Home သတင်း နယ်‌မြေကျွံလာသည့် စစ်‌ကောင်စီတပ်နှင့် KNLA တပ်ရင်း ၁၆ အကြား တိုက်ပွဲဖြစ်

နယ်‌မြေကျွံလာသည့် စစ်‌ကောင်စီတပ်နှင့် KNLA တပ်ရင်း ၁၆ အကြား တိုက်ပွဲဖြစ်

860

ဒီဇင်ဘာ ၁၆ ရက်၊ ၂ဝ၂၁ ခုနှစ်၊ ‌ကေအိုင်စီ

KNU ဒူးပလာယာခရိုင် ဝင်း‌ရေးမြို့နယ် (ကြာအင်းဆိပ်ကြီးမြို့နယ်) ခလယ်တံခွန်တိုင်တိုက်နယ် ပူးလိန်ရွာတွင် ယ‌နေ့ ဒီဇင်ဘာ ၁၆ ရက် ထိန်းချုပ်နယ်‌မြေတွင် စစ်‌ရေးကျူး‌ကျော်ဝင်‌ရောက်လာသည့် စစ်‌ကောင်စီတပ်နှင့် ကရင် အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော် -KNLA တပ်ရင်း ၁၆ အကြား ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့သည်ဟု သိရသည်။

မွန်ပြည်နယ် မုဒုံမြို့နယ်နှင့် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ခလယ်တံခွန်တိုင်တိုက်နယ်သို့ ပြည်နယ်ချင်းဆက်သွယ်ထားသည့် အဘစ်လမ်းမကြီးတွင် စစ်‌ကောင်စီတပ်မှ ယ‌နေ့ ည‌နေ ၂ နာရီအချိန် KNLA တပ်ရင်း ၁၆ ၏ နယ်‌မြေလုံခြုံ‌ရေးဂိတ်‌ရှေ့တွင် ၎င်းတို့မှ ကားဖြင့် ကျူး‌ကျော်ဝင်‌ရောက်လာပြီး ရန်စပစ်ခတ်မှု လုပ်‌ဆောင်လာသည့်အတွက် ပြန်လည်ပစ်ခတ်မှု ဖြစ်ပွားရခြင်းဖြစ်သည်ဟု KNLA လုံခြုံ‌ရေးအဖွဲ့ထံမှ သိရသည်။

KNLA တပ်မဟာ ၆ တပ်ရင်း ၁၆ မှ လုံခြုံ‌ရေးတာဝန်ရှိသူတစ်ဦးက “ ကျ‌နော်တို့ နယ်‌မြေလုံခြုံ‌ရေးဂိတ်‌ရှေ့က‌နေ ကားနဲ့အရှိန်ပြင်းပြင်း ‌မောင်းဖြတ်လာပြီး‌တော့ ပူးလိန်ရွာအထိ ‌မောင်းဆင်းသွားတယ်။ ပြန်လှည့်လာပြီး‌တော့ ဂိတ်‌ရှေ့အ‌ရောက်မှာ ကျ‌နော်တို့လူ‌တွေရှိရာကို ကား‌ပေါ်က‌နေ လှမ်းပစ်သွားတာပါ။ ပွဲမဆူဆူ‌အောင် လာပြီးရန်စတယ်။ အဲ့ဒါ‌ကြောင့် ပစ်ခတ်မှုဖြစ်ရတာပါ” ဟု ‌ကေအိုင်စီ သို့‌ပြောသည်။

နှစ်ဖက်ပစ်ခတ်မှုဖြစ်ပြီး‌နောက် စစ်‌ကောင်စီတပ်ဖက်မှ ထိခိုက်ဒဏ်ရာရမှုရှိပြီး ၎င်းတို့စီးလာသည့် ကားလည်း လမ်းမ‌ဘေးတွင် ချန်ထားကာ ‌တောထဲပုန်း‌ရှောင်‌နေကြသည့်အတွက် အနီးအနားရှိ ‌ဒေသခံများမှ စိုးရိမ်‌ကြောက်လန့်‌နေကြပြီး ရွာသားအများစုမှာလည်း ထွက်‌ပြေးပုန်း‌ရှောင်‌နေကြရသည်ဟု ‌ကျေးရွာတာဝန်ရှိသူများထံမှ သိရသည်။

စစ်‌ကောင်စီတပ်မှ ပြီးခဲ့သည့် ‌အောက်တိုဘာ ၂ဝ ရက်တွင် KNU ဝင်း‌ရေးမြို့နယ် ထိန်းချုပ်နယ်‌မြေရှိ ‌ကျေးရွာများ တွင် ကျူး‌ကျော်ဝင်‌ရောက်လာသည့်အတွက် KNLA တပ်ရင်း ၁၆ နှင့် ပစ်ခတ်မှုဖြစ်ပွားခဲ့‌သေးသည်။
ထို့အပြင် KNLA လွတ်ရှမ်းနယ်‌မြေလုံခြုံ‌ရေး စခန်းတစ်ခုလည်း စစ်‌ကောင်စီတပ်မှ ဝင်‌ရောက်သိမ်းယူ ‌နေထိုင်ပြီး‌နောက် သံဖြုဇရပ်-ဘုရားသုံးဆူ လမ်းမကြီးတစ်‌လျှောက်တွင် ဒီဇင်ဘာလ ၄ ရက်‌နေ့က ကရင်ပြည်နယ် နယ်ခြား‌စောင့်တပ် BGF တို့နှင့်ပူး‌ပေါင်းပြီး လမ်း‌ဘေးဝဲယာများတွင် ဝင်‌ရောက်စခန်းချထားလျက်ရှိသည့်အတွက် ‌ဒေသခံရွာသားများမှ စစ်ပွဲဖြစ်လာမည်ကို စိုးရိမ်‌နေကြ‌ကြောင်း ရွာသားများထံမှ သိရသည်။