Home သတင်း မြန်မာပြည်အ‌ပေါ် ပိုမို အ‌ရေးယူပိတ်ဆို့ရန် ဥ‌ရောပကရင်ကွန်ရက် ‌တောင်းဆို

မြန်မာပြည်အ‌ပေါ် ပိုမို အ‌ရေးယူပိတ်ဆို့ရန် ဥ‌ရောပကရင်ကွန်ရက် ‌တောင်းဆို

1706

ဒီဇင်ဘာ ၁၆ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

ဥ‌ရောပသမဂ္ဂ(EU)အ‌နေဖြင့် မြန်မာစစ်တပ်အ‌ပေါ် ပစ်မှတ်ထားသည့် စီးပွား‌ရေးအရ လုံ‌လောက်သည့် အ‌ရေးယူပိတ်ဆို့ မှုအသစ်များကို ချမှတ်ရန် ဥ‌ရောပကရင်ကွန်ရက်(European Karen Network)က ယ‌နေ့ ‌တောင်းဆိုလိုက်သည်။

စစ်အာဏာသိမ်းပြီး‌နောက်ပိုင်း မြန်မာစစ်တပ်၏ လူ့အခွင့်အ‌ရေးချိုး‌ဖောက်မှု ပိုမိုဆိုးရွာလာပြီး သိန်းနှင့်ချီသည့် တိုင်း ရင်းသားလူမျိုးများ ထွက်‌ပြေးတိမ်း‌ရှောင်‌နေရသည့်အ‌ပေါ် စစ်တပ်၏ လုပ်ရပ်များကို ရပ်တန့်နိုင်မည့် စီးပွား‌ရေးအရ အ‌ရေးယူ ပိတ်ဆို့မှုအသစ်များကို ချမှတ်နိုင်ရန် ဒီဇင်ဘာလ ၁၆ရက် ‌နေ့စွဲဖြင့် ယခုလို ထုတ်ပြန် ‌တောင်းဆိုခြင်းဖြစ် သည်။

EKN ၏ တွဲဖက်ဥက္ကဌ နန့်ဟဲလန်ဘထူးက “EU အ‌နေနဲ့ စစ်တပ်ထဲကို စီးဝင်‌နေတဲ့ ‌ငွေ‌ကြေး‌တွေကို ဖြတ်‌တောက်နိုင် တဲ့ နည်းလမ်း‌တွေ များစွာရှိပါတယ်။ ဒါ‌ပေမဲ့ ရာနဲ့ချီပြီး လူ‌တွေ ‌သေဆုံး‌နေရချိန် ‌ထောင်နဲ့ချီပြီး လူ‌တွေ အဖမ်းခံ‌နေရတဲ့ အချိန်ထိ EU အ‌နေနဲ့ မြန်မာပြည်မှာ ဒီမိုက‌ရေစီနဲ့ လူ့အခွင့်အ‌ရေးမြှင့်တင်ဖို့အတွက် သူတို့ရဲ့ စီးပွား‌ရေးဩဇာကို အသုံး ပြုဖို့ ပျက်ကွက်‌နေကြတယ်။ ကျမတို့ ကရင်ပြည်သူ‌တွေ၊ တခြားလူထု‌တွေအ‌နေနဲ့ စစ်တပ်ရဲ့အုပ်ချုပ်မှုကို တွန်းလှန်ဖို့ ရနိုင်တဲ့နည်းလမ်းနဲ့လုပ်‌နေကြ‌ပေမဲ့ EU အ‌နေနဲ့ အလားတူ ဒီလိုလုပ်‌နေပါတယ်လို့‌တော့ ‌ပြောလို့မရဘူး။”ဟု ‌ပြော သည်။

EU အ‌နေဖြင့် စီးပွား‌ရေးအရ အ‌ရေးယူ ပိတ်ဆို့မှု ပြုလုပ်ရာတွင် ဂက်စ်(Gas)အခွန်‌ကောက်များ၊ အကြီးစား သတ္တုတူး ‌ဖော်‌ရေး စက်မှုလုပ်ငန်းများ၊ စစ်တပ်အတွက် လက်နက်ဝယ်ယူထုတ်လုပ်မှုကို တာဝန်ယူ‌ပေး‌သော စီးပွား‌ရေးလုပ်ငန်း များ၊ တစ်သီးပုဂ္ဂလများ၊ မြန်မာနိုင်ငံခြား ကုန်သွယ်‌ရေးဘဏ်ကဲ့သို့‌သော စစ်တပ်အတွက် ဝင်‌ငွေရှာ‌ပေး‌နေသည့် ဘဏ် လုပ်ငန်းများကိုပါ အ‌ရေးယူပိတ်ဆို့မှု ပြုလုပ်သွားရန် ဥ‌ရောပကရင်ကွန်ရက်က အဓိက ‌တောင်းဆိုထားသည်။

ထို့အပြင် EU အ‌နေဖြင့် မြန်မာပြည်အ‌ပေါ် ‌လေယာဉ်‌လောင်စာဆီ ‌ထောက်ပံ့‌ပေးမှုမှ အကာအကွယ်‌ပေးနိုင်ရန် ဥ‌ရောပ ကုမ္ပဏီများကို အ‌ရေးယူပိတ်ဆို့သင့်သလို မြန်မာစစ်တပ်အ‌ပေါ် ‌လောင်စာဆီ‌ထောက်ပံ့‌ပေး‌နေသည့် မြန်မာကုမ္ပဏီ များကိုပါ အ‌ရေးယူပိတ်ဆို့မှုများ ချမှတ်သွားရန်လည်းပဲ ဆက်လက် တိုက်တွန်း‌တောင်းဆိုထားသည်။

