြီး ကျည် (၇) လုံး ထိုင်းဘက်သို့ ကျခဲ့၍ သီးနှံစိုက်ခင်များ ပျက်စီးခဲ့‌ကြောင်း မျက်မြင်များက ‌ပြောသည်။

ယ‌နေ့ နံနက် ၁ဝ နာရီခန့်က မြန်မာဘက်က ပစ်လိုက်သည့် လက်နက်ကြီး ကျည် (၇) လုံး တဖက် ထိုင်းဘက်ခြမ်းကို ကျခဲ့‌ကြောင်း ထိုင်းနိုင်ငံ မဲ‌ဆောက်မြို့အ‌ခြေစိုက် ‌မြေပြင်ကွင်းဆင်း သတင်းယူ‌နေသူ တစ်ဦးက ယခုလို ‌ပြောသည်။

“မြဝတီမြို့ မဲ့‌ထော်သ‌လေး‌ကျေးရွာ တဖက်ကမ်း ထိုင်းနိုင်ငံ မဲ့‌ဆောက်မြို့နယ် ဖုတ်ဖရအထွက် လမ်းခွဲ ဘန်းလိုက်‌ကျေးရွာ အပြင်ဘက်မှာ လက်နက်ကြီး ကျည်ကျတာ။ အားလုံး (၇) လုံး ‌လောက်ရှိတယ်။ ရွာအပြင်ဘက် စိုက်ခင်း‌တွေအ‌ပေါ်ကျတဲ့အတွက် လူထိခိုက်မှု မရှိ‌ပေမယ့် သီးနှံစိုက်ခင်းများ ပျက်စီးသွားတယ်” ဟု ၎င်းက ‌ပြောသည်။

လက်နက်ကြီးကျည် ကျ‌ရောက်မှုများ‌ကြောင့် ယခင်က ထိုင်းဘက်က မီးခိုးဗုံးများဖြင့် မြန်မာဘက်ခြမ်းသို့ တုန့်ပြန်ပစ်ခတ်မှုများရှိခဲ့‌သော်လည်း ယခုတစ်ကြိမ်မှာ ယ‌နေ့ မွန်းလွဲ ၃ နာရီအထိ တစ်စုံတစ်ရာ တုန့်ပြန်ပစ်ခတ်မှုများ မလုပ်‌ဆောင်‌သေး‌ကြောင်း ၎င်းက ဆက်‌ပြောသည်။

ဒီဇင်ဘာ ၁၅ ရက်‌နေ့မှစ၍ စစ်‌ကောင်စီတပ်နှင့် KNLA မဟာမိတ်ပူး‌ပေါင်းအဖွဲ့တို့ ရက်သတ္တပတ်ခန့်ကြာ ဖြစ်ပွားခဲ့‌သော ‌လေး‌ကေ‌ကော်တိုက်ပွဲတွင် ယခုရက်ပိုင်း ၃ ရက်အကြာ နှစ်ဘက်ပစ်ခတ်မှုများ ရပ်နားထားခဲ့ပြီး‌နောက် ယမန်‌နေ့ည ၁ဝ နာရီဝန်းကျင်ခန့်က စစ်‌ကောင်စီတပ်မှ ‌လေယာဉ်နှင့်ဗုံးကြဲပြီးလက်နက်ကြီးများဖြင့် ပစ်ခတ်မှုနှင့်အတူ တိုက်ပွဲကို ပြန်လည်စတင်ခဲ့ရာမှ ယ‌နေ့ ဒီဇင်ဘာလ ၂၄ ရက် နံနက်ပိုင်းမှစ၍ လက်ရှိအချိန်အထိ လက်နက်ကြီး ပစ်ခတ်မှုများဆက်ရှိ‌နေဆဲဖြစ်သည်။

ထိုသို့ ပစ်ခတ်မှုများ‌ကြောင့် မြဝတီမြို့‌တောင်ဘက် ‌ကျေးရွာများမှ ‌ဒေသခံပြည်သူ တစ်‌ထောင်‌ကျော်မှာ နယ်ခြား‌သောင်ရင်းမြစ်ကို ဖြတ်‌ကျော်ပြီး ထိုင်းဘက်ကမ်းသို့ ညတွင်းချင်းကူးခဲ့ရပြီး ယ‌နေ့ မွန်းလွဲပိုင်း အချိန်ထိ ထိုင်းဘက်သို့ စစ်‌ဘေး‌ရှောင်လျက်ရှိ‌နေသည်။

လက်ရှိဖြစ်ပွား‌နေ‌သော‌လေး‌ကေ‌ကော် ‌ဒေသ တိုက်ပွဲဂယက်‌ကြောင့် မြဝတီ‌တောင်ဘက်ခြမ်း‌ကျေးရွာများ ဖြစ်‌သောမဲ့‌ထော်သ‌လေး၊ မင်းလက်ပံ၊ ‌လေး‌ကေ‌ကော်၊ ထီးမယ်ဝါးခီ၊ ဖလူးကြီး၊ ဖလူး‌လေး၊ ရ‌သေ့ဂူ အစရှိသည့် ‌ကျေးရွာ ၁ဝ ရွာခန့်မှ ‌ဒေသခံပြည်သူ တစ်‌သောင်း ဝန်းကျင်ခန့်မှာ စစ်‌ဘေးဒုက္ခ ခံစား‌နေပြီး ထိုထဲတွင် ထိုင်းဘက်သို့ သွား‌ရောက် စစ်‌ရှောင်‌နေသူများ ရှိသလို မြန်မာဘက်ခြမ်း နီးစပ်ရာသို့ စစ်‌ဘေး‌ရှောင်‌နေသူများရှိ‌ကြောင်း သိရသည်။

‌နောက်ဆုံးရရှိသည့် သတင်းအရ ယ‌နေ့ မွန်းလွဲ ၃ နာရီခွဲခန့်တွင် စစ်‌ကောင်စီ၏ ဂျက်တိုက်‌လေယာဉ်တစ်စင်း ထပ်မံ လာ‌ရောက်ဗုံးကြဲချသွားသည်ဟု အနီးအနားရှိ ‌နေထိုင်သူများက ‌ကေအိုင်စီသို့ ‌ပြောသည်။

Photo: ကရင်အမျိုးသားမီဒီယာ