ဒီဇင်ဘာ ၁၆ရက်၊ ၂၀၂၁ခုနှစ်။ ကေအိုင်စီ
မယ်လဒုက္ခသည်စခန်းတွင် ဖြစ်ပွားခဲ့သည့် ရုန်းရင်းဆန်ခတ်ဖြစ်စဉ်တွင် ဦးဆောင်ပါဝင်သူများကို ထိုင်းနိုင်ငံ၏ ဥပဒေ အရ အရေးယူသွားမည်ဖြစ်ကြောင်း ယမန်နေ့က ပြုလုပ်သည့် အရေးပေါ် အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့သည်ဟု တာ ဝန်ရှိသူများက ပြောသည်။
စခန်းတွင်းနေထိုင်သူများ၏ ဆန္ဒပြမှုနှင့် ရုန်းရင်းဆန်ခတ်ဖြစ်ပွားမှုတွင် အကြမ်းဖက်ဖျက်ဆီးမှုများ ပါဝင်သည့်အတွက် ဖြစ်စဉ် ဦးဆောင်လှုံ့ဆော်သူကို စစ်ဆေးဖော်ထုတ်ကာ အရေးယူသွားမည်ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့သည်ဟု ၎င်းအစည်း အဝေးတွင် ပါဝင်ခဲ့သည့် ကရင်ဒုက္ခသည်ကော်မတီ-KRC အတွင်းရေးမှူး စောပွယ်စေးက ယခုလို ပြောသည်။
“ဖျက်ဆီးမှုတွေ ဘာတွေအတွက် သူတို့(ထိုင်းနိုင်ငံ)ရဲ့ စည်းမျဉ်းဥပဒေတွေက ရှိတာပေါ့နော်။ ဖြစ်စဉ် အကြောင်းအရာ ကို ရှာဖွေဖော်ထုတ်ပြီး ထိုင်းနိုင်ငံဥပဒေအတိုင်းတော့ လုပ်သွားကြမှာပေါ့။ ဖျက်ဆီးတာတွေ မီးရှို့တာတွေ ဆိုတဲ့အဆင့် အထိက မလုပ်သင့်ဘူးလေနော်။ ဒီလိုဖြစ်လာတော့ ဘယ်လိုအကြောင်းကြောင့် ဖြစ်လာရတာလဲ။ ဘယ်သူတွေပါလဲ အဲ့ဒါတွေကို ဖော်ထုတ်ပြီး သူတို့ အရေးယူ ဆောင်ရွက်သွားမှာပေါ့။”ဟု စောပွယ်စေးက ကေအိုင်စီသို့ ပြောသည်။
ယမန်နေ့ ပြုလုပ်ခဲ့သည့် စခန်းတွင်း တာဝန်ရှိသူများ၊ ထိုင်းအစိုးရအာဏာပိုင် တာဝန်ရှိသူများ ပါဝင်သော အရေးပေါ် အစည်းအဝေး ဆုံးဖြတ်ချက်များအရ စခန်းတွင်း နေထိုင်သူများအနေဖြင့် ညနေ ၆နာရီနောက်ပိုင်း နေအိမ်အပြင်မ ထွက်ရ ဟူသောအမိန့်ကိုပါ ထုတ်ပြန်လိုက်ကြောင်း သိရသည်။
ယင်းထုတ်ပြန်ချက်တွင် စခန်းတွင်း လုံခြုံရေးကို ထိုင်းစစ်တပ်မှ ဝင်ရောက်တာဝန်ယူသွားမည်ဖြစ်သည့်အတွက် လတ် တလောတွင် မယ်လစခန်းထဲတွင် ထိုင်းစစ်တပ်က လုံခြုံရေးတာဝန် ဝင်ယူထားလိုက်ပြီး သတိပေးချက်ကို ဖောက်ဖျက် ပါက ထိုင်းဥပဒေအရ ထိရောက်စွာ အရေးယူခြင်းကို ခံယူရမည်ဖြစ်ကြောင်းလည်း ဆက်လက် ဖော်ပြထားသည်။