EKN ဥက္ကဌ နန်းကြည်‌အေးကလည်း “မြန်မာစစ်တပ်ရဲ့ ‌လေ‌ကြောင်းလုပ်‌ဆောင်နိုင်စွမ်းကို ‌လျှော့ချနိုင်ခြင်းဖြင့် ကျမတို့ ရဲ့ ပြည်သူ‌တွေအ‌ပေါ် ‌နောက်ထပ် ‌လေ‌ကြောင်းတိုက်ခိုက်မှုက‌နေ ယာယီအကာအကွယ်‌ပေးနိုင်ဖို့ EU အ‌နေနဲ့ ကူညီ လုပ်‌ဆောင်‌ပေးနိုင်တဲ့ အရာဖြစ်သလို လူ့အခွင့်အ‌ရေး ချိုး‌ဖောက်မှုကို ကူညီ‌လျှော့ချ‌ပေးနိုင်ပြီး‌တော့ ‌မြေပြင်က လူသား ချင်းစာနာမှု အ‌ခြေအ‌နေကိုလည်း ကူညီ‌ပြောကြားနိုင်ပါတယ်။”ဟု ထုတ်ပြန်ချက်တွင် ‌ပြောဆိုထားသည်။

စစ်တပ်အာဏာသိမ်းပြီးချိန်မှစ၍ တိုင်းရင်းသားနယ်‌မြေ‌ဒေသသို့ လူထုသိန်းနှင့်ချီ၍ ထွက်‌ပြေးခိုလှုံလာခဲ့ကြသလို တိုင်းရင်းသားလူမျိုးများအ‌နေဖြင့်လည်း ပိုမိုဆိုးရွားသည့် လူ့အခွင့်အ‌ရေး ချိုး‌ဖောက်မှုများကို ကျူးလွန်ခံ‌နေကြရသည်။ ဧပြီလကတည်းက ‌သောင်းနှင့်ချီသည့် ကရင်ပြည်သူများ ‌တောထဲတွင် ဆက်လက် ထွက်‌ပြေးတိမ်း‌ရှောင်ခဲ့ကြရ‌သော် လည်း စစ်တပ်၏ တင်းကြပ်သည့်ထိန်းချုပ်မှု‌အောက်တွင် လူသားချင်းစာနာမှု အကူအညီများအနည်းငယ်သာ ရရှိကြ ‌ကြောင်း EKN သတင်းထုတ်ပြန်ချက်၌ ထည့်သွင်း‌ပြောဆိုထားသည်။

ယခင် ထွက်‌ပြေးတိမ်း‌ရှောင်‌နေရသည့် စစ်‌ဘေး‌ရှောင်များမှာလည်း ယခုနှစ်အတွက် ၎င်းတို့၏သီးနှံများကို မရိတ်သိမ်း နိုင်ကြဘဲ အကူအညီ‌ပေးမှုကိုသာ မှီခို‌နေကြသည်။ ထို့အပြင် မြန်မာစစ်တပ်အ‌နေဖြင့်လည်း လူသားချင်း စာနာ‌ထောက် ထားမှု အကူအညီများအ‌ပေါ် တင်းကြပ်ထားသဖြင့် နိုင်ငံတကာအလှူရှင်များမှာ စားနပ်ရိက္ခာ၊ အမိုးအကာ၊ ‌ဆေးဝါးနှင့် က‌လေးသူငယ်များအတွက် ပညာ‌ရေးဆိုင်ရာ ကူညီ‌ထောက်ပံ့မှုများကို လုံ‌လောက်စွာ မ‌ထောက်ပံ့‌ပေးနိုင်ကြဟု ‌ဖော်ပြ ပါရှိသည်။

ဥ‌ရောပကရင်ကွန်ရက်က သန်းနှင့်ချီသည့် ပြည်သူများအ‌နေဖြင့် နယ်စပ်ဖြတ်‌ကျော်သည့် ယန္တရားလုပ်ငန်းစဉ်မှတဆင့် အကူအညီနှင့် ကိုဗစ်ကာကွယ်‌ဆေးများ ရရှိနိုင်‌သော်လည်း နည်းလမ်းကန့်သတ်မှု‌ကြောင့် အနည်းငယ်သာ ရရှိခဲ့ ‌ကြောင်းလည်း ဆိုထားသည်။

လက်ရှိ မြန်မာနိုင်ငံတွင် အာဏာသိမ်းအကြမ်းဖက် စစ်‌ကောင်စီအ‌ပေါ် လက်နက်ကိုင် ခုခံ‌တော်လှန်မှုများ နိုင်ငံတစ် ဝှမ်းဖြစ်ပွား‌နေပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ထိန်းချုပ်ရာနယ်‌မြေ အ‌တော်များများတွင် ထိ‌တွေ့ တိုက်ပွဲများ ဆက်လက် ပြင်းထန်‌နေသလို သိန်းနှင့်ချီသည့် ပြည်သူလူထုမှာ ‌ဘေးလွတ်ရာသို့ ထွက်‌ပြေးတိမ်း‌ရှောင်‌နေ ကြရဆဲဖြစ်သည်။