ဒီဇင်ဘာလ ၁၆ရက်၊ ၂၀၂၁ခုနှစ်။ ကေအိုင်စီ
ယမန်နေ့ ဒီဇင်ဘာလ ၁၅ရက်နေ့က စတင်ဖြစ်ပွားသည့် လေးကေကော်မြို့သစ် အတွင်း တိုက်ပွဲဂယက်ကြောင့် ယနေ့နံနက်ပိုင်းအထိ လေးကေကော်မြို့သစ်နေ ပြည်သူနှင့် အနီးနားရှိ ကျေးရွာများတွင် အပါအဝင် စစ်ရှောင်ပြည်သူ စုစုပေါင်း ၃၀၀ဝ ကျော်ရှိသွားပြီဟု စစ်ရှောင်ကူညီပေးနေသူများက ကေအိုင်စီသို့ ပြောသည်။
စစ်ရှောင်ကူညီပေးနေသည့် လူငယ်တစ်ဦးက ” လေးကေကော်တိုက်ပွဲကြောင့် လေးကေကော်ဧရိယာမှာတင် ၂၀၀ဝ ဝန်းကျင်လောက်ထိ ဖြစ်လာတယ်။
ထီးမယ်ဝါးခီးကျေးရွာမှာ စာသင်ကျောင်းတစ်ကျောင်း၊ ဘုန်းကြီးကျောင်းတစ်ကျောင်း၊ ဘုရားကျောင်းနှစ်ကျောင်းမှာတော့ ၁၃၀ဝ ဝန်းကျင်လောက်ရှိနေတယ်။ “ဟု ပြောသည်။
ထို့အပြင် လေးကေကော်မြို့သစ်နှင့် မနီးမဝေးရှိ ဖလူးကျေးရွာဘက်တွင်လည်း စစ်ကြောင်းရှိနေသည့်အတွက် လက်ရှိ ဖလူးကျေးရွာစာသင်ကျောင်းတွင် စစ်ရှောင် ဦးရေ ၅၀၀ကျော်ရှိသည်ဟုလည်း ၎င်းက ဆက်ပြောသည်။
အဆိုပါ ထွက်ပြေးတိမ်းရှောင်နေကြသည့် စစ်ရှောင်ပြည်သူများသည် နေရာထိုင်ခင်းအလုံအလောက်မရှိသည့်အတွက် ဖြစ်သလို အိပ်စက်ခဲ့ရပြီး ရာသီဥတုအေးချမ်းသည့်အတွက် မိခင်နှင့် ကလေးငယ်များအတွက် အလွန်ဒုက္ခရောက်သည်ဟုလည်း စစ်ရှောင်ကူညီပေးနေသူများက ပြောသည်။
ယနေ့နံနက်ပိုင်းအချိန်ထိ စစ်ရေးတင်းမာမှုရှိနေဆဲဖြစ်၍ စစ်ရှောင်ဦးရေ ထပ်တိုးလာမည့် အခြေအနေတွင်ရှိသည်ဟုလည်း ပြောဆိုနေကြသည်။




