သို့သော် ထိုသို့ဖြစ်ပွားခဲ့သည့် ရုန်းရင်းဆန်ခတ်ဖြစ်စဉ်၏ အခြေခံအကြောင်းရင်းနှင့် ဆန္ဒဖော်ထုတ်သူများ၏ လိုလား တောင်းဆိုချက်များကို မည်သို့မည်ပုံ ဖြေရှင်းဆောင်ရွက်ပေးသွားမည်ကိုတော့ မသိရှိရသေးကြောင်း စခန်းတာဝန်ရှိသူ များက ဆိုသည်။
အမည်မဖော်လိုသူ စခန်းတွင်း နေထိုင်သူတစ်ဦးက “ပလာ လုပ်စားတာ တအားလွန်တယ်။ အဲဒါကို မကျေနပ်တာကြာ ပြီ။ သီးခံလာကြတာ။ ဒုက္ခသည်ကို အမြတ်ကြီးစားနေတယ်။ အောဆော်တွေလည်း လာဘ်ထိုးရင်တမျိုး၊ မထိုးရင်တ မျိုး။ ဒုက္ခသည်တွေအပေါ် မတရားမှုကိုပါ ဖော်ထုတ်ပေးပါ အားလုံးသိအောင်။”ဟု ကေအိုင်စီသို့ ပြောသည်။
ဒီဇင်ဘာလ ၁၄ရက်နေ့က နှာခေါင်းစည်း(Mask) မတပ်ထားသည့် ဆိုင်ကယ်စီးနင်းလာသူ စခန်းသားနှစ်ဦးအား စခန်းရှိ ထိုင်းအာဏာပိုင်ဖြစ်သူ(ပလပ်)က ဆိုင်ကယ်ပေါ်မှဆွဲချပြီး ဆိုင်ကယ်သိမ်းဆည်းရာမှ စခန်းတွင်းနေ ပြည်သူများက လူ အင်အား အလုံးအရင်းဖြင့် ဆန္ဒပြခဲ့ကြသည်။
၎င်းဆန္ဒပြမှုနှင့်တဆက်တည်း ရုန်းရင်းဆန်ခတ် ဖြစ်လာကြပြီးနောက် အဆိုပါလူအုပ်ကြီးက မယ်လစခန်းဆိုင်ရာ ထိုင်း တာဝန်ရှိသူများ၏ ရုံးအဆောက်အအုံနှင့် လုံခြုံရေးဂိတ်နေရာများကို ဖျက်ဆီးမီးရှို့ခဲ့သည့်အတွက် ကားနှင့် ဆိုင်ကယ် တချို့ ပျက်စီးခဲ့သလို ဆန္ဒပြလူငယ်တချို့လည်း ထိခိုက်ဒဏ်ရာရမှုရှိခဲ့ကြောင်း စခန်းတာဝန်ရှိသူများထံမှ သိရသည်။
ထိုအခင်းအကျင်း ဖြစ်ပွားခဲ့သလို အချို့ဒုက္ခသည်လူငယ်များကလည်း ၎င်းတို့၏ဆန္ဒကို ဖော်ထုတ်သည့်အနေဖြင့် တန်းတူခွင့်လိုချင်ကြောင်း၊ ဖိနှိပ်မှုကိုမလိုလားကြောင်း၊ အဂတိလိုက်စားသူ ခေါင်းဆောင်များမလိုအပ်ကြောင်း ထိုင်း ဘာသာ၊ အဂင်္လိပ်ဘာသာဖြင့် “We need equal right, We don’t want to be Oppressed, We don’t want corrupted leaders” စသည့်ဆိုင်းပုဒ်များ ကိုင်ဆောင်ကာ ငြိမ်းချမ်းစွာရပ်ပြီး ဆန္ဒထုတ်ဖော်ခဲ့သည့် ရုပ်သံကို လူမှုကွန် ရက်စာမျက်နှာတွင် တင်ထားခဲ့ကြခြင်းလည်း ရှိသည်။



















