Home သတင်း မယ်လဒုက္ခသည်စခန်းတွင် ညမထွက်ရအမိန့် ထုတ်ပြန်

မယ်လဒုက္ခသည်စခန်းတွင် ညမထွက်ရအမိန့် ထုတ်ပြန်

1255

ဒီဇင်ဘာ ၁၅ ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

ထိုင်း-မြန်မာနယ်စပ်ရှိ မယ်လ ဒုက္ခသည်စခန်းတွင် ယမန်‌နေ့ညက ဖြစ်‌ပေါ်ခဲ့သည့် ရုန်းရင်းဆန်ခတ်မှု ဖြစ်စဉ်အပြီး ယ‌နေ့ စခန်း အုပ်ချုပ်‌ရေး‌ကော်မတီမှအ‌ရေး‌ပေါ် အစည်းအ‌ဝေးပြုလုပ်ခဲ့ကာ စခန်းတွင်း ‌နေထိုင်သူများကို ည‌နေ ၆ နာရီ ‌နောက်ပိုင်း အပြင်မထွက်ရန် ထုတ်ပြန်အသိ‌ပေးလိုက်သည်။

ယမန်‌နေ့ ညဖြစ်စဉ်‌ကြောင့် ထိုင်းစစ်တပ်အ‌နေဖြင့် စခန်းတွင်း ဝင်‌ရောက်ကြည့်ရှုမှုများ လုပ်‌ဆောင်သည့်အခါ လုံခြုံ‌ရေးယူသွားမည် ဖြစ်သည့် အတွက် ယ‌နေ့ ဒီဇင်ဘာလ ၁၅ ရက်‌နေ့၊ ည‌နေ ၆ နာရီမှ စတင်၍ စခန်းတွင် ‌နေထိုင်သူများအ‌နေဖြင့် ‌နေအိမ်အပြင်ထွက်ခြင်း မပြုလုပ်ကြရန် စခန်းအုပ်ချုပ်‌ရေး ‌ကော်မတီမှ ယ‌နေ့ ရက်စွဲဖြင့် အသိ‌ပေး ထုတ်ပြန် လိုက်ခြင်းဖြစ်သည်။ သို့‌သော် ည‌နေ ၆နာရီမှ မည်သည့်အချိန်ထိကို ထုတ်ပြန်ညွှန်ကြားချက်တွင် ‌ဖော်ပြထားခြင်းမရှိ‌ပေ။

ထို့အပြင် စခန်းတွင်း ‌နေထိုင်ကြသည့် မိဘ ပြည်သူများအ‌နေဖြင့်လည်း မိမိတို့၏ သားသမီးများကို ပဋိပက္ခ ဖန်းတီးလုပ်‌ဆောင်မှုမှ အများပြည်သူအခွင့်အ‌ရေးထိခိုက်‌စေခြင်းမှ ‌ရှောင်ကြဉ်နိုင်ရန် ဝိုင်းဝန်းထိန်းသိမ်း ကြပ်မတ်‌ပေးရန်လည်း ‌မေတ္တာရပ်ခံထားသည်။

အဆိုပါ အသိ‌ပေး ထုတ်ပြန်ထားသည့်အတိုင်း လိုက်နာ‌ဆောင်ရွက်ခြင်းမျိုးမရှိပါက စခန်းတွင်း ‌နေထိုင်သူများ အ‌နေဖြင့် ထိုင်း ဥပ‌ဒေအရ ထိ‌ရောက်စွာ အ‌ရေးယူ ခံသွားရမည်ဖြစ်‌ကြောင်းလည်း သတိ‌ပေး ‌ပြောဆိုထားသည်။

ယမန်‌နေ့က နှာ‌ခေါင်းစည်း (မာ့ခ်) မတပ်ထားသည့် ဆိုင်ကယ်စီးနင်းလာသူ စခန်းသားနှစ်ဦးအား စခန်းရှိ ထိုင်းအာဏာပိုင် ဖြစ်သူ (ပလပ်) က ဆိုင်ကယ်‌ပေါ်မှဆွဲချပြီး ဆိုင်ကယ် သိမ်းဆည်းမှု ဖြစ်စဉ်ဖြစ်ပွားရာမှ ‌ထောင်နှင့်ချီ သည့် ပြည်သူများ ဆန္ဒပြမှု ဖြစ်‌ပေါ်ခဲ့သည်။

အဆိုပါ ဆန္ဒပြမှုအတွင်း ‌ဒေါသအလွန်ထွက်‌နေသည့် လူအုပ်ကြီး‌ကြောင့် ရုန်းရင်းဆန်ခတ်ဖြစ်စဉ်အပြီး စခန်းတာဝန်ရှိသူ များ၏ စခန်းလုံခြုံ‌ရေး‌နေရာများ၊ ရုံးခန်းအ‌ဆောက်အဦးများ၊ ကား၊ ဆိုင်ကယ်တချို့ ပျက်စီးခဲ့သလို ဆန္ဒပြလူငယ် တချို့လည်း ထိခိုက်မှုရှိခဲ့‌ကြောင်း စခန်းတာဝန်ရှိသူများထံမှ သိရသည်။